(စ)-ဖားကန့် မြို့နယ်၊ ဒွန်ဘန်ကျေးရွာ အခြေစိုက် တပ်မတော်တပ်ရင်းက ဆန်၊ စက်သုံးဆီ အမျိုးမျိုး တို့ကို ပိတ်ပင်တားဆီး နေမှုများအား ဖယ်ရှားပေး ရန်နှင့်လွတ်လပ်စွာသယ်ယူခွင့်ပြုနိုင်ပါရန်မေတ္တာ ရပ်ခံ တင်ပြစာနှင့် ပတ်သက်၍ သိလိုခြင်း နှင့်စပ် လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၂၇.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

lin lin ooမြစ်ကြီးနား-နမ္မတီး-တနိုင်း-နန်းယွန်း-ပန်ဆောင်လမ်း(ဒေသအခေါ် လီဒို လမ်း)ပေါ်ရှိ ဖားကန့်မြို့နယ်၊ ဒွန်ဘန်ကျေးရွာအခြေစိုက် တပ်မတော်တပ်ရင်းက ဆန်၊ စက်သုံးဆီအမျိုးမျိုး တို့ကို သယ်ယူ ပို့ဆောင်ခြင်းအပေါ် ၂၀၁၆ ခုနှစ် ဧပြီလခန့်ကစတင်၍ တနိုင်းနယ်နှင့် နန်းယွန်းဘက်ကို သယ်သူ ပို့ဆောင် လျက်ရှိသော ဆန်များကို တပ်မတော်ပိုင်းက စိစစ်လာပြီး နိုဝင်ဘာလသို့ရောက်လာသောအခါ ဖားကန့်မြို့ နယ်ရှိ တပ်မတော်တပ်ရင်း၊ ခလရ(၂၉၈) အနေဖြင့် လုံးဝကန့်သတ်ပိတ်ပင် တားဆီးခဲ့ပါ ကြောင်းနှင့် ခွင့်ပြု ချက်ဖြင့်သာ သယ်ယူပို့ဆောင်ခွင်း ပြုခဲ့ပါကြောင်း၊ ထိုသို့ ပိတ်ပင်လာမှုသည် ကာလအားဖြင့် ခုနစ်လကျော်ခန့်ရှိပြီဖြစ်သောကြောင့် လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးမှုအားနည်းသည့် တနိုင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတွင်နေသော နန်းယွန်းမြို့နယ်က ပြည်သူများအနေဖြင့် အခက်အခဲကြုံတွေ့နေရပါကြောင်း၊ ထို့ပြင် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရ၏ ရန်ပုံငွေများဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများသည်လည်း အဆင်ပြေမှုမရှိသည်ကို တွေ့ရှိရပါကြောင်း၊  မိမိအနေဖြင့် ပြည်နယ်ဝန်ကြီးချုပ်၊ ဝန်ကြီးများကို  ကိုယ်စားလှယ်တစ်ယောက်အနေဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ရာတွင်လည်း အဆိုပါကိစ္စရပ်နှင့် စပ်လျဉ်း၍ ပြည်နယ်အုပ်ချုပ်ရေးကို ဆောင်ရွက်နေသော ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်၊ သဘောတူညီချက်များ မရှိပါဟု ဖြေကြားခဲ့ပါကြောင်း၊ တနိုင်းမြို့နယ်၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ကချင်ပြည်နယ်လွှတ်တော်တွင် တနိုင်းမြို့နယ်သို့ စက်သုံးဆီကုန်တင်ကားများ၊ ဆန်ကုန် တင်ကားများ လွတ်လပ်စွာသယ်ယူရောင်းချ ခွင့်ပြုပါရန် အရေးကြီးအဆိုတင်သွင်းခွင့်ပြုခဲ့ပြီး အဆိုကို ကချင်ပြည်နယ်လွှတ်တော်က အတည်ပြု ပေးခဲ့ပါကြောင်း၊ ထိုသို့ အတည်ပြုခဲ့သော်လည်း ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်မဟုတ်သည့်အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယင်းအဆိုအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်မှု မရှိပါကြောင်း၊

