(ဂ)-ပြည်သူ့ရဲတပ်ဖွဲ့များအား လုံလောက်သော လက်နက်ကိရိယာများ၊ ဆက်သွယ်ရေးစက်များ၊ နည်းပညာများ၊ မော်တော်ယာဉ်စက်သုံးဆီများ၊ ယူနီဖောင်းများ၊ ရိက္ခာများ ဖြည့်တင်း ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၂၆.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

mar mar khaingဒီမိုကရေစီနိုင်ငံများတွင် နိုင်ငံပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရာတွင် နိုင်ငံအေးချမ်း တည်ငြိမ်ရေးနှင့် နိုင်ငံသားများ ဘေးကင်းလုံခြုံရန် အလွန်အရေးကြီးပါကြောင်း၊ တရားဥပဒေ စိုးမိုးမှုအောက်တွင် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် အရည်အချင်း ပြည့်ဝပြီး အင်အားတောင့်တင်း ခိုင်မာသော ရဲတပ်ဖွဲ့ဝင်များ လိုအပ်ပါကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက ဖွဲ့စည်းပုံ အခြေခံဥပ‌ဒေ၊ ပြစ်မှုဆိုင်ရာဥပဒေ၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ အထူးနှင့် အထွေထွေဥပဒေ၊ ဒေသန္တရဥပဒေနှင့် ရဲအက်ဥပဒေ စသည်များနှင့်အတူ လုပ်ကိုင်ဆောင်ရွက်ကြရသလို တရားစီရင်ရေး ကဏ္ဍနှင့် လည်း ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ကြရသည့်အတွက် လုံလောက်သော ရဲတပ်ဖွဲ့အင်အားနှင့် လိုအပ်သော နည်းပညာပိုင်း၊ လက်နက် တပ်ဆင်မှုပိုင်း၊ ဆက်သွယ်ရေး စက်ကိရိယာပိုင်း စသည်တို့အပြင် တပ်ဖွဲ့ဝင်များအတွက် လုံလောက်သောရိက္ခာနှင့် ဝန်ဆောင်မှု အပိုင်းများလည်း မလွဲမသွေ လိုအပ်လာပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်စာရင်းအရ ရဲတပ်ဖွဲ့အင်အား ၇၂၀၀၀ သာရှိသည့်အတွက် ပြည်သူကို ထိရောက်သော ဝန်ဆောင်မှု ပေးနိုင်ရန် ရဲဝန်ထမ်း ၇၀၀၀၀ ကျော် လိုနေပါကြောင်း၊  နိုင်ငံတကာတွင် ရဲတစ်ဦးကို ပြည်သူ ၄၀၀ နှင့် အချိုးကျလုံခြုံရေး ဆောင်ရွက်သော်လည်း၊ မြန်မာနိုင်ငံတွင် ပြည်သူ ၁၂၇၄ ဦးကို တာဝန်ယူ နေရသည့်အတွက် လုံလောက်သော ကူညီမှုကို မပေးနိုင်ပါကြောင်း၊ လိုအပ်နေတဲ့ ရဲတပ်ဖွဲ့များ တိုးချဲ့ရန်အတွက် ရဲတပ်သား၊ အရာရှိ၊ အရာခံ၊ တပ်သားများစွာ လိုအပ်ပါကြောင်း၊ ရဲတပ်ဖွဲ့သို့ ဝင်ရောက် အမှုထမ်းနိုင်ရန်အတွက် မိမိတို့ ပြည်သူများကို စွဲဆောင်စည်းရုံးနိုင်ရပါမည် ဖြစ်ပါကြောင်း၊ ယခု လက်ရှိ အနေအထားအရ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သော်လည်း ရဲတပ်ဖွဲ့က လစာ၊ ရိက္ခာ၊ ယူနီဖောင်းများ လုံလောက်စွာ မရရှိပါဟု မဲဆန္ဒနယ်ရှိ ပြည်သူ့ရဲတပ်ဖွဲ့များ၏ ပြောကြားချက်အရ သိရှိရပါကြောင်း၊

