(က)-နိုင်ငံအဝန်းရှိ တောင်သူ လယ်သမားများ၏ ထွက်ကုန်သီးနှံများ ဈေးကောင်း ရရှိရေးအတွက် နိုင်ငံတော်အစိုးရမှ ခိုင်မာသော နိုင်ငံခြားဈေးကွက် ရှာဖွေပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၁၆.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

kyaw ag lwinတောင်သူများ၏ ထွက်ကုန်သီးနှံများအတွက် ဈေးကွက်သည် တည်ငြိမ်ခိုင်မှု မရှိခြင်းကြောင့် တောင်သူများအနေဖြင့် နစ်နာဆုံးရှုံးနစ်နာမှုများ ကြုံတွေ့ရပါကြောင်း၊ ထို့အပြင် ရာသီဥတု ဖောက်ပြန်ခြင်း၊ ပိုးမွှားကျခြင်း၊ သဘာဝဘေးများဖျက်ဆီးခြင်း၊ အရင်းအနှီးနှင့် နည်းပညာ ချို့တဲ့ခြင်း၊ စပါးပေါ်ချိန်တွင် စပါးဈေးကျခြင်း၊ ပဲပေါ်ချိန်တွင် ပဲဈေးကျခြင်းစသည့် အကြောင်းများ ကြောင့် တောင်သူများအခက်အခဲကြုံတွေ့ရပါကြောင်း၊

ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁) ပုဒ်မ ၂၃ ပုဒ်မခွဲ(ခ)တွင် နိုင်ငံတော်သည် တောင်သူ လယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်သည့် ကောက်ပဲသီးနှံများကို သင့်တင့်မျှတသည့် တန်ဖိုး ရရှိရန် ကူညီဆောင်ရွက်မည်ဟု ပါရှိပါကြောင်း၊ တောင်သူများ၏ ထွက်ကုန်သီးနှံများကို ဈေးကောင်း ရရှိစေရန် ဈေးကွက်တစ်ခုကိုသာ မှီခိုအားထားခြင်း မပြုဘဲ ပိုမိုကျယ်ပြန့်ခိုင်မာသော၊ ပိုမိုအကျိုးရှိမည့်ဈေးကွက်များနှင့် ချိတ်ဆက်ရောင်းဝယ်ရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံ အဝန်းရှိ တောင်သူလယ်သမားများ၏ ထွက်ကုန်သီးနှံများ ဈေးကောင်းရရှိရေးအတွက် နိုင်ငံတော် အစိုးရမှ ခိုင်မာသောနိုင်ငံခြားဈေးကွက်ရှာဖွေပေးရန်အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်ကဲ့သို့ဆောင်ရွက်ထားသည်ကိုသိရှိပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးအောင်ထူး
အဖြေ
ဖြေကြားချက် 

u aung htooနိုင်ငံအဝန်းရှိ တောင်သူလယ်သမားများ၏ ထွက်ကုန်သီးနှံများ ဈေးကောင်းရရှိနိုင်ရေးအတွက် သတင်းအချက်အလက်ရရှိနိုင်ရေးသည် အရေးကြီးသည့်အတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် လယ်ယာထွက်ကုန်သီးနှံများ၏ နေ့စဉ်ကုန်စည် ဒိုင်ပေါက် ဈေးများ၊ နိုင်ငံတကာ ပေါက်ဈေးများကို မြန်မာ့အသံနှင်‌့ရုပ်မြင်သံကြားအစီအစဉ်များတွင်လည်း ကောင်း၊ FM ရေဒီယို အစီအစဉ်များတွင်လည်းကောင်း၊ Commerce Journal အပါအဝင် ဂျာနယ်၊ စာစောင်များတွင်လည်းကောင်း ဖော်ပြပေးလျက်ရှိသည့်အပြင် ဝန်ကြီးဌာန၏ Website များဖြစ်သည့် Commerce Website, Myanmar Trade Website, Trade Promotion Website စသည့် Website များတွင်လည်း ထည့်သွင်းဖော်ပြပေးလျက်ရှိပါကြောင်း၊