ထို့ကြောင့် မြစ်ကြီးနား-နမ္မတီး-တနိုင်း-နန်းယွန်း-ပန်ဆောင်လမ်း(ဒေသအခေါ် လီဒိုလမ်း)ပေါ်ရှိ ဖားကန့် မြို့နယ်၊ ဒွန်ဘန်ကျေးရွာအခြေစိုက် တပ်မတော် တပ်ရင်းက ဆန်၊ စက်သုံးဆီအမျိုးမျိုးတို့ကို ပိတ်ပင် တားဆီးနေမှုများအား အမြန်ဆုံးဖယ်ရှားပေးနိုင်ပါရန်နှင့် ဆန်၊ စက်သုံးဆီအမျိုးမျိုးတို့ကို လွတ်လပ်စွာ သယ်ယူခွင့်ပြုနိုင်ပါရန်နှင့် ဆန်၊ စက်သုံးဆီအမျိုးမျိုးတို့ကို လွတ်လပ်စွာ သယ်ယူ ခွင့်ပြုနိုင်ပါရန် မေတ္တာရပ်ခံတင်ပြစာနှင့် ပတ်သက်၍ မည်ကဲ့သို့ သဘောထားရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

gen myint nweတနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့ ရက်စွဲပါစာအမှတ်၊ ၃/၂-၆-/ဦး(၁)ဖြင့် မြစ်ကြီးနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တွက်ချက်တင်ပြချက်အရ တနိုင်း မြို့နယ်၊ နန်းယွန်းမြို့နယ်နှင့် ရှင်ဗွေယန်မြို့နယ်ခွဲတို့တွင်ရှိသော ဒေသခံလူဦးရေ ၆၂၇၇၅ ဦးအတွက် တစ်လလျှင် ဆန်လိုအပ်ချက်သည် ၂၉၄၂၆ အိတ်နှင့် စက်သုံးဆီလိုအပ်ချက် ၇၂၇၁ ပီပါကို လိုအပ်ကြောင်း တွေ့ရှိရသည့်အတွက် ဆန်နှင့် စက်သုံးဆီဝင်ရောက်မှုအခြေအနေများအား စိစစ်ကြပ်မတ်ခဲ့ရာ ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ဆန် ၄၈၈၈ အိတ်နှင့် စက်သုံးဆီ ၈၆၉၀ ပီပါအား လည်းကောင်း၊ ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ စက်သုံးဆီ ၅၈၈၂ ပီပါအားလည်းကောင်း၊ ဒေသလိုအပ်ချက်ထက်ပိုမိုတင်သွင်းခဲ့သည်ကို  စိစစ်တွေ့ရှိရပါကြောင်း၊

တနိုင်းမြို့နယ်၊ နန်းယွန်းမြို့နယ်နှင့် ရှင်ဗွေယန်မြို့နယ်ခွဲတို့တွင် တရားဝင် လုပ်ပိုင်ခွင့်ရ ရွှေသတ္တု တူးဖော်ရန် သတ်မှတ်ပေးထားသော လုပ်ကွက်နေရာများသည် အစိုးရ၏ထိန်းချုပ်ကွပ်ကဲမှု အားနည်းသော KIO/KIA (ကချင်)အဖွဲ့၏ ထိန်းချုပ်မှုနေရာများတွင်သာ တည်ရှိပြီး ရွှေ့ပြောင်း အလုပ်သမားအများအပြား ဝင်ရောက်လုပ်ကိုင်လျက်ရှိခြင်း၊ တရားမဝင်စက်ယန္တရားကြီးများ၊ အခိုင်အမာဆောက်လုပ်ထားသော ခွင့်ပြုချက်မရှိသည့် ရွှေဖောင်များဖြင့် ရွှေ/ပယင်းတူးဖော်ခြင်းကို ဆောင်ရွက်လျက်ရှိခြင်း၊ နိုင်ငံခြားသားများ တရားမဝင် ဝင်ရောက်နေထိုင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိခြင်းတို့ကြောင့် အထက်ပါပိုမိုတင်သွင်းခဲ့သော ဆန်နှင့် စက်သုံးဆီများမှာ KIO/KIA(ကချင်)အဖွဲ့၏ ထိန်းချုပ်မှုရှိသည့်နေရာများသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက် မှ သြဂုတ်လ ၁၆ ရက်နေ့အထိ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဌာနဆိုင်ရာများ ပူးပေါင်း အဖွဲ့ဟာ တပ်မတော်စစ်ကြောင်းများမှ လုံခြုံရေး လိုက်ပါလျက် မြေပြင်ကွင်းဆင်းဖမ်းဆီးမှုများ ဆောင်ရွက်ခဲ့ရာတွင် တရားမဝင်နိုင်ငံခြားသား ၁၆ ဦး၊ ဘတ်ဟိုးယာဉ် ၁၇ စီး၊ သယ်ပို့ယာဉ်(Transporter) သုံးစီး၊ ၁၀ ဘီးယာဉ် ခြောက်စီးနှင့် ရွှေဖောင် ၁၃ခုတို့အား သိမ်းဆည်းရမိခဲ့ပါကြောင်း၊

