မေးခွန်း အကြောင်းအရာ
မြန်မာနိုင်ငံသည် ဆင်းရဲနွမ်းပါးပြီး အလုပ်အကိုင်အခွင့်အလမ်း ရှားပါးသည့်အတွက် မြန်မာနိုင်ငံသားများသည် ပြည်ပနိုင်ငံများတွင် တရားမဝင်အလုပ်သွားရောက်လုပ်ကိုင်ရပါကြောင်း၊ တရားဝင်သွားရောက် အလုပ်လုပ်ကိုင် လိုသော်လည်း တရားဝင်နိုင်ငံကူးလက်မှတ်လုပ်ရန် ငွေကြေးများစွာကုန်ကျခြင်း၊ ပြည်တွင်း/ပြည်ပ အလုပ် အကိုင်ရှာဖွေရေး အေဂျင်စီ်၊ ပွဲစားများက ငွေကြေးလိမ်လည်မှုများရှိနေခြင်း၊ ပညာအရည်အချင်းနိမ့်ပါးနေ ခြင်းတို့ ကြောင့် ပြည်ပနိုင်ငံများကို တရားမဝင်သွားရောက် အလုပ်လုပ်ရပါကြောင်း၊ နိုင်ငံသားအချင်းချင်း ပြည်ပတွင် အလုပ်လုပ်ကိုင်နေစဉ် ပေါင်းသင်းရာက ကလေးများမွေးဖွားလာပါကြောင်း၊ တရားဝင်မွေးစာရင်းရခွင့် မရှိသည့် အတွက် မွေးဖွားလာသောကလေးများသာမက၊ မိဘများပါ ပြည်ပနိုင်ငံတစ်ခုခု၏ နိုင်ငံသားအဖြစ် ခံယူသွားကြ သည်မှာ များပြားလျက်ရှိပါကြောင်း၊ နိုင်ငံမဲ့လူသားဘဝဖြစ်နေခြင်းမှာလည်း ရင်နင့်စရာ ဖြစ်နေပါကြောင်း၊ အစိုးရ၏ လူမှု ကာကွယ်ရေး စောင့်ရှောက်မှုမရသည့်အတွက် မိမိတို့နိုင်ငံ၏ အလွန်တန်ဖိုးရှိသော လူသားအရင်းအမြစ် ဆုံးရှုံး လာရပါကြောင်း၊ ပြည်ပနိုင်ငံတွင် အလုပ်လုပ်ကိုင်နေစဉ် လူကုန်ကူးခြင်း၊ လူ့အခွင့်အရေးများစွာ ဆုံးရှုံးရခြင်းများရှိပါကြောင်း၊ ယခုမေးခွန်းကို မမေးမြန်းခင် မိမိတို့၏ဒေသရှိ သက်ဆိုင်ရာကို စုံစမ်းမေးမြန်းခဲ့ရာ ၂၀၁၇ ခုနှစ် မေလအထိ ယခုမေးခွန်း၏အဖြေကို လွိုင်ကော် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကယားပြည်နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနတို့က ယင်းကိစ္စအတွက် သီးသန့်အစီအစဉ် မရှိသေးပါကြောင်းနှင့် ငါးဦးကော်မတီဖြင့်သာ မြန်မာနိုင်ငံတွင် မွေးဖွားသည့် ကလေးကိုသာ ဆောင်ရွက်ပေးသည်ဟု ဖြေကြားခဲ့ပါကြောင်း၊ ထို့ကြောင့် ပထမမေးခွန်းအနေဖြင့် တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်ကြသော ပြည်ပရောက် မြန်မာ နိုင်ငံသားအချင်းချင်း ပေါင်းသင်းရာမှ မွေးဖွားလာသော ကလေးများကို မြန်မာနိုင်ငံအစိုးရက မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုတရားဝင်မွေးစာရင်းထုတ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သို့မည်ပုံဆောင်ရွက် ပေးမည်ကိုလည်းကောင်း၊ ဒုတိယမေးခွန်းအနေဖြင့် တရားမဝင် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်ကြသော မြန်မာနိုင်ငံသားအချင်းချင်း ပေါင်းသင်းရာက မွေးဖွားလာသော ကလေးများကို တရားဝင်ကျောင်းသားများအဖြစ် လက်ခံသင်ကြားနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သို့ဆောင်ရွက်မည်ကို လည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်ပနိုင်ငံအသီးသီးတွင် တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်နေသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် နိုင်ငံသားများထဲမှ နိုင်ငံသားဖြစ်နေဆဲ ပုဂ္ဂိုလ်များနှင့် အခြားနိုင်ငံသားအဖြစ် ခံယူထားသည့် မြန်မာနိုင်ငံသားဟောင်းများ ပါဝင်နေမည် ဖြစ်ပါကြောင်း၊ ထို့အပြင် တခြားနိုင်ငံသားအဖြစ် ခံယူထားခြင်း မရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသားအဖြစ်မှ ဆုံးရှုံးသွားသည့် မြန်မာနိုင်ငံသားများလည်း ရှိနေနိုင်ပါကြောင်း၊ တခြားနိုင်ငံသားအဖြစ် ခံယူထားသူများနှင့် မြန်မာနိုင်ငံသားအဖြစ် ဆုံးရှုံးသွားသည့် နိုင်ငံသားဟောင်းများအနေဖြင့် မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူခွင့် လျှောက်ထားရန် လိုအပ်ပါကြောင်း၊ သို့မှသာလျှင် သူတို့၏ကလေးများကို မြန်မာနိုင်ငံသားများမှ မွေးဖွားသည့် ကလေးများအဖြစ် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ လျှောက်ထားမှုများကိုလည်း စိစစ်ဆောင်ရွက် နိုင်ရန်အတွက် မြန်မာနိုင်ငံသားဥပဒေပုဒ်မ ၈ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းများကို မြန်မာနိုင်ငံသားအဖြစ် သတ်မှတ်နိုင်ရေးစိစစ်ရေးအဖွဲ့ကို နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ ပြည်ပသို့ တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်ကြသည့် မြန်မာနိုင်ငံသား မိဘများက နိုင်ငံသားအဖြစ် ပြန်လည်လျှောက်ထားရန် လုပ်ငန်းအဆင့်ဆင့်ကို သတ်မှတ်လုပ်ထုံးလုပ်နည်း များနှင့်အညီ တင်ပြရမည်ဆိုပါက လျှောက်ထားသူများနှင့်အတူ တစ်ပါတည်း ပြည်ပတွင်မွေးဖွားသည့် သားသမီး များကိုလည်း လျှောက်ထားနိုင်ပါကြောင်း၊ ပြည်ပတွင်မွေးဖွားကြောင်း မွေးစာရင်းလက်မှတ်ကို သက်ဆိုင်ရာသံရုံး၊ ကောင်စစ်ရုံးများကို တင်ပြပြီး ပြည်ပတွင်မွေးဖွားခြင်း မှန်ကန်ကြောင်း ထောက်ခံချက် ပူးတွဲတင်ပြမည်ဆိုလျှင် မြန်မာနိုင်ငံသားဟောင်းများ၊ ပြည်ပတွင်မွေးသည့် မြန်မာနိုင်ငံသားဟောင်းများ၏ သားသမီးများကိုပါ မြန်မာ နိုင်ငံသားအဖြစ် ပြန်လည်လျှောက်ထားနိုင်ပါကြောင်း၊ ထို့နောက် စိစစ်ရေးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံသားအဖြစ် ပြန်လည်သတ်မှတ်သင့်ကြောင်း သဘောထားမှတ်ချက်ရမည်ဆိုလျှင် အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ၎င်းတို့၏ သားသမီးများကို ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ ၇ ပုဒ်မခွဲ (က) အရ မြန်မာနိုင်ငံသားတစ်ဦး ခံစားခွင့်ရရှိသည့် တာဝန်နှင့်အခွင့်အရေးများကို ရရှိမည်ဖြစ်ပါကြောင်း၊ ပြည်ပတွင် မြန်မာနိုင်ငံသားနှစ်ဦးက မွေးဖွားသောသားသမီးများအတွက် ကလေးမွေးဖွားကြောင်း မွေးစာရင်းနှင့်အတူ တစ်နှစ်အတွင်း မိဘ သို့မဟုတ် အုပ်ထိန်းသူက သံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးသို့ အကြောင်းကြားရမည် ဖြစ်ပါကြောင်း၊ တစ်နှစ်အတွင်း ကောင်စစ်ဝန်ရုံး၊ သံရုံးကနိုင်ငံတော်ပြင်ပတွင် မွေးဖွားခြင်းမှတ်တမ်းပုံစံ နိုင် (၈) ကို ထုတ်ပေးမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ပြင်ပတွင် မွေးဖွားခဲ့သော ကလေးများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေထိုင်မည်ဆိုလျှင် မိဘအုပ်ထိန်းသူ၊ အိမ်ထောင်စုဝင်စာရင်းတွင် အမည်သွင်းပြီးမှ မြို့နယ်ဦးစီးမှူးရုံးသို့ သတ်မှတ်သည့် အထောက်အထားစာရွက်များနှင့်အတူ လျှောက်ထားမည့် မွေးစာရင်းများ ရရှိမည်ဖြစ်ပါကြောင်း၊ တရားမဝင်၊ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာ နိုင်ငံသားအချင်းချင်း လက်ထပ်ပေါင်းသင်းရာမှ မွေးဖွားသောကလေးများနှင့် ပတ်သက်ပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊
ပြည်ပနိုင်ငံကို တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်နေသူများမှာ အဓိကအားဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံနယ်စပ်များမှတစ်ဆင့် သွားရောက်လုပ်ကိုင်သူများ များပါကြောင်း၊ ထို့ကြောင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ထိုင်းနိုင်ငံအစိုးရတို့နှင့် ညှိနှိုင်းပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးနှင့် ခရိုင်စခန်းခြောက်ခုတွင် ဝန်ထမ်းများကို စေလွှတ်ပြီး အလုပ်သမားများကို နိုင်ငံသားဟုတ်/မဟုတ် စိစစ်ပြီး မြန်မာနိုင်ငံကူး လက်မှတ်များ ထုတ်ပေးခြင်း၊ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (C of I) ထုတ်ပေးခြင်းများကို ဆောင်ရွက်လျက်ရှိပြီး တရားဝင်နေထိုင်လုပ်ကိုင်နိုင်ရန် ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ ယခုလို ဆောင်ရွက်ပေးစေခြင်းအားဖြင့် ထိုင်းနိုင်ငံအတွင်း တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား အလုပ်သမားများ တရားဝင်နေထိုင် လုပ်ကိုင်ခွင့်ရရှိပြီး ပြည်ပရောက်နိုင်ငံသားများ အချင်းချင်း လက်ထပ်ပေါင်းသင်းရာမှ မွေးဖွားလာသည့် ကလေးများကိုလည်း မြန်မာနိုင်ငံသားဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် အညီ တရားဝင်မြန်မာ နိုင်ငံသားအဖြစ် အသိအမှတ်ပြု ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊
ဒုတိယအပိုင်းမေးခွန်းဖြစ်သည့် ပြည်ပရောက်မြန်မာနိုင်ငံသားများ မွေးဖွားလာသည့် ကလေးငယ်များနှင့် ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသား သားသမီးများအနက်မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ် အတွင်း ပြည်ပရောက်နိုင်ငံသားများ၏ သားသမီးများကို ပညာသင်ယူနိုင်ရန်အတွက်ကို ၂၀၁၆-၁၇ ပညာသင်နှစ်တွင် ကျောင်းပြင်ပမူလတန်း ပညာရေးအစီအစဉ်ကို ဌာနဘဏ္ဍာရေးရန်ပုံငွေဖြင့် အခြေစိုက်စခန်း ၁၃ ခုတွင် ဆရာဆရာမ ၃၀ ဦးဖြင့် အဆင့်(၁)သင်ယူသူ ၃၄၁ ဦးရှိပါကြောင်း၊ အဆင့်(၂) သင်ယူသူ ၂၂၂ ဦးကို သင်ကြားပို့ချပေးလျက်ရှိပါကြောင်း၊ ကျောင်းသားများအနေဖြင့် ကျောင်းပြင်ပ မူလတန်းပညာရေး အဆင့် (၁) မှ အဆင့်(၂) ပြီးဆုံးခဲ့သူဖြစ်ပါက ကျောင်းပညာရေးအလယ်တန်းအဆင့်ကို စတင်ဝင်ရောက် သင်ယူနိုင်ရေး အတွက်ကို ပညာရေးဝန်ကြီးဌာနအနေဖြင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အလားတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် မွေးဖွားလာသည့်ကလေးများ တရားဝင်မွေးစာရင်းရရှိရေးနှင့် ကျောင်းနေအရွယ် ရောက်မည်ဆိုလျှင် တရားဝင်ကျောင်းသားအဖြစ် လက်ခံသင်ကြားနိုင်ခွင့် ရှိရေးသည် အခြေခံလူ့အခွင့်အရေးတစ်ခု ပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မွေးဖွားလာသည့် ကလေးများကို မွေးစာရင်း ထုတ်ပေးခြင်းလုပ်ငန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများမှတစ်ဆင့် ဆောင်ရွက်ပေးနေပါကြောင်း၊ လက်ရှိအခြေအနေတွင် မွေးဖွားမှုနှင့် သေဆုံးခြင်းဆိုင်ရာ မှတ်ပုံတင်ခြင်းကို ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ထားသည့် မွေးဖွားမှု၊ သေဆုံးခြင်းနှင့် မှတ်ပုံတင်ဆိုင်ရာ စာအုပ်ပါညွှန်ကြားချက် အတိုင်း မွေးဖွား၊ သေဆုံးခြင်း၊ မှတ်ပုံတင်ခြင်းအား ဖြစ်ပေါ်သည့်နေရာ (Place of Occurrence) အတွင်းတွင်သာ မှတ်ပုံတင်ခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါကြောင်း၊ မိမိဆိုလိုသည်မှာ ပြည်ပနိုင်ငံအတွင်း ရောက်ရှိနေသည့် နိုင်ငံသားများ၏ ကလေးများကို လက်ရှိဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်း၊ ၎င်းကိစ္စသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တစ်ခုတည်းဖြင့်လည်း ဆောင်ရွက်ရသည့် အနေအထားမဟုတ်ပါကြောင်း၊ ပြည်ပနိုင်ငံများတွင် တရားမဝင်သွားရောက်လုပ်ကိုင်ကြသည့် မြန်မာနိုင်ငံသားများမှ မွေးဖွားသည့်ကလေးတိုင်း သည် မွေးစာရင်းတရားဝင် ထုတ်ပေးရေးကိစ္စကို သီးခြားကိစ္စသတ်မှတ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ တိုင်းဒေသကြီး/ပြည်နယ် ကျန်းမာရေးဦးစီးဌာနနှင့် တခြားနိုင်ငံတကာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ရှေ့လုပ်ငန်းစဉ်များ၊ နည်းဗျူဟာများချမှတ်ပြီး စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်ပရောက် တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံသားများအနေဖြင့် မိမိတို့၏ မှတ်ပုံတင်စာရင်းရရှိရေး၊ အိမ်ထောင်စုစာရင်းရရှိရေး၊ ပြည်ပတွင် မွေးဖွားသည့်ကလေးများ မွေးစာရင်းရရှိရေးကို ပြည်တွင်းတွင်ရှိသည့် သတ်မှတ်ထားသော ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စောင့်ရှောက်ပေးမည်ဆိုပါက မိမိတို့နိုင်ငံသားများ ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေနှင့် နိုင်ငံသားများကို အခြေခံလူ့အခွင့်အရေးများနှင့်အညီ ဆောင်ရွက်ပေးမည့် လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်းနှင့် သက်ဆိုင်ရာဒေသများတွင် မည်သို့မည်ပုံဆောင်ရွက် မည်ကို ညှိနှိုင်းပြီး နိုင်ငံသားများအတွက် အခွင့်အရေးများ ရရှိအောင်နှင့် မွေးစာရင်းများ ထုတ်ပေးနိုင်ရေးအတွက်ကို ဆောင်ရွက်သွားပါမည်၊ ရွှေ့ပြောင်းနိုင်ငံသား လုပ်သားများအနေဖြင့်လည်း မိမိနိုင်ငံတွင် ထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးကိုလည်း ကိုယ်စားလှယ်ကြီးများက ပညာပေးမှုများ၊ စည်းရုံးမှုများဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ပေးသင့်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း အစွမ်းကုန်ကြိုးစားပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါက်တာဒေါ်ခင်စည်သူ (လွိုင်ကော်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ဝန်ကြီး၏ ဖြေကြားချက်၌ ပြည်ပနိုင်ငံတွင် အလုပ်လုပ်နေသည့် မိဘနှင့် ကလေးများကို ကောင်စစ်ဝန်ရုံးတွင် သွားရောက်ချိတ်ဆက်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရမည့်ကိစ္စနှင့် ပတ်သက်၍ တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်သူများအနေဖြင့် တရားစွဲခံရမည်ကို ကြောက်ပြီး ဆက်လက်လုပ်ကိုင်ခြင်းမရှိဘဲ အိမ်ထောင်စုစာရင်းဝင်ဖြစ်သည့် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ရောက်လာခြင်းများလည်းရှိပါကြောင်း၊ သို့သော် ကလေးသည် နိုင်ငံမဲ့ဖြစ်နေသည့်အတွက် မွေးစာရင်း (Birth Certificate) လည်း မရပါကြောင်း၊ ၎င်းအခက်အခဲကို စဉ်းစားဖြေရှင်းပေးရန် လိုအပ်ပါကြောင်း၊ ပညာရေးနှင့် ပတ်သက်၍လည်း ပညာရေးစီမံကိန်းတွင် အစိုးရစစ် စာမေးပွဲများတွင် မှတ်ပုံတင်နံပါတ် ပေးရသည့်အတွက် မပေးနိုင်သည့်သူများကို အစိုးရစစ်စာမေးပွဲများတွင် ဖြေခွင့်မရခြင်းကြောင့် လူသားအရင်းအမြစ် ဆုံးရှုံးရပါကြောင်း၊ ထို့ကြောင့် တက်သစ်စလူငယ်များအတွက် စဉ်းစားပေးပြီး ပြန်လာသည့်ကလေးများကို မှတ်ပုံတင်ရရှိရေး မွေးစာရင်းရရှိရေးကို ညွှန်ကြားပေးပါကြောင်း၊ မည်ကဲ့သို့လည်း ထပ်မံပြုလုပ် ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ
ဝန်ကြီးဌာနအနေဖြင့် ယခုအချိန်တွင် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးနိုင်ပါကြောင်း၊ မွေးစာရင်းကိစ္စကို ကျန်းမာရေးဝန်ကြီးဌာနလည်းကောင်း၊ ပညာရေးကိစ္စကို ပညာရေးဝန်ကြီးဌာနနှင့်လည်းကောင်း ညှိနှိုင်းပြီး နိုင်ငံသားများ၏ ကလေးများ နိုင်ငံသားပြန်လည်ရရှိရေးနှင့် ၎င်းတို့၏ အခွင့်အရေးများ၊ ပညာရေး၊ ကျန်းမာရေး ကိစ္စများ မဆုံးရှုံးရေးအတွက်ကို စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြား ပါသည်။