ထို့အပြင် ရဲတပ်ဖွဲ့များအနေဖြင့် ကြီးမားသော တာဝန်တစ်ခုဖြစ်သော တရားခံကို လိုက်လံ ဖမ်းဆီးရသည့်အခါ ခရီးစရိတ်၊ တည်းခိုစရိတ် စသည်တု့ိကို တာဝန်ကျ အမှုစစ်အရာရှိက စိုက်ထုတ် သုံးစွဲရပါကြောင်း၊ တရားခံကို ရုံးပေါ်တင်ပြီးသည့်အခါမှသာ ၎င်းစရိတ်များကို ပြန်လည်ရရှိသော်လည်း လုံလောက်ကာမိသော စရိတ်တစ်ခု မဟုတ်သည့်အတွက် လာဘ်စားရန် တွန်းပို့နေသလို ဖြစ်နေပါကြောင်း၊ ရဲတပ်ဖွဲ့ဝင်များသည် လုံလောက်သော ယာဉ်နှင့် စက်သုံးဆီများလည်း လိုအပ်ပါကြောင်း၊ ဥပမာ - နယ်ထိန်းများ ဆိုင်ကယ် လိုအပ်ပါကြောင်း၊ တစ်ခါတရံ အရေးပေါ် အခြေအနေများအရ လုံခြုံရေးလမ်းကြောင်း လိုက်ရသည့် အခါများတွင် သက်သေခံအဖြစ် သိမ်းထားသော လိုင်စင်မဲ့ကားများကို လိုအပ်ချက်အရ ယူသုံးရသည့်အတွက် ပြည်သူများ၏ အမြင်တွင် မတင့်တယ်ပါကြောင်း၊ ရဲတပ်ဖွဲ့များကို တပ်ဆင်ပေးသော လက်နက်များက ခေတ်မီမှု မရှိတော့ဘဲ တချို့လက်နက်များသည် ချက်ချင်း အသုံးမပြုနိုင်သော အခြေအနေများကြောင့် မိမိတို့ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ မသေသင့်ဘဲ အသက်ဆုံးရှုံးခဲ့ရသလို ပြည်သူများ၏ လုံခြုံရေးအတွက်လည်း စိုးရိမ်စရာဖြစ်ပါကြောင်း၊ လုံခြုံရေးအတွက် ရဲစခန်းများတွင် CCTV များ တပ်ဆင်ရန် လိုအပ်သော်လည်း သက်ဆိုင်ရာ စခန်းက စခန်းမှူးက ကိုယ့်နည်းကိုယ့်ဟန်နှင့် ဖြေရှင်းရသည်ဟု သိရပါကြောင်း၊

ခေတ်မီသော ဆက်သွယ်ရေး စက်ကိရိယာ၊ စကားပြောစက်များ လုံလောက်စွာ တပ်ဆင်ပေးသင့်ပါကြောင်း၊ သို့မှသာ မှုခင်းဖြစ်ပွားသည်ကို အချိန်နှင့် တစ်ပြေးညီ သိရှိရပြီး ပြည်သူများကို ကာကွယ် စောင့်ရှောက်နိုင်မည် ဖြစ်သည့်အပြင် မြို့နယ်ရဲစခန်းများတွင် အဆင့်ဆင့်နှင့် အုပ်ချုပ်ရေးအဖွဲ့များက လုံခြုံရေးစီမံချက်များ၊ မှုခင်းဖြစ်ပွားမှု အခြေအနေများကို တောင်းဆို Report တောင်းသည့်အခါ စာများ၊ မိတ္တူများ တစ်ပုံတစ်ပင်ရိုက်ပြီး ပေးပို့ရသည့်အတွက် Stationary နှင့် မိတ္တူကူးခများ ခွင့်ပြုရန်ပုံငွေထက် အမြဲတမ်းကျော်လွန် သုံးစွဲနေရသည့် အတွက် ရဲစခန်းများကို ကွန်ပျူတာ၊ မိတ္တူကူးစက်များလည်း စီစဉ်ပေးသင့်ပါကြောင်း၊

