(စ)-လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရှိအငယ်တန်း အင်ဂျင်နီယာ(၂) ရာထူးသို့ တိုးမြှင့်ပေးရန် ၂၀၁၆ ခုနှစ်၊ ဇွန်လအတွင်း ဖြေဆိုထားသူ ( ၁၀၄ ) ဦးမှ အရည်အချင်း ပြည့်မီသူများကို ရာထူးတိုးပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၂၆.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u khin ayeယခင်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်က လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက လက်ထောက် ကြီးကြပ်ရေးမှူး မြို့နယ်အဆင့်ဝန်ထမ်း ၁၀၀ ခန့်ကို အငယ်တန်း အင်ဂျင်နီယာ(၂) ရာထူး တိုးမြှင့်ပေးရန်အတွက် ဌာနတွင်း ရာထူးတိုးစာမေးပွဲနှင့် လူတွေ့စစ်ဆေးမှုများ ပြုလုပ်ပြီး အရည်အချင်းပြည့်မီသူ ၁၇ ဦးကို ၂၀၁၂ ခုနှစ်တွင်လည်းကောင်း၊ ၁၉ ဦးကို ၂၀၁၅ ခုနှစ်တွင် လည်းကောင်း ရာထူးတိုးပေးခဲ့ပါကြောင်း၊ ယခုအစိုးရသစ် လက်ထက်တွင်လည်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှအပ ကျန်တိုင်း ဒေသကြီးနှင့်ပြည်နယ် ၁၂ ခုမှ လက်ထောက်ကြီးကြပ်ရေးမှူး မြို့နယ်အဆင့်ဝန်ထမ်း ၁၀၄ ဦး ကို အငယ်တန်း အင်ဂျင်နီယာ(၂) ရာထူးတိုးပေးရန် ဌာနတွင်းလူတွေ့စစ်ဆေးမှုကို ၂၀၁၆ ခုနှစ် ဇွန်လအတွင်းက ပြုလုပ်ခဲ့ပြီး လူတွေ့ဖြေဆိုထားသော ဝန်ထမ်းများအနေဖြင့်  ယနေ့အထိ ရာထူးတိုးမြင့်ခြင်း အခြေအနေကို သိရှိလိုကြပါကြောင်း၊

လူတွေ့ဖြေဆိုထားကြသူများသည် လက်ရှိရာထူးတွင် လုပ်သက် ၂၀ အထက်ရှိသူများဖြစ်ကြပြီး အချို့သည် လုပ်သက် ၃၀ ကျော်များလည်း ပါဝင်ကြသည့်အပြင် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက် ခဲ့ကြသူများလည်းဖြစ်ကြပါကြောင်း၊ ယင်းပုဂ္ဂိုလ်များသည် ယခင်အစိုးရလက်ထက်နှင့် ယခုအစိုးရသစ် လက်ထက်တွင် ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်း၊ ကျေးရွာများသို့ လျှပ်စစ် မီးအားလိုင်းများ တိုးချဲ့တပ်ဆင်သွယ်တန်းသည့် လုပ်ငန်းများကို ကြိုးစား ဆောင်ရွက်ခဲ့ကြသူများ ဖြစ်ကြခြင်း၊ မြို့နယ်နှင့်မြို့နယ်ခွဲများ၏ လျှပ်စစ်ပေးရေးနှင့် သက်ဆိုင်သော စီမံခန့်ခွဲမှု လုပ်ငန်းများနှင့် တစ်မြို့လုံးမီတာခ ကောက်ခံရေးစသည့် ငွေရေး ကြေးရေးကိစ္စများကိုလည်း စနစ်တကျ ဆောင်ရွက်ခဲ့ကြသူများ ဖြစ်ကြခြင်းကြောင့် ၎င်းတို့၏လုပ်သက် ၂၀ ကျော်အတွင်း ရာထူး တိုးမြှင့်ပေးခြင်းကို တစ်ကြိမ်တစ်ခါမျှ ခံစားလိုကြပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ အထက်ဖော်ပြပါဌာနတွင်း ရာထူးတိုး လူတွေ့စစ်ဆေးမှုကို ဖြေဆိုထားသူများအနက် အရည်အချင်း မီသူများအား ရာထူးတိုးမြှင့် ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ် ရှိပါက မည်သည်‌့ အချိန်တွင် ရာထူးတိုးမြှင့်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr tun naingလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အတွင်းရှိ တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ်၊ မြို့၊ မြို့နယ်ခွဲများသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရာတွင် နိုင်ငံတော် ဓာတ်အားကွန်ရက် စနစ်မှ တိုက်ရိုက် ဓာတ်အားပေးသော နေရာများရှိသကဲ့သို့ နိုင်ငံတော်ဓာတ်အား ကွန်ရက်စနစ်နှင့် အလှမ်း ကွာဝေးသည့် မြို့၊ မြို့နယ်ခွဲများနှင့် ကျေးရွာများအား ဒီဇယ်ဓာတ်အားပေးစက်များဖြင့် ဓာတ်အား ပေးခြင်းများကို ဆောင်ရွက်ရပါကြောင်း၊

