(ခ)-ကျွန်းစုမြို့နယ်၊ ညောင်ဘီး ကျေးရွာတွင် အ မြဲတမ်းရဲစခန်းခွဲ သို့မဟုတ် ရဲကင်းအဖြစ် သတ် မှတ် ထားရှိပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၂၆.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

tin tin yeeညောင်ဘီး အ.ထ.က ကျောင်းတွင် ညောင်ဘီးအုပ်စု၊ ကံမော်အုပ်စု၊ သဇင်အုပ်စု၊ ကျွဲခရံအုပ်စု လေးစုမှ ကျောင်းသားပေါင်း ၃၁၇ ဦး၊ အုပ်ထိန်းသူများ လိုက်ပါလျှင် လူဦးရေ ၅၀၀ ကျော်သည် စက်လှေ ငါးစင်းဖြင့် ရေမိုင် ၄၂ မိုင် ဝေးကွာသည့် ကျွန်းစုမြို့သို့ လှိုင်းဒဏ်၊ လေဒဏ်နှင့် သွားရောက်၍ အထက်တန်းစာမေးပွဲကို သွားရောက်ဖြေဆို နေကြရသည့်အတွက် ခရီးပမ်းနွမ်းနယ်ခြင်း၊ အလုပ်အကိုင် ပျက်စီးခြင်း၊ တည်းခို နေထိုင်ရေး ခက်ခဲခြင်း၊ ငွေရေး ကြေးရေး ခက်ခဲခြင်း၊ ရေရှားပါးခြင်းများနှင့် ကြုံတွေ့ရပါကြောင်း၊ သို့ဖြစ်၍ ညောင်ဘီး အ.ထ.က စာစစ်ဌာန ရရှိရေးအတွက် လိုအပ်ချက်များကို အဘက်ဘက်မှ စနစ်တကျ ပြည့်စုံ လုံလောက်အောင် ဆောင်ရွက်ထားရှိပြီး ဖြစ်သော်လည်း နောင်တွင် စာစစ်ဌာန ချထားရာ၌ ပါဝင်ခွင့် ရရှိစေရန် လုံခြုံရေးအတွက် လိုအပ်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲစခန်း ရရှိရေးကို ညှိနှိုင်း ဆောင်ရွက် ထားရှိသင့်ကြောင်းနှင့် နောင်လာမည့်နှစ်တွင် သတ်မှတ်ချက် ပြည့်စုံအောင် ညှိနှိုင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းကို ပညာရေးဝန်ကြီးက အကြံပြု ခဲ့ပါကြောင်း၊ ထို့ကြောင့် ညောင်ဘီး အ.ထ.က အထက်တန်း စာစစ်ဌာန ရရှိရေးအတွက် မြန်မာနိုင်ငံ၏ ရဲတပ်ဖွဲ့စခန်း သို့မဟုတ် ရဲကင်းတစ်ခုကို ထားရှိပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

gen aung soeတနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်သည် ၁၈၃၈.၄၈ စတုရန်းမိုင်ကျယ်ဝန်းပြီး အရှေ့ဘက်တွင် မြိတ်မြို့နယ်၊ အနောက်ဘက်တွင် ကပ္ပလီပင်လယ်၊ တောင်ဘက်တွင် ဘုတ်ပြင်းမြို့နယ်၊ မြောက်ဘက်တွင် ပုလောမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပါကြောင်း၊ ကျွန်းစုမြို့နယ်သည် ကျွန်းပေါင်း ၂၀၁ ကျွန်းဖြင့် ဖွဲ့စည်းထားရှိပြီး ရပ်ကွက် ၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၀၊ ကျေးရွာပေါင်း ၁၅၂ ရွာ၊ အိမ်ခြေစုစုပေါင်း ၂၇၂၄၁ အိမ်၊ အိမ်ထောင်စု ၃၀၆၇၈ စုရှိပြီး လူဦးရေအားဖြင့် ၁၇၅၀၃၈ ဦးရှိပါကြောင်း၊ လက်ရှိကျွန်းစုမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ၁ ရုံး၊ မြို့မရဲစခန်း တစ်ခု၊ သဇင်နယ်မြေ ရဲစခန်းတစ်ခု၊ ကံမော်နယ်‌မြေရဲစခန်းတစ်ခု၊ ရှော်တောမော်နယ်မြေ ရဲစခန်းတစ်ခုနှင့် တောပြား ရဲစခန်းတစ်ခုတို့ကို ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါကြောင်း၊