လက်ရှိအခြေအနေတွင် ပြည်သူများ၏ လုံခြုံမှုကို စိန်ခေါ်နေမှုများ ရှိပါကြောင်း၊ ပုံမှန်ဖြစ်နေကျ အမှုများအပြင် မူးယစ်ဆေးဝါးအန္တရာယ်၊ ပုံစံမျိုးစုံနှင့် ကျူးလွန်သော ပြစ်မှုများ၊ အုပ်စုဖွဲ့ကျူးလွန်မှုများ၊ အစွန်းရောက် အကြမ်းဖက်မှုများကို ထိရောက်စွာ နှိမ်နင်းနိုင်ရန်အတွက် ပြည်သူ့ရဲတပ်ဖွဲ့ကြီး တောင့်တင်းခိုင်မာစေရန် အထက်တွင် တင်ပြသကဲ့သို့ မလွဲမသွေ ဖြည့်ဆည်းရန် လိုအပ်သည့်အတွက် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ရဲတပ်ဖွဲ့များအား လုံလောက်သော လက်နက်ရိက္ခာများ၊ ဆက်သွယ်ရေးစက်များ၊ နည်းပညာများ၊ မော်တော်ယာဉ်၊ စက်သုံးဆီများ၊ ယူနီဖောင်းများ၊ ရိက္ခာများ ဖြည့်တင်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သို့စီမံထားကြောင်း၊ မရှိပါက မည်သည့် အတွက်ကြောင့်ဖြစ်သနည်း ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

gen aung soeမိမိတို့ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး နှင့် တရားဥပဒေစိုးမိုးရေးများကို အဓိကထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးအခြေအနေ၊ ခွင့်ပြုရန်ပုံငွေနှင့် အဆောက်အဦများ၊ လက်နက်ခဲယမ်းများ၊ လုပ်ငန်း ဆောင်ရွက်ရာတွင် အသုံးပြုသည့်ယာဉ်များ၊ စက်သုံးဆီများ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးဆောင်ရွက်ရာတွင် လိုအပ်သော အသုံးအဆောင် ပစ္စည်းများ၊ ခေတ်မီနည်းပညာသုံး ဆက်သွယ်ရေးစက်များ၊ မှုခင်းဖော်ထုတ်ရေးဆိုင်ရာ စက်ကိရိယာများ၊ လုံခြုံရေး စစ်ဆေးမှုဆိုင်ရာ စက်ပစ္စည်းများ၊ မှုခင်းများ စုံစမ်းစစ်ဆေးရာတွင် ကုန်ကျစရိတ်များကိုလည်း စဉ်ဆက်မပြတ် ဖြည့်တင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊

မိမိတို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့များသည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ဆောင်ရွက်နေသူများ ဖြစ်သည့်အတွက် နယ်စပ်ဒေသများတွင် တပ်မတော်နှင့် ပူးပေါင်းပြီး လုံခြုံရေးတာဝန်များ ကိုလည်း ထမ်းဆောင်လျက်ရှိပါကြောင်း၊ လက်ရှိ ရဲတပ်ဖွဲ့ဝင်များ အသုံးပြုနေသော ခေတ်မမီတော့သည့် လက်နက်များကို အစားထိုး ပြုပြင်မှုများလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိ အခြေအနေနှင့် ကိုက်ညီသော ခေတ်မီမောင်းပြန် လက်နက်များ၊ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ လူစုလူဝေးများကို လူစုခွဲရာတွင် အသုံးပြုသော အဓိကရုဏ်း နှိမ်နင်းရေး လက်နက်များကိုလည်း နိုင်ငံတကာစံနှုန်းများနှင့်အညီ ဝယ်ယူပြီး ခေတ်ကာလနှင့်အညီ ပြောင်းလဲတပ်ဆင်ပေးခြင်းကိုလည်း လက်ရှိအချိန်တွင် အဆင့်သုံးဆင့်ဖြင့် မိမိတို့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပထမအဆင့်အနေဖြင့် ၂၀၁၆ ခုနှစ် သြဂုတ်လတွင် စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ကချင်ပြည်နယ်ရဲတပ်ဖွဲ့၊ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့နှင့် ရဲလေ့ကျင့်ရေးကျောင်းများအတွက် ပထမအဆင့်အနေဖြင့် စတင်ပြင်ဆင် တပ်ဆင်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဒုတိယအဆင့်အနေဖြင့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲများနှင့် လုံခြုံရေး ရဲတပ်ဖွဲ့ခွဲများအတွက် ပြင်ဆင်တပ်ဆင် ပေးထားပြီးဖြစ်ပါကြောင်း၊ တတိယအဆင့်အဖြစ် ၂၀၁၇ ခုနှစ် မတ်လတွင် ကယားပြည်နယ်ရဲတပ်ဖွဲ့၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့၊ ချင်းပြည်နယ်ရဲတပ်ဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် မွန်ပြည်နယ်ရဲတပ်ဖွဲ့တို့တွင် ခေတ်မီမောင်းပြန် လက်နက်များ ပြောင်းလဲ တပ်ဆင် ပေးထားပြီးဖြစ်ပါကြောင်း၊ ကျန်ရှိနေသော တိုင်းဒေသကြီး/ပြည်နယ် ရဲတပ်ဖွဲ့များကိုလည်း ပြောင်းလဲတပ်ဆင်ရန်အတွက် လိုအပ်သော အဓိကရုဏ်း နှိမ်နင်းရေးဆိုင်ရာ လက်နက်များ၊ အဓိကရုဏ်း နှိမ်နင်းရေးဆိုင်ရာ ဝတ်စုံနှင့် ဆက်စပ်ပစ္စည်းများ ကိုလည်း နှစ်စဉ်ဝယ်ယူဖြည့်တင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

ဆက်သွယ်ရေးနှင့် နည်းပညာ တိုးတက်လာသည်နှင့်အမျှ လုံခြုံရေးနှင့် ဖြစ်ပေါ်လာသော မှုခင်းများ ထိရောက်စွာ ဖော်ထုတ်နိုင်ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ခေတ်မီဆက်သွယ်ရေးစက်များနှင့် ဆက်သွယ်ရေး နည်းပညာများလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာတွင် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးများ၊ မြို့မရဲစခန်း၊ နယ်မြေရဲစခန်း၊ ရဲကင်းစခန်း၊ တပ်ဖွဲ့များ၊ လုံခြုံရေးရဲတပ်ဖွဲ့ခွဲများ၊ သင်တန်းကျောင်းများတွင် ၂၀၁၂-၁၃ ခုနှစ်က ခရီးဝေးဆက်သွယ်ရေးစက် ၁၀၂ လုံးသာ တပ်ဆင်ပေးနိုင်ခဲ့ရာမှ ၂၀၁၅-၁၆ ခုနှစ်တွင် ခရီးဝေးဆက်သွယ်ရေးစက် ၈၆၉ လုံးအထိ ဖြည့်တင်းပေးနိုင်ခဲ့ပြီး ခရီးတိုဆက်သွယ်ရေးစက် ၂၈၃၈ လုံးကိုလည်း ဖြည့်တင်းပေးနိုင်ခဲ့ပါကြောင်း၊ လိုအပ်သော ဆက်သွယ်ရေးစက်များ ဆက်လက်ဖြည့်တင်း နိုင်ရေးအတွက် ဖွဲ့စည်းပုံ၏လိုအပ်ချက် ၁၀ ရာခိုင်နှုန်းကို နှစ်စဉ်ဘဏ္ဍာငွေ တင်ပြတောင်းခံဆောင်ရွက် လျက်ရှိရာတွင် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက် ခွင့်ပြုချက် ရရှိပြီးဖြစ်၍ ဆက်သွယ်ရေးပစ္စည်း အမျိုးအစားပေါင်း ခုနစ်မျိုး စုစုပေါင်း ၈၁၆ စုံကိုလည်း တင်ပြပါအရေအတွက်အတိုင်း ဝယ်ယူဖြည့်တင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ လုံခြုံရေးကွပ်ကဲမှုအဖွဲ့ရုံးများ၊ တပ်ဖွဲ့များ၊ သင်တန်းကျောင်းများ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးများအထိ EDMS စနစ်များ ချိတ်ဆက်ထားပြီး Version-2 နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်သွယ်ရေးစက်များကို အသုံးပြုရာတွင် လုံခြုံမှုစနစ်ပါသော Trunking Radio ဆက်သွယ်ရေးစနစ်များကိုလည်း ပြင်ဆင်ပြောင်းလဲအသုံးပြု ဆောင်ရွက်လျက်ရှိပါကြောင်း၊

