(ဃ)- ၂၀၀၃-၂၀၀၄ခုနှစ်တွင်ဂရိတ်ဝေါကုမ္ပဏီက သကြားစက်ရုံ တည်ဆောက်ရန် သိမ်းယူခဲ့သော ထီးချိုင့်မြို့နယ်၊ မြတောင်ကျေးရွာအုပ်စု၊ အောင် သာယာကျေးရွာနေ တောင်သူ (၂၈)ဦး၏ လယ် ယာမြေ(၄၂.၀၆)ဧကကို မူလမြေပိုင်ရှင်များ ထံ ပြန်လည်ပေးအပ်နိုင်ရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၁၉.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u mg mgစစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ၂၀၀၃-၂၀၀၄ ခုနှစ်၌ သကြား စက်ရုံ တည်ဆောက်ရန် ထီးချိုင့်မြို့နယ်၊ အေးချမ်းဖြိုးကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မြေ စာရင်းမှူး၊ ဂရိတ်ဝေါကုမ္ပဏီပိုင်ရှင် ဦးတင်မောင်တို့သည် မြတောင်ကျေးရွာအုပ်စု အောင်သာယာ ကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ် ၁၆ လုံး အပါအဝင် တောင်သူ ၂၈ ဦးပိုင် လယ်မြေ ၇.၂၉ ဧက၊ ယာမြေ ၁၈ ဧက၊ ကိုင်းမြေ ၁၆.၇၂ ဧက စုစုပေါင်း ၄၂.၀၆ ဧကကို  လယ်မြေတစ် ဧကလျှင် ၁၅၀၀၀၀၊ ယာမြေ တစ်ဧကကို ၁.၃၅ သိန်းနှင့် ပေးချေသိမ်းဆည်းခဲ့ပါကြောင်း၊ ထိုသို့ သိမ်းဆည်းရာတွင်လည်း စိုက်ပျိုးသည့် လယ်ယာမြေအပြင် ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်များကိုပါ နေရာပြောင်းရွှေ့ပေးခဲ့ရကြောင်း၊ ပြောင်းရွှေ့ခအဖြစ် နှစ်ခန်းအိမ်တစ်အိမ်ကို ၁၅၀၀၀၀၊ သုံးခန်းအိမ်ကို ၂၀၀၀၀၀နှင့် ဘုန်းတော်ကြီးကျောင်းအတွက် ပေးချေခဲ့ခြင်းမရှိသည်ကို သိရှိရပါကြောင်း၊ သို့သော်အဆိုပါနေရာသည် သကြားစက်ရုံအတွက် ရေရရှိရေး အခက်အခဲ ကြောင့် စက်ရုံမတည်ဖြစ်ဘဲ အောင်သာယာကျေးရွာ၏ အောက်ဘက် လက်ရှိတည်ထားသည့် မောင်းကုန်းကျေးရွာအနီးတည်ဆောက်ခဲ့ပြီး ယခုအချိန်ထိ လည်ပတ်နေပါကြောင်း၊ အဆိုပါ သိမ်းဆည်းခံ တောင်သူများကလည်း မိမိတို့၏လယ်ယာမြေကို ဂရိတ်ဝေါလ်အကျိုးတူထံမှ နှစ်စဉ် သီးစားခပေးပြီး ယခုအချိန်အထိ စိုက်ပျိုးလာခဲ့ရပါကြောင်း၊

 ၂၀၁၄ ခုနှစ်တွင် အောင်သာယာကျေးရွာနေ ဦးခွန်မောင်လင်းပါ ၂၈ ဦးသည် ၁-၅-၂၀၁၄ နေ့စွဲဖြင့် ၎င်းတို့၏လယ်ယာမြေကို ပြန်လည်ရရှိရေးအတွက် ပထမအကြိမ် အမျိုးသားလွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမားအကျိုးစီးပွားမြှင့်တင်ရေးကော်မတီသို့ တိုင်ကြားခဲ့ပါ ကြောင်း၊ ၎င်းကော်မတီမှ အဆိုပါစာကို လက်ခံရရှိကြောင်းနှင့် အစိုးရအဖွဲ့ရုံးသို့ ဆက်လက် ပေးပို့ခဲ့သော်လည်း အကြောင်းတစ်စုံတစ်ရာပြန်ကြားခဲ့ခြင်းမရှိကြောင်း၊ ထိုမှတစ်ဆင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌကြီး၏လမ်းညွှန်ချက်အရ တိုင်ကြားစာကိစ္စကို အမျိုးသားလွှတ်တော်တွင် ကြယ်ပွင့်မပြမေးခွန်းမေးမြန်းရာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ အဆိုပါ ကော်မတီ၏ တင်ပြစာနှင့် ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ပြီးစီးမှုအခြေအနေအကြောင်းပြန်ခြင်းတွင် ကော်မတီ ဥက္ကဋ္ဌ ဦးဆွေအောင်က ဂရိတ်ဝေါလ်ကုမ္ပဏီသည် အဆိုပါ လန(၃၉)ရရှိထားသောမြေ၌ ၂၀၀၅ ခုနှစ်မှ စတင်၍ သကြားစက်ရုံ ဆောက်လုပ်လည်ပတ်ခဲ့ပြီး လုပ်ငန်းများဆောင်ရွက်လျက် ရှိပါသဖြင့် အဆိုပါမြေအား ပြန်လည်စွန့်လွှတ်လိုမှု မရှိသည်ကို သိရှိပါကြောင်းဟူ၍ စာဖြင့် ပြန်ကြားခဲ့ပါ ကြောင်း၊

