မေးခွန်း အကြောင်းအရာ
မြန်မာနိုင်ငံ၏ ရှေးဟောင်းမြို့ကြီး၊ ရွာကြီးများနှင့် သာသနာ့နယ်မြေ၊ ဘုန်းကြီးကျောင်းများတွင် လက်ရှိ ပြဋ္ဌာန်းထားသော ရှေးဟောင်းဝတ္တုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေအရ နှစ် ၁၀၀ သက်တမ်းရှိ ရှေးဟောင်းဆင်းတုတော်ဟု သတ်မှတ်ထားသည့် ဆင်းတုများရှိနေကြပါကြောင်း၊ နိုင်ငံခြားတိုင်းပြည်များက ယခုလိုရှေးဟောင်း ဆင်းတုတော်များကို ဈေးကောင်းကောင်းနှင့် ဝယ်ယူခဲ့ကြရသည့် အတွက်ကြောင့် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လွန်ခဲ့သည့် နှစ် ၃၀ ခန့်ကစပြီး ဘုရားခိုးဂိုဏ်းများက ဘုရားဆင်းတုတော်များကို ခိုးယူပြီး နယ်စပ်မှတစ်ဆင့် နိုင်ငံခြားတိုင်းပြည်များသို့ ရောင်းချခဲ့ကြခြင်းကြောင့် ခိုးစရာရှေးဟောင်းဘုရားများ မကျန်အောင်ဖြစ်နေပါကြောင်း၊ ခိုးယူခံထားရသည့် ဘုရားဆင်းတုတော်များကို နိုင်ငံတကာရှိ ပြတိုက်များအနေဖြင့် တရားမဝင်နည်းလမ်းနှင့် ရယူခဲ့သည့် ရှေးဟောင်းဆင်းတုတော်များကို ပြသခြင်းမပြုရန် နိုင်ငံတကာဥပဒေများအရ ခွင့်ပြုမထားပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံက ပြည်ပကိုရောက်ရှိသွားသော ရှေးဟောင်းဘုရားဆင်းတုတော်များသည် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ချမ်းသာကြွယ်ဝချမ်းသာသည့် သူဌေးများ၏ နေအိမ်များတွင် အလှဆင်ပစ္စည်းများအဖြစ် လှေခါးထိပ်များ၊ ခန်းမများ၊ နံရံများတွင် အသုံးချခံနေရခြင်းကို နိုင်ငံတကာရုပ်ရှင်နှင့် ဗီဒီယိုများတွင် တွေ့မြင်နိုင်ပါကြောင်း၊ မိမိတို့ မြန်မာလူမျိုးအများစု ကိုးကွယ်နေသော ဗုဒ္ဓဘာသာ၏ ဂုဏ်သိက္ခာကို များစွာကျဆင်းစေပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် မြေတူးမြို့ဟောင်းက ရှေးဟောင်းဘုရားဆင်းတုတော်များ အခိုးခံခဲ့ရပါကြောင်း ၂၂-၁-၂၀၁၇ ရက်နေ့ထုတ် The Voice သတင်းဂျာနယ်တွင် ဖော်ပြပါရှိခဲ့ပါကြောင်း၊ သို့သော်လည်း ရှေးဟောင်းဘုရား ဆင်းတုတော်များကို ကြည်ညိုစိတ်ဖြင့် ဝယ်ယူစုဆောင်းထားသည့် မြန်မာနိုင်ငံတွင် ရေသန့်စက်ရုံ တည်ထောင်ထားသည့် ဂျပန်လူမျိုး မစ္စတာကူမာလိုသည် ဝယ်ယူစုဆောင်းထားသည့် ရှေးဟောင်းဘုရား ဆင်းတုတော် ၃၀၁ ဆူကို မှော်ဘီမြို့နယ်၊ ရေပြာကျေးရွာ အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာဆရာတော်ထံ ၂၀၁၂ ခုနှစ်က လှူဒါန်းခဲ့ကြောင်း အံ့သြဖွယ်၊ ကြည်နူးဖွယ်သတင်းတစ်ပုဒ်ကိုလည်း ဖတ်ရှုရပါကြောင်း၊ ဆိုလိုသည်မှာ မိမိတို့မြန်မာလူမျိုးများသည် ရှေးဟောင်းပစ္စည်းများကို ထိန်းသိမ်းရမှန်းမသိပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနကို မေးမြန်းလိုသည်မှာ မြန်မာနိုင်ငံအတွင်း နှစ် ၁၀၀ သက်တမ်းရှိ ရှေးဟောင်း ဘုရားဆင်းတုတော်များကို စာရင်းကောက်ယူထားခြင်းရှိ/မရှိ၊ အကယ်၍ စာရင်းကောက်ထားပြီးပြီ ဆိုပါကလည်း ထိုဘုရားဆင်းတုတော်များကို ဘုရားခိုးဂိုဏ်းများ၏ ဘေးအန္တရာယ်မှ ကာကွယ်ရန် မည်ကဲ့သို့ စီမံဆောင်ရွက်ထားပါသနည်း ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံအတွင်း နှစ် ၁၀၀ သက်တမ်းရှိသည့် ရှေးဟောင်းဘုရားဆင်းတုတော်များကို စာရင်းကောက်ယူ ထားခြင်းမရှိသေးပါကြောင်း၊ ဤကိစ္စသည် အလွန်နက်နဲကျယ်ပြန့်သည့်ကိစ္စတစ်ရပ်ဖြစ်ပြီး ရွှေ့ပြောင်းနိုင်သော အများပြည်သူကိုးကွယ်မှု ဆိုင်ရာဝတ္တုပစ္စည်းများဖြစ်၍ ဆောင်ရွက်ရန် မလွယ်ကူကြောင်းနှင့် ဆောင်ရွက်မည် ဆိုပါကလည်း ဒေသအလိုက်သံဃာ့ အဖွဲ့အစည်းများ၊ ဂေါပကအဖွဲ့များ၊ ပုဂ္ဂလိကကိုးကွယ်နေသူများ စသည်ဖြင့် ကျယ်ကျယ်ပြန့်ပြန့်ရှိနေသောကြောင့် ကြိုတင်ပညာပေးရှင်းလင်းခြင်း၊ အသိပေးခြင်း၊ ပြည်သူလူထု ကိုယ်တိုင်ကလည်း လိုလိုလားလားလက်ခံခြင်းများ ရှိမှသာလျှင် ကိုးကွယ်ယုံကြည်မှု ဆိုင်ရာပြဿနာများကို ကျော်လွှားနိုင်မည် ဖြစ်ပါကြောင်း၊
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ၂၀၁၅ ခုနှစ် ရှေးဟောင်းဝတ္တုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေအခန်း (၄) ရှေးဟောင်းဝတ္တုပစ္စည်းများ ကာကွယ်ထိန်းသိမ်းခြင်း၊ အပ်နှံခြင်းနှင့် လက်ခံခြင်း၊ ပုဒ်မ ၈ ပုဒ်မခွဲ (က) အရ ဘာသာရေးအရ ဝတ်ပြုကိုးကွယ်ရာတွင် လက်ရှိအသုံးပြုနေသည့် ရှေးဟောင်းဝတ္တု ပစ္စည်းများ၊ ပိုင်ရှင်က မိမိ သို့မဟုတ် မိမိ ဘိုးဘွားစဉ်ဆက် သို့မဟုတ် မိမိ၏ မိသားစုတွင် ပါဝင်သူတစ်ဦးဦးနှင့် ပတ်သက်၍ သင့်လျော်သောအကြောင်းပြချက်ဖြင့် ကိုယ်ပိုင်ထိန်းသိမ်းထားရှိလိုသည့် ရှေးဟောင်းဝတ္တုပစ္စည်းများနှင့် သက်ဆိုင်ခြင်းမရှိစေရဟု ပြဋ္ဌာန်းထားပါကြောင်း၊ ၎င်း ပြဋ္ဌာန်းချက်အရ ဝန်ကြီးဌာန၏ ဆောင်ရွက်နိုင်ခွင့်သည် ပြည်သူလူထုလက်ရှိ ကိုးကွယ်ယုံကြည်သည့် ရှေးဟောင်းဘုရား ဆင်းတုတော်များနှင့် ပတ်သက်၍ နှစ် ၁၀၀ ကျော်လွန်ပြီးမှ ရှေးဟောင်းဝတ္တုပစ္စည်း ဖြစ်စေကာမူ ပိုင်ဆိုင်ခွင့်နှင့် ထိန်းသိမ်းခွင့်ကို ဥပဒေအရ ခြွင်းချက်ပေးထားပါကြောင်း၊
ဤဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် မရွှေ့ပြောင်းနိုင်သည့် ရှေးဟောင်းအဆောက်အအုံများကို မြို့နယ်အလိုက် စာရင်းကောက်ယူမှတ်တမ်းတင် လျက်ရှိပါကြောင်း၊ ယခုလို ရှေးဟောင်းဘုရားပုထိုး၊ ရုပ်ပွားတော်များသည် ဧရိယာနယ်ပယ် ကျယ်ဝန်းပြီး အရေအတွက်များပြား ကြီးမားသောကြောင့် လောလောဆယ် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း၊ ထိုဘုရားဆင်းတုတော်များ အလွန်ရှားပါးပြီး လက်ရာတန်ဖိုးရှိသည့် ပျူခေတ်၊ ပုဂံခေတ် ရှေးဟောင်းဘုရားဆင်းတုများကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့် ဂေါပကများ၊ သံဃာအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကိုလည်း လုံခြုံစွာထိန်းသိမ်းစောင့်ရှောက်ရန် သတိပေးခြင်း၊ အကာအရံများ ပြုလုပ်ထားရှိရန် အကြံပြုခြင်း၊ သက်ဆိုင်ရာဒေသ အုပ်ချုပ်ရေးအဖွဲ့များသို့လည်း ညှိနှိုင်းအကြောင်း ကြားခြင်းများ ပြုလုပ်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနမှ ထိန်းသိမ်းထားသည့် ဘုရားဆင်းတုတော်များ၏ လုံခြုံရေးအတွက် ဌာန၏ လုံခြုံရေးဝန်ထမ်းများ ထားရှိခြင်း၊ လုံခြုံသောအဆောက်အဦ အတွင်းထားရှိခြင်း၊ လုံခြုံရေးအစီအမံများ၊ CCTV, နောက် Alarm စနစ်များထားရှိခြင်းတို့ဖြင့် စောင့်ရှောက်ထိန်းသိမ်းသကဲ့သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍လည်း လုံခြုံရေးဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအတွင်း နှစ် ၁၀၀ သက်တမ်းရှိသည့် ရှေးဟောင်းဘုရား ဆင်းတုတော်များ စာရင်းကို ကောက်ယူထားနိုင်ခြင်း မရှိသေးပါကြောင်းနှင့် ၂၀၁၅ ခုနှစ်၊ ရှေးဟောင်းဝတ္တုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေအရ ခြွင်းချက်ပေးထားပါသဖြင့်လည်း အလွန်များပြားပြီးမှ ဆောင်ရွက်ရန် နယ်ပယ်ကျယ်ဝန်းလှသဖြင့် စာရင်းကောက်ယူထားခြင်း မရှိပါကြောင်း၊ ဥပဒေများကို ပြဋ္ဌာန်းသည့်အခါ ရှေးဟောင်းယဉ်ကျေးမှု အမွေပစ္စည်းများကို နိုင်ငံတော်အစိုးရဝန်ကြီးဌာနတွင် မကဘဲ ပုဂ္ဂလိကများကပါ ထိန်းသိမ်းခွင့်များရရှိခြင်းကြောင့် ယခုဆိုလျှင် ပုဂ္ဂလိက ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ၊ ဆင်းတုတော်များ၊ ယဉ်ကျေးမှုအမွေအနစ်များ ထိန်းသိမ်းသည့် ပြတိုက်များ ပေါ်ထွန်းလာနေပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနစ်ပစ္စည်းများ လေလွင့်ဆုံးရှုံးမှု၊ ခိုးယူမှုလျော့နည်း ပပျောက် သွားအောင် ဆက်လက်ပြီး လက်တွေ့ကျသည့် နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။