အဆိုပါဖမ်းဆီးရမိနိုင်ငံခြားသားများကို စစ်ဆေးခဲ့ရာမှာ KIO/KIA(ကချင်)အဖွဲ့အနေဖြင့် ၎င်းရွှေ/ပယင်း မှော်များအတွင်းသို့ ဝင်ရောက်လာသော ဆန်တစ်အိတ်လျှင် ၄၀၀၀ ကျပ်ဖြင့် လစဉ် ကျပ်သိန်း ၂၄၀ ခန့်၊ စက်သုံးဆီ တစ်ပီပါလျှင် ၅၀၀၀ ကျပ်ဖြင့် လစဉ် ကျပ်သိန်း ၄၀၀ ခန့်၊ အလုပ်သမား တစ်ဦးလျှင် လစဉ်မှော်အတွင်းဝင်ကြေး ၃၀၀၀၀ ကျပ်ဖြင့် ပယင်းလုပ်ကွက်တစ်ခုလျှင် လစဉ်ကျပ် ရှစ်သိန်းခန့်၊ ရွှေဖောင်တစ်ခုလျှင် လစဉ် ကျပ်သိန်း ၅၀ ခန့် ယန္တရားကြီး တစ်စီးလျှင် ကျပ်သိန်း ၂၀ ခန့်နှင့် စတိုးဆိုင်/ ဈေးဆိုင်/စားသောက်ဆိုင်များမှ လစဉ်ကျပ်သိန်း ၁၈၀ ခန့်တို့ကို ဆက်ကြေးအဖြစ် ကောက်ခံခဲ့သည့် အတွက် KIO/KIA(ကချင်)အဖွဲ့သည် တစ်နှစ်လျှင်ဆက်ကြေးငွေ ကျပ်သိန်းပေါင်း ၂၀၀၀၀ ခန့်ရရှိလျက် ရှိသည်ကို စိစစ်တွေ့ရှိခဲ့ရပါကြောင်း၊ အဆိုပါတရားမဝင် ရွှေနှင့် ပယင်းတူးဖော် လုပ်ကိုင်ဆောင်ရွက်ခြင်း အားဖြင့် ကချင်ပြည်နယ်၊ တနိုင်းဒေသ၏ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ပါကြောင်း၊

တရားမဝင် ရွှေနှင့် ပယင်းတူးဖော်မှုများကြောင့် တနိုင်းဒေသ(ဟူးကောင်း ချိုင့်ဝှမ်း)၏ သဘာဝ ပတ်ဝန်းကျင်ဂေဟစနစ်များ ယိုယွင်းပျက်စီးနေမှုများကို ဆက်လက်တင်ပြသွားမည်ဖြစ်ပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၀၄ ခုနှစ်တွင် တနိုင်းမြို့နယ် အတွင်းရှိ ဧရိယာ ၂၄၆၀ စတုရန်းမိုင်ကို ဟူးကောင်းချိုင့်ဝှမ်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် စတင်သတ်မှတ်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် အဆိုပါဘေးမဲ့တောကို ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်း စောင့်ရှောက်ရေးအမွေအနှစ်အဖြစ် သတ်မှတ်ရန် အမည်စာရင်းတင်သွင်းမှုကို ယူနက်စကိုက ခွင့်ပြုခဲ့ပါကြောင်း၊ ထို့နောက် သတ်မှတ်စံနှုန်းများနှင့်ကိုက်ညီမှုရှိ/မရှိကို ယူနက်စကိုက အကဲဖြတ်နိုင်ရန် အတွက် ပညာရှင်များ ကွင်းဆင်းလေ့လာကာ ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ ယူနက်စကို အသိအမှတ်ပြုရန် ကြိုးပမ်းဆောင်ရွက်နေသည့် တနိုင်း (ဟူးကောင်းချိုင်ဝှမ်း)  ဒေသနယ်မြေ အတွင်း၌ တရားမဝင် ရွှေနှင့်ပယင်းများ တူးဖော်ခြင်းကို စက်ယန္တရားများ အသုံးပြုနေခြင်း၊ တရားမဝင် နိုင်ငံခြားသားများ ဝင်ရောက်လုပ်ကိုင်နေခြင်း၊ နိုင်ငံအတွင်းမှ ရွှေ့ပြောင်းလုပ်သားများ ဝင်ရောက်လုပ်ကိုင် နေခြင်းများကြောင့် ၎င်းဒေသရ၏ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များသည် များစွာချို့ယွင်းပျက်စီး နေပြီဖြစ်ပါကြောင်း၊ ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေးနယ်မြေဖြစ်သော တနိုင်း(ဟူးကောင်းချိုင့်ဝှမ်း) ဒေသ သဘာဝဘေးမဲ့တောအတွင်းရှိ ရှားပါးတိရစ္ဆာန်များဖြစ်သော ကျား၊ ဆင်နှင့် မျောက်လွှဲကျော် အပါ အဝင် အခြားတိရစ္ဆာန်များသည် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနှင့် လူတို့၏အန္တရာယ်ကြောင့် မျိုးသုဉ်း ပျောက်ကွယ်မည့် အခြေအနေတွင် ရောက်ရှိနေပြီ်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို မြတ်နိုးသူနှင့် တိရစ္ဆာန်ချစ်မြတ်နိုးသူ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် တနိုင်း(ဟူးကောင်းချိုင့်ဝှမ်း)ဒေသ၏ သဘာဝ ပတ်ဝန်း ကျင်နှင့် ဂေဟစနစ်များ မပျက်စီးစေရန်နှင့် ထိန်းသိမ်းစောင့်ရှောက်ရေးတို့တွင် တပ်မတော်နှင့် အတူတကွ လက်တွဲကာ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း၊