ကျွန်းစုမြို့နယ်၊ သဇင်နယ်မြေရဲစခန်းသည် ကျွဲခရံကျေးရွာအုပ်စု၊ သဇင်ကျေးရွာအုပ်စုတွင် တည်ရှိပြီး ဖွဲ့စည်းပုံအားဖြင့် အရာရှိ ၈ ဦး၊ အခြားအဆင့် ၃၇ ဦး စုစုပေါင်း ၄၅ ဦးရှိရမည့်အနက် ယခုအချိန်တွင် အရာရှိ ၂ ဦး၊ အခြားအဆင့် ၁၀ ဦး စုစုပေါင်း ၁၂ ဦးနှင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်လျက် ရှိပါကြောင်း၊ သဇင်နယ်မြေ ရဲစခန်းပိုင်နယ်မြေတွင် ကျေးရွာအုပ်စု ၇ စု၊ ကျေးရွာပေါင်း ၂၉ ရွာ၊ အိမ်ခြေ ၄၅၅၆ အိမ်၊ အိမ်ထောင်စု ၄၉၉၇ စု၊ လူဦးရေအားဖြင့် ၄၀၈၄၃ ဦးတို့ရှိပြီး အမှုဖြစ်ပွားမှုအနေဖြင့်၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ် မေလအထိ အမှုကြီးဖြစ်ပွားမှု မရှိဘဲ အခြားအမှု ဖြစ်ပွားမှုအနေဖြင့်၂၀၁၅ ခုနှစ်တွင် ၅ မှု၊ ၂၀၁၆ ခုနှစ်တွင် ၅ မှုနှင့် ၂၀၁၇ ခုနှစ် ဇွန်လအထိ ၁ မှုဖြစ်ပွားခဲ့သည်ကို သိရှိရပါကြောင်း၊

ကျွန်းစုမြို့နယ်၊ ညောင်ဘီးကျေးရွာသည် သဇင်နယ်မြေရဲစခန်းအပိုင် နယ်မြေအတွင်းတည်ရှိပြီး သဇင်နယ်မြေရဲစခန်းမှ ရေမိုင် ၆ မိုင်ကွာဝေးကာ စက်လှေဖြင့် မိနစ် ၃၀ ခန့်သွားရသည့် နယ်မြေလည်းဖြစ်ပါကြောင်း၊  ညောင်ဘီးကျေးရွာအုပ်စုတွင် ညောင်ဘီးရွာ၊ ပဲယာရွာ၊ အညှင်းရွာတို့ပါဝင်ပြီး အိမ်ခြေ ၇၉၁ အိမ်၊ အိမ်ထောင်စုပေါင်း ၈၅၇ အိမ်၊ လူဦးရေ ၄၈၀၄ ဦးနေထိုင်လျက်ရှိပါကြောင်း၊ မှုခင်း ဖြစ်ပွားမှုအနေဖြင့် ၂၀၁၅ ခုနှစ် အတွင်း အခြားအမှု ၁ မှုသာ ဖြစ်ပွားခဲ့ပြီး ၂၀၁၆-၂၀၁၇ ခုနှစ် ဇွန်လအထိ  မှုခင်းဖြစ်ပွားမှု မရှိသည်ကို တွေ့ရှိရပါကြောင်း၊  ညောင်ဘီးကျေးရွာသည် သဇင်နယ်မြေရဲစခန်းမှ  ရေမိုင် ၆ မိုင်ခန့်သာ ကွာဝေးသည့်အတွက် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကိုလည်း သဇင်နယ်မြေရဲစခန်းကသာ တာဝန်ယူဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ကျွန်းစုမြို့နယ်တွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနအဖြစ် ကျွန်းစုမြို့ အထက်တန်းကျောင်း၊ ကတ္တလူရွာ အထက်တန်းကျောင်း၊ စခန်းသစ်ရွာ အထက်တန်းကျောင်းနှင့် ကံမော်ရွာ အထက်တန်းစသည့် ကျောင်း(၄)ကျောင်းကို ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊

 ကျွန်းစုမြို့နယ် အထက်တန်းကျောင်းစာစစ်သို့ ကျွန်းစုမြို့နယ် အထက်တန်းကျောင်း၊ ကမ်းကြီးရွာ အထက်တန်းကျောင်းခွဲနှင့် ညောင်ဘီး အထက်တန်းကျောင်း၊ ပန်းဇင်အထက် တန်းကျောင်းခွဲ၊ သဇင်အထက်တန်းကျောင်းခွဲ၊ မောင်းလှော် အထက်တန်းကျောင်းခွဲမှ ကျောင်းသားကျောင်းသူများ နှစ်စဉ်သွားရောက် ဖြေဆိုခဲ့ကြပါကြောင်း၊ သို့သော် ယခုအချိန်တွင် ညောင်ဘီးကျေးရွာနှင့် ၆ မိုင်သာကွာဝေးသည့် သဇင်အထက်တန်းကျောင်းခွဲကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် အထက်တန်းကျောင်းအဖြစ် တိုးမြှင့်သတ်မှတ်ပြီးဖြစ်ပါကြောင်းနှင့် သဇင်နယ်မြေရဲစခန်းလည်း တည်ရှိပြီးဖြစ်သည့်အတွက် စာစစ်ဌာနအဖြစ် ဖွင်‌့လှစ်ခွင့်လည်း လျှောက်ထားနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ညောင်ဘီးကျေးရွာအုပ်စုတွင် လူဦးရေ နှင့် မှုခင်းဖြစ်ပွားမှု နည်းပါးခြင်း၊ သဇင်နယ်မြေရဲစခန်းမှ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လွှမ်းခြုံဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ညောင်ဘီးကျေးရွာတွင် အမြဲတမ်းရဲစခန်း သို့မဟုတ် ရဲကင်းဖွင်‌့လှစ်ပေးရန် အစီအစဉ် မရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။