ဒီဇယ်စက်များဖြင့် ဓာတ်အားပေးသည့် မြို့၊ မြို့နယ်ခွဲများတွင် မီးသုံးစွဲသူလူဦးရေ နည်းပါးခြင်း၊  ဒီဇယ်ဓာတ်အားပေးစက်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးသည့် နေရာများသည် မြို့ငယ်လေးများသာ ဖြစ်သည့်အတွက် တာဝန်ခံကြီးကြပ်သူအဖြစ် သာမန်ဘွဲ့ရသူများအား လက်ထောက်ကြီးကြပ် ရေးမှူး မြို့နယ်ရာထူးအဆင့်အဖြစ် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ လက်ထောက် ကြီးကြပ် ရေးမှူး မြို့နယ်တာဝန် ထမ်းဆောင်နေကြသူများသည် ဝိဇ္ဇာဘွဲ့၊သိပ္ပံဘွဲ့များ ဖြင့် အောင်မြင် ထားကြသူများဖြစ်ကာ ဌာနသို့ အလုပ်ဝင်ရောက်ရာတွင် အငယ်တန်းစာရေး သို့မဟုတ် စာရင်းကိုင်(၄)ရာထူး မှစတင်ကာ အလုပ်ဝင်ရောက်ခဲ့ကြပြီး အကြီးတန်းစာရေး၊ စာရင်းကိုင်(၃)၊ စာရင်းကိုင်(၂)စသည့် အဆင့်များ ရောက်ရှိလာကြခြင်း ဖြစ်ပါကြောင်း၊ ၎င်းတို့ကို ဒီဇယ်စက်များနှင့် မီးပေးသည့်မြို့များတွင် တာဝန်ခံအဖြစ် တာဝန်ပေးထားပြီး အင်ဂျင်နီယာ လုပ်ငန်းများကို ဆောင်ရွက်ရစေရန် မဟုတ်ပါကြောင်း၊ အကယ်၍ ရာထူးပိုမိုမြင့်မားလာသည့်နှင့်အမျှ ဗို့အားမြင့် ဓာတ်အားလိုင်းစနစ်များကို ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ဆောင်ရွက်ကြရမည် ဖြစ်သကဲ့သို့ စီမံခန့်ခွဲကြီးကြပ်ရမည့် တာဝန်များလည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ တာဝန်ယူ ဆောင်ရွက်ရမည်ဆိုပါက လျှပ်စစ်အင်ဂျင်နီယာ ဘာသာရပ်ကို အခြေခံကျကျသင်ယူ တတ်မြောက် ထားသူများ မဟုတ်လျှင် လုပ်ငန်းခွင်အတွင်း၌ ၎င်းတို့ကိုယ်တိုင်ဖြစ်စေ၊ အခြားသော လျှပ်စစ် ဝန်ထမ်း များကိုဖြစ်စေ၊ အများပြည်သူကိုဖြစ်စေ အသက်သေဆုံးသည်အထိ မှားယွင်းသော ဆုံးဖြတ်လုပ်ကိုင်မှုများ ကျရောက်လာနိုင်ခြင်းနှင့် တန်ဖိုးမြင့်မားသော လျှပ်စစ်ပစ္စည်းများ ပျက်စီး ချို့ယွင်းမှုဖြစ်ပေါ်ခြင်းများကို ကြုံတွေ့နိုင်ပါကြောင်း၊