အောင်သာယာတောင်သူများက အဆိုပါဖြစ်စဉ်အား ၂၀၁၆ ခုနှစ်တွင် ထပ်မံတင်ပြ လာသည့်အပေါ် မိမိကိုယ်တိုင်ကွင်းဆင်းကြည့်ရှုခဲ့ပြီး မည်သည့်စက်ရုံမှမရှိဘဲ မြေပြင် ပကတိ ဖြစ်နေသည်ကို တွေ့ရှိရသည့်အတွက် အမျိုးသားလွှတ်တော်ကိုလည်း မှားယွင်းဖြေဆိုထားသည်ကို သိရှိရပါကြောင်း၊

ထို့ကြောင့် ၂၀၀၃-၂၀၀၄ ခုနှစ်တွင် ဂရိတ်ဝေါကုမ္ပဏီက သကြားစက်ရုံတည်ဆောက်ရန် သိမ်းယူခဲ့သော ထီးချိုင့်မြို့နယ်၊ မြတောင်ကျေးရွာအုပ်စု၊ အောင်သာယာကျေးရွာနေ တောင်သူ ၂၈ ဦး၏လယ်ယာ မြေစုစုပေါင်း ၄၂.၀၆ ဧကကို မူလမြေပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ
ဖြေကြားချက် 

u hla kyawအဆိုပါလယ်ယာမြေများသည် ထီးချိုင့်မြို့နယ်၊ မြတောင်ကျေးရွာအုပ်စုနှင့် ပေါက်နက် ကျေးရွာ အုပ်စုမှ ကွင်းများဖြစ်ကြပြီး လယ်မြေ ၇.၂၉ ဧက၊ ယာမြေ ၁၈ ဧက၊ ကိုင်းမြေ ၁၆.၇၇ ဧက စုစုပေါင်းဧရိယာ ၄၂.၀၆ ဧကဖြစ်သည်ကို သိရှိရပါကြောင်း၊ အဆိုပါမြေများကို လယ်ယာ မြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေပုဒ်မ ၃၉ အရ အခြားနည်း အသုံးပြုခွင့်လျှောက်ထားခဲ့ရာတွင် စစ်ကိုင်းတိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏  ၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က လန(၃၉) ခွင့်ပြုမိန့်ပေးထားသည်ကို သိရှိရပါကြောင်း၊

အဆိုပါမြေများကို ယခင်ကတောင်သူ ၁၁ ဦး ပိုင်ဆိုင်ခဲ့ပြီး အစိုးရဌာနအဖွဲ့အစည်းများက သိမ်းယူပေးခဲ့ခြင်းမဟုတ်ဘဲ ဂရိတ်ဝေါလ်ကုမ္ပဏီနှင့် ဒေသခံ တောင်သူများ၏ နှစ်ဖက်သဘောတူ ကျေနပ်မှုစာချုပ်စာတမ်းများဖြင့် ခေတ်ကာလပေါက်ဈေးနှုန်း တစ်ဧက ၁၅၀၀၀၀ နှုန်း၊ ၁၃၅၀၀၀ နှုန်းဖြင့် အသီးသီးဝယ်ယူခဲ့ပြီး သကြားစက်ရုံတည်ဆောက်ရန် လန(၃၉) လျှောက်ထားခဲ့သည်ကို သိရှိရပါကြောင်း၊ အဆိုလယ်ယာမြေများအနက် အောင်သာယာကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိ ရပ်ဖများနှင့် ကျေးရွာသူကျေးရွာသားများ၏ ကျေးရွာစာသင်ကျောင်း ဆောက်လုပ်ရန် တောင်းဆို မှုကြောင့် ကုမ္ပဏီက မြေဧက ၄၂.၀၆ ဧကအနက် ၂ ဧကကို ၂၀၁၂ ခုနှစ်တွင် ပြန်လည် လှူဒါန်း ပေးခဲ့ကြောင်း၊ ကျန်ရှိသည့် ဧရိယာ ၄၀ သည် စက်ရုံတည်ဆောက်ရန် လုံလောက်သည့် မြေဧရိယာအကျယ်အဝန်းမရှိခြင်းကြောင့် စက်ရုံသုံးရေ လိုအပ်မှုအခြေအနေများအရ သကြား စက်ရုံကို မောင်းကုန်းကျေးရွာအနီးတွင် တည်ဆောက်ခဲ့သည်ကို သိရှိရပါကြောင်း၊

ထို့ကြောင့် မူလက သကြားစက်ရုံတည်ဆောက်ရန် လျာထားခဲ့သည့် မြေဧရိယာ ၄၀.၀၆ ဧကတွင် ကုမ္ပဏီအနေဖြင့် ဂိုဒေါင်နှင့်ဝန်ထမ်းအိမ်ရာအတွက် ရည်ရွယ်ပြီး ၁၂၀ ပေ x ၂၄ ပေရှိ အဆောက် အဦတစ်လုံးကို ဝ.၀၆၆ ဧက အသုံးပြုတည်ဆောက်ထားပြီး  ၃၉.၉၉ ဧက(ဧက ၄၀ ခန့်) ကျန်ရှိနေသည်ကို သိရှိရပါကြောင်း၊ လယ်ယာမြေ အခြားနည်း အသုံးပြုခွင့်ရရှိထားမှုအနေဖြင့် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ မတိုင်မီကိစ္စရပ်ဖြစ်သော်လည်း သတ်မှတ်ထားသည့် နည်းလမ်း အတိုင်း အသုံးမပြုခြင်းအတွက် ယခုပြဋ္ဌာန်းထားသည့် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေ ၉၀၊ ၉၁၊ ၉၂၊ ၉၃ တို့နှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ပြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအနေဖြင့် ပြန်လည် စိစစ်ဆောင်ရွက် ပေးသွားရမည်ဖြစ်ကြောင်းပြန်လည်ဖြေကြားပါသည်။