မေးခွန်း အကြောင်းအရာ
မေးခွန်း(၁)အနေဖြင့် တတိယတန်းဖတ်စာအုပ်ပါ အောင်ဆန်းဇာနည်ကဗျာ၏အောက်တွင် မူရင်း ကဗျာဆရာ၏ကလောင်အမည်ကို ဖော်ပြရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း၊ မူရင်းကဗျာ ဆရာကို ဖော်ပြသင့်သည် (သို့မဟုတ်) ဖော်ပြရန် မလိုအပ်ဟူသည့် အချက်တစ်ခုချင်းစီအတွက် အကြောင်းပြချက်ကိုယ်စီကိုယ်စီ ရှိကြသော်လည်း မိမိအနေဖြင့် ဖော်ပြသင့်သည့်ဟု ထင်မိပါ ကြောင်း၊ ထိုသို့မဟုတ်ပါက အဆိုပါကဗျာရေးသားသူအမည်နှင့် ပတ်သက်၍ အငြင်းပွား နေကြ သည်ကို မြင်တွေ့ကြားသိခဲ့ရပါကြောင်း၊
မေးခွန်း(၂)အနေဖြင့် တတိယနှစ်ကဗျာဖတ်စာတွင်ဖော်ပြထားသော ခေတ်ကာလနှင့် မလျော်ညီသည့် အငြင်းပွားဖွယ် နောက်ဆုံး အပိုဒ်ကို ဖြုတ်ပြီး မူရင်းကဗျာအတိုင်းဖော်ပြပေးရန် အစီအစဉ်ရှိ/မရှိ ဖြစ်ပါကြောင်း၊ အဆိုပါကဗျာကိုရေးသားသူ ဆရာတင်မိုးကိုယ်၌ကလည်း သင်ရိုးညွှန်းတမ်းတွင် ဖော်ပြထားသည့် နောက်ဆုံးအပိုဒ်သည် မိမိရေးသားထားသည့် မူရင်း အတိုင်း မဟုတ်ကြောင်းကို အသံလွှင့်ဌာနတစ်ခုတွင် ဖြေကြားခဲ့သည်ဟု မှတ်သားရပါကြောင်း၊ ယခုကိစ္စနှင့်ပတ်သက်၍ ဆရာကြီးမောင်မိုးသူ၊ ဆရာကြီးကိုလေး အင်းဝ ဂုဏ်ရည်ကဲ့သို့သော ခေတ်ပြိုင်စာရေးဆရာကြီးအပါအဝင် စာရေးဆရာများ၊ ပညာရှင်များနှင့် ကိုယ်တိုင်တွေ့ဆုံ ဆွေးနွေးခြင်းများ၊ ဖုန်းဖြင့်ဆက်မေးခြင်းများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ရာ ထိုအပိုဒ်ကို ဆရာ တင်မိုး ရေးသားခြင်း မဖြစ်နိုင်ကြောင်းကို အကျိုးအကြောင်းခိုင်လုံစွာ ထောက်ပြခဲ့ပါကြောင်း၊ ထို့ပြင် ဆရာတင်မိုး၏ မိသားစုကိုယ်စားပြု ဆရာ သမီးကြီးမမိုးမိုးစံနှင့် တွေ့ဆုံခဲ့ရာတွင် မူရင်းကဗျာတွင် တို့ပြည်ကောင်းအောင်လမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွားဟု ရေးသားထားခြင်းဖြစ်ကြောင်းကို နှုတ်ဖြင့်ဖြေကြားခဲ့သည့်အပြင် စာဖြင့်လည်း လက်မှတ်ရေးထိုး ရေးသားပေးပို့ခဲ့ပါကြောင်း၊