ယခင်ခေတ် အဆက်ဆက်က မီးသုံးစွဲသူနည်းသော ဒီဇယ်ဓာတ်အားပေးစက်ဖြင့် ဓာတ်အား ပေးထားသည့် မြို့နှင့်မြို့နယ်များတွင် လက်ထောက်ကြီးကြပ်ရေးမှူး မြို့နယ်တာဝန် ထမ်းဆောင် နေသူများအနက် လုပ်ငန်းအတွေ့အကြုံနှင့် ကျွမ်းကျင်မှုရှိသော လုပ်သက်ရင့်ဝန်ထမ်းများကို အငယ်တန်း အင်ဂျင်နီယာ(၂)ရာထူးသို့ တိုးမြှင့်ပေးခဲ့သော အစဉ်အလာရှိခဲ့ပါကြောင်း၊ ထိုသို့ တိုးမြှင့်ပေးရာတွင်လည်း စီမံခန့်ခွဲမှုကိစ္စရပ်များကို မှားယွင်းစွာလုပ်ကိုင်မှုများ ဖြစ်ပေါ်ခဲ့သည့် အတွက် ယခုအချိန်တွင် ထိုသို့မှားယွင်းမှုမျိုး မဖြစ်ပေါ်စေရန် အဆင့်ဆင်‌့စိစစ်ကြီးကြပ် ဆောင်ရွက်နေပါကြောင်း၊

အင်ဂျင်နီယာဘာသာရပ်ကို အမှန်တကယ်ပိုင်နိုင်ကျွမ်းကျင်မှုရှိမှသာ တိုးတက်ပြောင်းလဲလာသော ခေတ်နှင့်အညီ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးစနစ်အား စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ အားထုတ်လုပ်ကိုင်ရမည်ဖြစ်ခြင်းကြောင့် အင်ဂျင်နီယာဘွဲ့ရမဟုတ်သော လက်ထောက်ကြီးကြပ် ရေးမှူး မြို့နယ်များအား အငယ်တန်း အင်ဂျင်နီယာ(၂) ရာထူးများသို့ တိုးမြှင့်ပေးရန် အစီအစဉ် မရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးခင်အေး(နတ်တလင်း)မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

လက်ထောက်ကြီးကြပ်ရေးမှူး မြို့နယ်အဆင့်မှ အငယ်တန်း အင်ဂျင်နီယာ(၂)ရာထူးသို့ တိုးမြှင့် ပေးရန်နှင့် စပ်လျဉ်း၍ ယခင်ကပင် တိုးမြှင့်ပေးနိုင်ခြင်းမရှိဘဲ  လူတွေ့စစ်ဆေးခြင်းများကို ခေါ်ယူခြင်း မပြုသင့်ပါကြောင်း၊ ယခုကဲ့သို့ တစ်နှစ်ခန့်ကြာမှ ရာထူးနှင့် သင့်လျော်ခြင်း မရှိသည့်အတွက် တိုးမြှင့်ပေးရန် အစီအစဉ် မရှိကြောင်း သိရသည့်အတွက်လည်း ဝန်ထမ်းများ အနေဖြင့် စိတ်ဓာတ် ကျဆင်းစေမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်ထောက်ကြီးကြပ်ရေးမှူး မြို့နယ်အဆင့်မှ အငယ်တန်း အင်ဂျင်နီယာ(၂)ရာထူးသို့ တိုးမြှင့်ပေးနိုင်ခြင်း မရှိဘဲ လူတွေ့ စစ်ဆေးခေါ်ယူခြင်းအား မည်သည့်အတွက်ကြောင့် ဆောင်ရွက်ခဲ့သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်

ယခုအချိန်တွင် လျှပ်စစ်ဓာတ်အားပေးလုပ်ငန်‌းများကို ပြုပြင်ပြောင်းလဲနေသည့် အချိန်ဖြစ်ပါ ကြောင်း၊ အငယ်တန်းအင်ဂျင်နီယာ (၂)ရာထူးသည် အင်ဂျင်နီယာများ၊ အင်ဂျင်နီယာပညာရပ်များ၊ ဘွဲ့ရများကို တာဝန်ပေးရခြင်း ဖြစ်သည့်အတွက်  ဆောင်ရွက်ရန်မသင့်သည့် ကိစ္စရပ်ကို အမြန်ဆုံး အမှားပြင်သည့်အနေဖြင့် ဆက်လက် ဆောင်ရွက်မှုမရှိခြင်း ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ပါသည်။