တိုင်းဒေသကြီး/ပြည်နယ်များတွင် ပို့ကုန်ပိုမိုမြှင့်တင်နိုင်ရန် မြန်မာ့ကုန်သွယ်မှုဗဟိုဌာန ၁၂ ခုကို ဖွင့်လှစ်ထားရှိသည့်အပြင် တောင်သူများ၏ ထုတ်ကုန်များ ဈေးနှုန်းမှန်ကန်စွာ ရရှိနိုင်ရေး အတွက် ထုတ်ကုန်ရောင်းချသူအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှု ဇုန်များကို တိုးချဲ့ဆောင်ရွက်လျက်ရှိပါကြာင်း၊ (၈)ကြိမ်မြောက် ကမ္ဘာ့ဆန်စပါးညီလာခံသို့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီးနောက် ကမ္ဘာ့ဆန်ဈေးကွက်သို့ ပြန်လည် ချိတ်ဆက်နိုင်ခဲ့ပြီး EU နိုင်ငံများ၊ အာဖရိကနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၅၃ နိုင်ငံသို့ ဈေးကွက်များ ရရှိခဲ့သည့်အတွက် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ဆန်တန်ချိန် ၁.၇၄ သန်း အထိ တိုးချဲ့တင်ပို့နိုင်ခဲ့ပါကြောင်းနှင့် ဆန်စပါးများပိုမိုတင်ပို့နိုင်ရန် ရည်ရွယ်ပြီး  TRT Myanmar Rice Network 2017 ၏ ပထမဆုံးအကြိမ် အစည်းအဝေးကို ရန်ကုန်မြို့တွင် ဧပြီလအတွင်းက ကျင်းပနိုင်ခဲ့ပါကြောင်း၊

နှမ်းမျိုးစုံတင်ပို့မှုတွင် ယခင်က တရုတ်နိုင်ငံကိုသာ အားထားတင်ပို့နေရာမှ  ယခု ဘဏ္ဍာနှစ် အတွင်း နိုင်ငံပေါင်း ၁၂ နိုင်ငံကို ဈေးကွက်ချဲ့ထွင်နိုင်ခဲ့ပါကြောင်း၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ ပဲတင်ပို့ရာတွင် ရရှိထားသော ဈေးကွက်ခိုင်မာရေးနှင့် ဈေးကွက်အသစ်များ တိုးတက်ရရှိနိုင်စေရန် EU စစ်ဆေးရေးအဖွဲ့ (EU Audit)နှင့်ပူးပေါင်း၍ ပြည်တွင်းထုတ်လုပ်မှုလုပ်ငန်းစဉ်များအား EU လက်ခံနိုင်သည့်အဆင့်ရောက်ရှိရန် ရှေ့ပြေးစမ်းသပ်စီမံချက်များဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ(GAP) ကိုပညာပေးခြင်း၊ ဒေသရေမြေနှင့် ကိုက်ညီသည့်စိုက်ပျိုးနည်းစနစ်များ၊ သီးနှံ ပုံစံ(Cropping Pattern)များ ဖြစ်ပေါ်စေရေးတို့ကို တောင်သူများနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များတွင် ဓာတုဗေဒပစ္စည်းများ၊ ပိုးမွှားများကင်းစင်ရေးနှင့် အစားအစာဘေးအန္တရာယ်ကင်းစင်ရေးအတွက် ဓာတ်ခွဲစမ်းသပ်မှုများကိုလည်း ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲများ၏ ပြည်ပခရီးစဉ်နှင့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၏ ခရီးစဉ်များတွင် ပို့ကုန်တင်ပို့ရေး ဆွေးနွေး ညှိနှိုင်းခြင်းကို ဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်သွယ်လုပ်ငန်းရှင်အဖွဲ့အစည်းများ အနေဖြင့် လည်းကောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင် အနေဖြင့်လည်းကောင်း ပို့ကုန်ဈေးကွက်များရရှိအောင် ဆောင်ရွက် လျက်ရှိကြပါကြောင်း၊ ထို့အပြင် ထိုင်း၊ အိန္ဒိယ၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများနှင့် ကုန်သွယ်ရေး ပူးတွဲ ကော်မရှင်များထူထောင်ထားရှိပြီး ယင်းကော်မရှင်များနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ညှိနှိုင်းရေးပူးပေါင်းကော်မတီအစည်းအဝေးများတွင် လယ်ယာ ထွက်ကုန်သီးနှံများအပြင် ပို့ကုန်များ တိုးတက်တင်ပို့နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း၊