ထို့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့သည် မှုခင်းစုံစမ်းစစ်ဆေးခြင်းအတွက် တိကျသော အဖြေများရရှိစေရန် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပစ္စည်းများကိုလည်း စဉ်ဆက်မပြတ် ဖြည့်တင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွင်း လက်နက်နှင့် ဆက်စပ်ပစ္စည်းများ၊ ပေါက်ကွဲယမ်းပစ္စည်းများ၊ သေးငယ်သောပစ္စည်းများ၊ ငွေအတု စသည်တို့ကို စစ်ဆေးနိုင်သော စက်များအပါအဝင် Computer Forensic ၊ Network Forensic ၊ Video Forensic အမျိုးအစား ခုနစ်မျိုး စုစုပေါင်း ၁၀ လုံးကိုလည်း တင်ပြပါအတိုင်း ဝယ်ယူဖြည့်တင်းထားရှိခဲ့ပါကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း လက်ဗွေရာစနစ်၊ Social Forensic ၊ ပုံရိပ်ကို လျင်မြန်စွာဖော်ထုတ်နိုင်သော  Protable X-Ray စက်၊  Hand Held Explosive  Sniffer ၊ Drone ပျံသန်းမှုကို ရပ်တန့်နိုင်သော  Skynet Anti-Drone System ၊ Video Pole  Camera ၊ Bullet Catcher Collection Chamber တို့ကိုလည်း တင်ပြပါအတိုင်း ဝယ်ယူဖြည့်တင်းပေးခဲ့ပါကြောင်း၊

ထို့အပြင် ဓာတုဗေဒရုံး(ရန်ကုန်)သည် ယခင်က ကျန်းမာရေးဝန်ကြီးဌာန အောက်တွင်ရှိခဲ့ပြီး ၁၉၈၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ကစပြီး ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ကို ရောက်ရှိခဲ့ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့မှူးရုံးအောက်တွင်ထားရှိပြီး ၁၉၈၉ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဓာတုဗေဒဝန်ရုံးခွဲ(မန္တလေး) ကိုလည်းကောင်း၊ ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဓာတုဗေဒစစ်ဆေးရေးဌာန(နေပြည်တော်) ကိုလည်းကောင်း အသစ်ဖွင့်လှစ် ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း၊ ဓာတုဗေဒ စစ်ဆေးရေးဌာန ဖွဲ့စည်းပုံအင်အား တိုးချဲ့ခြင်းနှင့် လိုအပ်သော အထောက်အကူပြု စက်ပစ္စည်းများ ဖြည့်တင်းခြင်း ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဓာတုဗေဒ စစ်ဆေးရေးဌာနတွင် မူးယစ်ဓာတ်ခွဲခန်း၊ အဆိပ်အတောက် ဓာတ်ခွဲခန်း၊ အစွန်းအထင်း ဓာတ်ခွဲခန်းနှင့် အထွေထွေ ဓာတ်ခွဲခန်းများကိုလည်း ဖွင့်လှစ်ထားပြီး ရဲစခန်းအသီးသီးနှင့် ဆေးရုံများမှ ပေးပို့လာသော သက်သေခံ နမူနာပစ္စည်းများကိုလည်း လက်ခံစမ်းသပ် စစ်ဆေးပေးလျက်ရှိသော ခေတ်မီစက်ကိရိယာများလည်း စဉ်ဆက်မပြတ် ဖြည့်တင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