အထက်မှာတင်ပြခဲ့သည့် အခြေအနေများသည် နိုင်ငံတော်၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်မှုထက် KIO/KIA (ကချင်)အဖွဲ့အတွက် ဆက်ကြေးငွေ အမြောက်အများ ရရှိစေခဲ့ခြင်း တို့ကြောင့် ကချင်ပြည်နယ် အစိုးရ အဖွဲ့သို့ အသိပေးအကြောင်းကြားကာ တနိုင်းမြို့နယ်၊ နန်းယွန်း မြို့နယ်နှင့် ရှင်‌ဗွေယန်မြို့နယ်ခွဲများသို့ ဒေသလိုအပ်ချက်ထက် ပိုမိုတင်သွင်းလျက်ရှိသော ဆန်နှင့်‌ စက်သုံးဆီများကို ဒွန်ဘန်ကျေးရွာမှ တစ်ဆင့် စိစစ်တားဆီးထိန်းချုပ်မှုကို ဆောင်ရွက်နေခြင်းဖြစ်သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ တနိုင်း မြို့နယ်၊ နန်းယွန်းမြို့နယ်နှင့် ရှင်ဗွေယန်မြို့နယ်ခွဲများသို့ ဝင်ရောက်မည့်ကုန်ပစ္စည်းများအား ကန့်သတ် ပိတ်ပင်တားဆီးမှု မရှိပါကြောင်း၊ ဆန်နှင့် စက်သုံးဆီများကိုလည်း တနိုင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ တွက်ချက်တင်ပြချက်နှင့်အညီ တင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ဒေသခံပြည်သူလူထု လိုအပ်ချက်ထက်  ပိုမိုတင်သွင်းလာသည့် ဆန်နှင့်စက်သုံးဆီများကိုလည်း တရားမဝင် ဝင်ရောက် လုပ်ကိုင်သူများထံ နည်းမျိုးစုံဖြင့် ရောက်ရှိမှုမရှိစေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ သို့ အသိပေး အကြောင်းကြားကာ နယ်မြေလုံခြုံရေးအရ စိစစ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊  တနိုင်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ တွက်ချက်တင်ပြမှုနှင့်အညီ တင်သွင်းလျက်ရှိခြင်းတို့ကြောင့် ကုန်ပစ္စည်းရှားပါးခြင်း၊ ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်မားလာခြင်း၊ ပြည်သူတို့၏ စားဝတ် နေရေးကြပ်တည်းမှုများ ဖြစ်ပေါ်လာနိုင်ခြင်း စသည့်ကိစ္စရပ်များ ပေါ်ပေါက်လာနိုင်မှုမရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးလင်းလင်းဦး(တနိုင်း)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ဒုတိယဝန်ကြီး၏ ဖြေကြားချက်အရ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးရေးဦးစီးဌာန၏ စနစ်ဖြင့် တွက်ချက်မှုဖြင့် ခွဲတမ်းစနစ်ကဲ့သို့ တင်ပို့နေသည်ကို သိရှိရပါကြောင်း၊ သို့သော် ၅ လပိုင်းအတွက် တင်သွင်းလာမည့် ပစ္စည်းများအား ယခုအချိန်ထိ တနိုင်းမြို့နယ်သို့ ရရှိခြင်းမရှိသည့်အတွက် အခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ ထို့ပြင် KIO/KIA နယ်မြေရှိ ယင်းမှော်၊ ရွှေမှော်များသည် လီဒိုလမ်းမကြီးပေါ်တွင် မရှိဘဲ ဒေသအခေါ် လီဒိုလမ်းမကြီး၏ မိုင် ၃၀ တွင် တည်ရှိပါကြောင်းနှင့် အဆိုပါဘက်ကို သွားသည်လမ်းတွင်လည်း တပ်မတော်၏ တပ်စခန်းရှိပါသောကြောင့် လီဒို လမ်းမကြီးနှင့် ပိတ်ရန် မလိုအပ်ပါကြောင်း၊  ထို့ကြောင် ထိုကဲ့သို့ ကန့်သတ်ထားပိတ်ပင်နေမှုများအပေါ် ထပ်မံ၍ သုံးသပ်ဆောင်ရွက်ပေးစေလိုပါကြောင်း မေးမြန်းပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်

မိမိတို့အနေဖြင့် သက်ဆိုင်ရာတိုင်းမှူး၏ စိစစ်ကြပ်မတ်မှုအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စိစစ်ပြီး ပြန်လည်ဖြေကြားခြင်းဖြစ်ပါကြောင်း၊  သက်ဆိုင်ရာ ဒေသအာဏာပိုင်များဖြင့် ဆောင်ရွက်လျက် ရှိသည့်အတွက် တပ်မတော်အနေဖြင့် ကုန်စည်စီးဆင်းမှုကို တားဆီးပိတ်ပင်ခြင်းမရှိပါကြောင်း၊ မိမိတို့ ဆောင်ရွက်နေသည်များနှင့် ပတ်သက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့လည်း အမြဲမပြတ်ထိတွေ့ ဆက်ဆံမှုတွေရှိပါကြောင်း၊ ယင်းဒေသတွင် တနိုင်းဒေသက ရွှေ၊ ပယင်းမှော်ဒေသမှလုပ်ကွက်တွင် တရားမဝင်ဆောင်ရွက်မှုမရှိစေရန်အတွက် ပုဒ်မ ၁၄၁ ထုတ်ပြန်နိုင်ရေး တို့ကိုလည်း ၁၉ ရက် ၅ လရက်နေ့၌ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခန့်အောင်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညီညီဆွေတို့သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး ဝန်ကြီးရုံးဧည့်ခန်းတွင် တွေ့ဆုံဆွေးနွေးပြီး နယ်မြေထိန်းသိမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ တပ်မတော်အနေဖြင့် ဒေသအာဏာပိုင်များ စိုးမိုးထိန်းချုပ်မှုမရှိသည့်နေရာများတွင် ဝင်ရောက် ဆောင်ရွက်ခွင့်ရှိပါကြောင်းနှင့် ထိုသို့ဆောင်ရွက်ရာတွင်လည်း ဒေသအစိုးရအဖွဲ့များ၏ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ လိုအပ်ချက်များအပေါ် ဆက်စပ်ပြီးမှသာ ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ အစိုးရ၏ ကွပ်ကဲထိန်းချုပ်မှုအားနည်းသော၊ ထိရောက်စွာကြပ်မတ်‌စစ်ဆေးနိုင်မှုမရှိသည့် KIO/KIA(ကချင်) သောင်းကျန်းသူများအနေဖြင့် မတရားစီးပွားရှာခြင်း၊ တစ်ဖက်သောင်းကျန်းသူအဖွဲ့များကို ပံ့ပိုးခြင်းများ မဖြစ်စေရန်နှင့် ဒေသအတွက် စားနပ်ရိက္ခာဖူလုံမှုရှိရန် ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊  အစိုးရအဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်ခြင်းရှိ/မရှိနှင် စပ်လျဉ်း၍ ထပ်မံ ဖြည့်စွက်ဖြေကြားရမည်ဆိုပါက ၅-၆-၂၀၀၇ ရက်နေ့တွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် တိုင်းမှူး၊ ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီးသူရမျိုးတင့် တနိုင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းတို့လိုက်လံစစ်ဆေးပြီး နယ်မြေအခြေအနေကို စစ်ဆေးကြည့်ရှုခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် ဒေသဆန်ဖူလုံရေးအတွက်ကို အမြဲဦးစားပေး ကူညီ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။