စီးပွားရေးတွင် အဓိကကျသော နိုင်ငံကိုးနိုင်ငံရှိ မြန်မာသံရုံး၊ ကောင်စစ်ဝန်ရုံးများတွင် စီးပွားရေး သံမှူးများခန့်ထားပြီး မြန်မာပို့ကုန်များ ပြည်ပကုန်သည်များနှင့်ချိတ်ဆက်နိုင်ရေး၊ ကုန်သွယ်မှု ဆိုင်ရာ ဈေးကွက်သတင်းအချက်အလက်များ ရရှိနိုင်ရေးကိုလည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ပကုန်စည်ပြပွဲများတွင်လည်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့အနေဖြင့် ဦးဆောင် ပါဝင် လျက်ရှိပါကြောင်း၊ ထို့သို့ဆောင်ရွက်မှုများကြောင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် လယ်ယာထွက် ပစ္စည်းတန်ချိန် ၆.၄၉ သန်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၉၂၈ သန်းကျော်ကို တင်ပို့နိုင်ခဲ့ပါကြောင်း၊

ပြည်ပပို့ကုန်တင်ပို့ရာတွင် အဓိကပို့ကုန်တစ်ခုဖြစ်သော သဘာဝဓာတ်ငွေ့သည် နိုင်ငံတကာ ဈေးနှုန်း ကျဆင်းခြင်း၊ ထုတ်လုပ်မှုလျော့နည်းခြင်းတို့ကြောင့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ထက် အမေရိကန် ဒေါ်လာ ၁.၄ ဘီလီယံခန့် လျော့နည်းတင်ပို့နိုင်ခဲ့သော်လည်း လယ်ယာကုန်ထွက် ပစ္စည်းများ၊ CMP ကုန်ထွက်ပစ္စည်းများ၊ Re-Export များတွင်ပို့ကုန် ပိုမိုတိုးတက် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ယခင်နှစ်ကထက် အမေရိကန်ဒေါ်လာ သန်း ၈၆၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါကြောင်း၊ ယင်းသို့ ပို့ကုန်ဈေးကွက်များ ပိုမိုရရှိလာသော်လည်း မြန်မာနိုင်ငံမှ ထွက်ရှိသော လယ်ယာထွက်ကုန်များသည် တစ်ဧကအထွက်နှုန်း နိမ့်ကျခြင်း၊ ထုတ်လုပ်မှု စရိတ်မြင့်မားနေခြင်း၊ ကုန်ပစ္စည်းအရည်အသွေးလျော့နည်းနေခြင်း၊ ဝယ်ယူ၊ သိုလှောင်၊ သယ်ယူ ပို့ဆောင်ဖြန့်ဖြူးရောင်းချစရိတ်(Logistic Cost)ကြီးမားနေခြင်း၊ တင်ပို့ချိန်တွင် ဈေးကွက် လိုအပ်ချက်အတိုင်း အချိန်မီတင်ပို့နိုင်စွမ်းနည်းပါးခြင်းစသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည့် အပြင် လယ်ယာထွက်ကုန်များသည် အိမ်နီးချင်းနိုင်ငံများ၏ဈေးကွက်ပေါ်မှာသာ မှီခို နေရခြင်း ကြောင့် ယင်းနိုင်ငံများ၏ ဈေးကွက် ပြောင်းလဲပါက မြန်မာနိုင်ငံ၏ ပို့ကုန်လုပ်ငန်းကို များစွာ ထိခိုက်စေပါကြောင်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင်‌့ လယ်ယာပို့ကုန်ဈေးကွက် တိုးချဲ့နိုင် ရေးအတွက် ပို့ကုန်ယှဉ်ပြိုင်မှုအား ကောင်းလာရာတွင် အဓိကအားဖြင့် ငွေကြေး၊ အရင်းအနှီး၊ နည်းပညာနှင့် အခြား အထောက်အပံ့ပြုပြင်ပြောင်းလဲမှုများ အထူး လိုအပ်လျက်ရှိပါကြောင်း၊

 နိဂုံးချုပ်အားဖြင့် ခိုင်မာသော ပြည်ပဈေးကွက်ရရှိရေးအတွက် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှု ဖွံ့ဖြိုး တိုးတက်ရေး နှစ်လတ်လုပ်ငန်းအစီအစဉ်ကို မဏ္ဍိုင်ငါးရပ်ဖြင့် ရေးဆွဲ အကောင်အထည်ဖော် လျက် ရှိပါကြောင်း၊ ယင်းအစီအစဉ်များတွင် တောင်သူလယ်သမားများနှင့် ပို့ကုန် လုပ်ငန်းရှင်များ ပိုမို ပူးပေါင်းပါဝင်လာသည်နှင့်အမျှ တောင်သူလယ်သမားများ၏ စိုက်ပျိုးသီးနှံများ ဈေးကွက် ခိုင်မာ လာပြီး စိုက်ပျိုးသီးနှံများကို အားပြုဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့်လည်း အကျိုး အမြတ်ပိုမိုရရှိလာမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။