ဓာတုဗေဒစစ်ဆေးရေးဌာနတွင် ၂၀၁၅ ခုနှစ်တွင် ဓာတ်ခွဲခန်းသုံးကိရိယာ ၁၀၆ လုံးဖြင့် ဆောင်ရွက်ခဲ့ရာက ၂၀၁၇ ခုနှစ်တွင် ဓာတ်ခွဲခန်းသုံးကိရိယာ ၁၅၃ လုံးဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဓာတ်ခွဲခန်းသုံးကိရိယာ ၄၇ လုံး ထပ်မံဖြည့်တင်းပေးနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် GCMS စက်သုံးလုံးနှင့် ၎င်းတို့နှင့်တွဲဖက်အသုံးပြုရသော PAL  3 System စက်သုံးလုံးကိုလည်း ထပ်မံဝယ်ယူဖြည့်တင်းပေးနိုင်ခဲ့ပါကြောင်း၊

ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းရည်တိုးတက်စေရေးအတွက် ၂၀၁၅ ခုနှစ်၊ မတ်လမှ ဧပြီလ အထိ ဓာတုဗေဒ စစ်ဆေးရေးဌာနက အရာထမ်းငါးဦးနှင့် မှုခင်းတပ်ဖွဲ့မှအရာရှိသုံးဦး စုစုပေါင်း ရှစ်ဦးကိုလည်း အင်္ဂလန်နိုင်ငံ Cellmark Forensic Services တွင် DNA ဓာတ်ခွဲမှုဆိုင်ရာသင်တန်းများလည်း တက်ရောက်စေခဲ့ပါကြောင်း၊ DNA ဓာတ်ခွဲခန်းကို နေပြည်တော်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လက်တွေ့သင်တန်းများကိုလည်း ပို့ချပေးလျက်ရှိပါကြောင်း၊ ဓာတုဗေဒစစ်ဆေးရေးဌာနရှိ မှုခင်းဆိုင်ရာ ဓာတ်ခွဲခန်းများနှင့် DNA ဓာတ်ခွဲခန်းများသည် တရားဥပဒေစိုးမိုးရေး အတွက် တစ်ဖက်တစ်လှမ်းမှ နည်းပညာဆိုင်ရာ ဖော်ထုတ်မှုများအပြင် အထောက်အကူပြုနေသော အဖွဲ့အစည်းများ ဖြစ်နေသည့်အတွက် ယင်းဓာတ်ခွဲခန်းများကို International Organization for Standardization လက်မှတ် ရရှိနိုင်ရန်အတွက်ကိုလည်း ရည်မှန်းချက်ထားပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ခေတ်နှင့်အညီ တိုးချဲ့ဖွဲ့စည်းခဲ့သည့်အခါ ရဲတပ်ဖွဲ့ဝင်အင်အားနှင့် နေအိမ်လိုင်းခန်းများ အရေအတွက် လုံလောက်မှုမရှိသည့်အတွက် လိုအပ်နေသော နေအိမ်လိုင်းခန်းများ ဖြည့်ဆည်းပေးနိုင်ရန် ဦးစားပေးသတ်မှတ်ပြီး စီမံချက်များနှင့် ဘဏ္ဍာငွေ တင်ပြတောင်းခံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်တမ်း ကြာမြင့်ပြီး လူနေထိုင်ရန် မသင့်တော်သော အဆောက်အဦ စုစုပေါင်း ၁၅၉၈ လုံးရှိပါကြောင်း၊ စံသတ်မှတ်ထားသော အဆောက်အဦ ၆၃၂ လုံးကို အဆင့်သုံးဆင့်ခွဲပြီး ပြန်လည်ဆောက်လုပ်ပေးနိုင်ရန်ကိုလည်း ပြည်ထောင်စုအစိုးရ အပါအဝင် အဆင့်ဆင့်တင်ပြပြီး နှစ်စဉ်ဘဏ္ဍာငွေ တင်ပြတောင်းခံ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များကို နေအိမ်အခမဲ့ နေထိုင်ခွင့်၊ နေအိမ် မပေးနိုင်သည့်အတွက် အိမ်ငှားခစရိတ်များ ခွင့်ပြုပေးထား ခဲ့သော်လည်း အိမ်ငှားခစရိတ်များ ယခင်ခေတ်ကာလနှင့် သတ်မှတ်ခဲ့သည့်အတွက် လက်ရှိအခြေအနေနှင့် မကိုက်ညီတော့သည့်အတွက် လက်ရှိနှုန်းထားအသစ်များ ပြင်ဆင်သတ်မှတ် ခွင့်ပြုနိုင်ရေးကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊

ထို့အပြင် ယာဉ်ယန္တရား ပိုင်းဆိုင်ရာအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ၂၀၁၀ ခုနှစ်က မော်တော်ယာဉ် ၁၈၄၄ စီးရှိခဲ့ပြီး ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း မော်တော်ယာဉ် ၂၆၄၈ စီး ထပ်မံဖြည့်တင်းနိုင်ခဲ့သည့်အတွက် လက်ရှိတွင် မော်တော်ယာဉ်စုစုပေါင်း ၄၄၉၂ စီး ဖြန့်ခွဲ အသုံးပြုလျက်ရှိပါကြောင်း၊ မော်တော်ယာဉ်များအတွက် စက်သုံးဆီ ခွင့်ပြုမှုအနေဖြင့် ၂၀၁၀ ခုနှစ်အထိ တစ်လလျှင် ဂါလန် ၅၀၀၀၀ ခန့်သာ ရရှိခဲ့သော်လည်း ယခု လက်ရှိတွင် တစ်လလျှင်ဂါလန် ၁၇၃၆၀၉ ဂါလန်အထိ တိုးမြှင့်ခွင့်ပြုချက် ရရှိသည့်အတွက် သက်ဆိုင်ရာ နယ်မြေစခန်းများအထိ ဖြန့်ခွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရှိ အရာရှိ/အခြားအဆင့် တပ်ဖွဲ့ဝင်များအတွက် ၂၀၁၄ ခုနှစ်ကစပြီး ၂၀၁၆ ခုနှစ်အထိ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ယူနီဖောင်း ပိတ်စတစ်စုံ (ချုပ်ခအပါအဝင်) အခြားရဲဝတ်တန်ဆာများကိုလည်း ဖြည့်ဆည်းပေးနိုင်ခသော်လည်း ၂၀၁၇ ခုနှစ်ကစပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးကို နှစ်စဉ် ယူနီဖောင်းပိတ်စနှစ်စုံ (ချုပ်ခအပါအဝင်) အခြား ရဲဝတ်တန်ဆာများကိုလည်း တိုးမြှင့်ဖြည့်တင်းပေးနိုင်ခဲ့ပါကြောင်း၊

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရှိ တပ်ဖွဲ့ဝင်များ၏ ရိက္ခာထောက်ပံ့ငွေ ရရှိမှုက ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်အထိ ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် တစ်ရက်လျှင် ငါးကျပ်နှုန်းသာ ရရှိခဲ့ပါကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် တာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင် တစ်ဦးစီကို မိမိတို့ တစ်ရက်လျှင် ၂၀ ကျပ်နှုန်း ရရှိခဲ့ရာမှ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်ကစပြီး တင်ပြပါအတိုင်း အဆင့်ဆင့် ပြောင်းလဲလာခဲ့ရာတွင် ယခု ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ကစပြီး တစ်ရက်ကို တစ်ဦးလျှင် ၁၈၀၀ ကျပ်နှုန်းအထိ တိုးမြှင့်ခံစားခွင့် ရရှိရေးကိုလည်း အလေးထား ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ တာဝန်အရ ခရီးသွားစရိတ်များနှင့် အရပ်ရပ် ခရီးသွားဝရမ်း သုံးစွဲစရိတ်များကိုလည်း ပို့ဆောင်ရေးနှင်‌့ ဆက်သွယ်ရေးဝန်ကြီးဌာနသို့ နှစ်စဉ်ကျပ်သန်း ၄၀၀ ခန့် ပေးချေ သုံးစွဲလျက်ရှိပါကြောင်း၊ ဝရမ်း အသုံးမပြုနိုင်သော အခြေအနေရှိ နေရာဒေသများတွင် တာဝန်အရ သွားလာပါက ခရီးစရိတ်များအတွက် ရန်ပုံငွေများခွဲဝေသုံးစွဲလျက်ရှိပါကြောင်း၊

မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ယခင်က အမှုစုံစမ်းခြင်းဆိုင်ရာ ခရီးစရိတ်အဖြစ် ခွင့်ပြုခဲ့ခြင်း မရှိသော်လည်း ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်ကစပြီး ရဲစခန်းများဖွင့်လှစ်သော အမှုတစ်မှုလျှင် ကျပ် ၅၀၀၀ နှုန်းဖြင့် ခွင့်ပြုခဲ့ရာက ၂၀၁၆-၁၇ ခုနှစ်ကစပြီး အမှုတစ်မှုအတွက် ကျပ် ၁၀၀၀၀ နှုန်းအထိ တိုးမြှင့် ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ တရားခံသယ်ယူ ပို့ဆောင်ခအဖြစ် ယခင်က ခွင့်ပြုခဲ့ခြင်း မရှိသော်လည်း ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် အမှုကြီးတစ်မှုကို ၅၀၀၀၀ နှုန်း၊ အခြားအမှု တစ်မှုလျှင် ၃၀၀၀၀ နှုန်း၊ ကြိုတင်ကာကွယ်မှု တစ်မှုအတွက် ၁၀၀၀၀ နှုန်းဖြင့် ခွင့်ပြုခဲ့ပြီး ဘဏ္ဍာရေး နှစ်အလိုက် တင်ပြပါနှုန်းထားများအတိုင်း အသီးသီးခွင့်ပြုခဲ့ပါကြောင်း၊

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များနှင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့တို့ ကွပ်ကွဲမှုအောက်ရှိ မြို့မစခန်းနှင့် နယ်မြေစခန်းများတွင် ဆောင်ရွက်လျက်ရှိသော ရဲလုပ်ငန်းများအတွက် အသုံးစရိတ်များအနေဖြင့် ရဲစခန်းများ၏ အမှုဖြစ်ပွားမှုအပေါ် မူတည်ပြီး မြို့မစခန်းတစ်ခုလျှင် အများဆုံးကျပ် ၁၈ သိန်းမှ အနည်းဆုံးတစ်သိန်းနှုန်းဖြင့်လည်းကောင်း၊ နယ်မြေရဲစခန်းတစ်ခုကို အများဆုံး ၁၂ သိန်းမှ အနည်းဆုံး ၃၀၀၀၀ နှုန်းအထိလည်းကောင်း ကြိုတင်ငွေများဖြန့်ဝေထားပြီး ဖြစ်သည့်အတွက် ၎င်းတို့အနေဖြင့် စိုက်ထုတ်သုံးစွဲရန်လည်း မလိုအပ်တော့ပါကြောင်း၊

သို့ဖြစ်ပါ၍ ပြည်ထဲရေး ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအတွက် လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်သော အင်အားဖြည့်တင်းနိုင်ရေး၊ လက်နက်ကိရိယာများ၊ ဆက်သွယ်ရေးစက်များ၊ နည်းပညာများ၊ မော်တော်ယာဉ်နှင့် စက်သုံးဆီများ၊ ယူနီဖောင်းနှင့်ရိက္ခာများ၊ ခရီးစရိတ်များကို လက်ရှိကာလအခြေအနေနှင့် ကိုက်ညီအောင် ဖြည့်ဆည်းပေးနိုင်ရေးအတွက် နှစ်စဉ်ဘဏ္ဍာငွေခွင့်ပြုချက် တင်ပြတောင်းခံပြီး ဖြည့်တင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နှစ်စဉ် ခွင်‌့ပြုရန်ပုံငွေကိုလည်း ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်း၊ တည်ဆဲဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင်‌့အညီ စနစ်တကျ ခွဲဝေသုံးစွဲလျက် ရှိပါကြောင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားလာရေးနှင့် လုပ်ငန်းမှန်ကန် ချောမွေ့စေရေးအတွက်ကိုလည်း အသွင်သဏ္ဍာန်နှင့် အနှစ်သာရ ပြောင်းလဲရေးကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။