ထို့ကြောင့် သင်ရိုးညွှန်းတမ်းတွင် မူရင်းအတိုင်းဖော်ပြပေးရန် အစီအစဉ်ရှိ/မရှို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကျောင်းသုံးစာအုပ်များတွင် ကဗျာများပြဋ္ဌာန်းမှုနှင့် စပ်လျဉ်းပြီး စာအုပ်အတွင်း၌ မူရင်းကဗျာဆရာကြီး စာရေးသူအမည်များကိုဖော်ပြ၍ ဆက်လက် ပုံနှိပ်ရန် စီစဉ် ထားပြီးဖြစ်ပါကြောင်း၊
ဒုတိယမေးခွန်းနှင့်စပ်လျဉ်း၍ အခြေခံပညာအဆင့် တတိယတန်းမြန်မာဖတ်စာအုပ်တွင် ဖော်ပြ ထားသည့် အောင်ဆန်းဇာနည်ကဗျာနှင့်စပ်လျဉ်းပြီး တက္ကသိုလ်များမှ မြန်မာစာ ပါမောက္ခများ ပါဝင်သည့်အဖွဲ့ကို စိစစ်စေခဲ့ရာ မြန်မာစာပါမောက္ခများ၏ အစီရင်ခံစာအရ အောင်ဆန်းဇာနည် ကဗျာသည် ၁၉၇၄ ခုနှစ်ထုတ် ကျောင်းသုံးစာအုပ်တွင် စတင်ထည့်သွင်းဖော်ပြထားခဲ့ခြင်းဖြစ်ပြီး ထိုအချိန်ကတည်းက ကဗျာဆရာ၏အမည်ကို ဖော်ပြထားခဲ့ခြင်း မရှိသည်ကို စိစစ်တင်ပြခဲ့ပါ ကြောင်း၊ အဆိုပါကဗျာကို ကဗျာဆရာကြီး ဆရာကြီးဦးတင်မိုးက ရေးသားခဲ့သည်ဟု အများက မှတ်ယူထားခဲ့သော်လည်း ဆရာကြီးဦးတင်မိုးရေးသားခဲ့ကြောင်းကို ရန်ကုန်တက္ကသိုလ် မြန်မာစာ ဌာနမှ စိစစ်ဆောင်ရွက်ခဲ့ရာ ဆရာကြီးဦးတင်မိုး ရေးသားခဲ့သည့် ခိုင်မာသော အထောက်အထား မတွေ့ရှိရပါကြောင်း၊
၁၉၅၆ ခုနှစ် ပထမအကြိမ် စတင်ထုတ်ဝေခဲ့သော အမေ့ကျောင်းကဗျာစာအုပ်အပါအဝင် မျက်မှောက် ကာလအထိထွက်ရှိခဲ့သော ဆရာကြီးဦးတင်မိုး၏ ကဗျာပေါင်းချုပ်စာအုပ်များတွင် အောင်ဆန်းဇာနည်ကဗျာကို ထည့်သွင်းဖော်ပြ ထားခြင်းမရှိသည်ကို တွေ့ရှိရပါကြောင်း၊ ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်ပညာဘွဲ့အတွက် သင်တန်းသူ မဌေးဌေး ရေးသားတင်သွင်းခဲ့တဲ့ သုတေသနကျမ်းအမည် တင်မိုးစာစုစာရင်းတွင်လည်း အောင်ဆန်းဇာနည်ကဗျာ မပါရှိသည်ကို သိရှိရပါကြောင်း၊ ၂၀၁၅ ခုနှစ် စာနဒီ စာပေတိုက်က သတ္တမအကြိမ်မြောက် ထုတ်ဝေခဲ့သော အမေ့ကျောင်းကဗျာများစာအုပ်အတွင်း၌ ယခင်ခေတ်အဆက်ဆက် ဖော်ပြထားသော ဆရာကြီးဦးတင်မိုး၏ ကဗျာ ၅၇ ပုဒ်ကိုသာ ဖော်ပြထားရှိသည်ကို တွေ့ရှိရပါကြောင်း၊ သို့သော် စာအုပ်အဖြစ်ထုတ်ဝေရာတွင် စာအုပ်ထုတ်ဝေသူ၊ စီစဉ်သူက အောင်ဆန်းဇာနည်ကဗျာကို ကဗျာရေးသူနာမည်ဖော်ပြခြင်းမရှိဘဲ ကျောဖုံးတွင် ရိုက်နှိပ်တင်ပြသွားသည်ကို တွေ့ရှိ ရပါ ကြောင်း၊
၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလထုတ် စာရေးဆရာမဂ္ဂဇင်း အတွဲ(၂)တွင် အောင်ဆန်းဇာနည် ကဗျာကို ဆရာကြီးဦးတင်မိုးအမည်ဖြင့် ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ အစား တိုင်းပြည်ကောင်းအောင် လမ်းစဉ်များဟူသည့် စာသားကိုပြင်ဆင်သင့်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ မဂ္ဂဇင်း၏ စာမျက်နှာ ၆ တွင် နောက်ကျောဖုံးကဗျာရာဇဝင်ရှင်းတမ်းဆိုသည့် ခေါင်းစဉ်ဖြင့် အယ်ဒီတာအဖွဲ့ဝင်တစ်ဦး၏ ဆောင်းပါးကို ရေးသားဖော်ပြထားရာ အဆိုပါ ဆောင်းပါးပါ အချက်အလက်များကို ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှစိစစ်ရာတွင် ခိုင်လုံသော အထောက်အထား မရှိကြောင်း တင်ပြထားသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊
ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှ အောင်ဆန်းဇာနည် ကဗျာနှင့်စပ်လျဉ်းပြီး ဆရာကြီး ဦးတင်မိုး၏ သမီးအရင်းဖြစ်သော ဒေါ်မိုးမိုးစံကို ဆက်သွယ်တွေ့ဆုံခဲ့သော်လည်း ဒေါ်မိုးမိုးစံက ဖခင်ကြီး၏လက်ရင်းအမည်အရသော် လည်းကောင်း၊ မူလပါရှိသော ပုံနှိပ်စာအရသော် လည်းကောင်း ယခုအချိန်ထိ မတွေ့ရှိရသေးကြောင်းနှင့် မိသားစုကိုယ်တိုင်ကလည်း အဆိုပါ ကဗျာနှင့် ပတ်သက်၍ ခိုင်မာတိကျသော အဖြေတစ်ခု သိရှိရန်ဆန္ဒရှိကြောင်းကို ပြန်လည် ဖြေကြားခဲ့ပါကြောင်း၊
အောင်ဆန်းဇာနည်ကဗျာ၏ မူရင်းကဗျာရေးသားသူ၊ မူရင်းကဗျာစာသားများနှင့်စပ်လျဉ်းပြီး ခိုင်လုံ သည့်အထောက်အထားကို ရန်ကုန်တက္ကသိုလ် မြန်မာစာပါမောက္ခများအဖွဲ့မှ ဆက်လက် ဆောင်ရွက်နေပါကြောင်း၊ ခိုင်လုံသည့်အထောက်အထားနှင့် တိကျသည့် အဖြေရရှိပါက တတိယတန်းအတွက် မြန်မာကျောင်းသုံးစာအုပ် ပြုစုထုတ်ဝေသည့်အခါ မူရင်းကဗျာ အထောက်အထား၊ မူရင်းစာရေးသူအမည်တို့ကိုဖော်ပြလျက် ထည့်သွင်းပုံနှိပ်သွားရန်အစီအစဉ် ရှိပါကြောင်းပြန်လည်ဖြေကြားပါသည်။
ဒေါက်တာဦးလင်းလင်းကျော်(မြစ်သား)မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
အဆိုပါ ကဗျာနှင့် စပ်လျဉ်း၍ ဆရာကြီးဦးတင်မိုးရေးခဲ့ခြင်း ဟုတ်/မဟုတ်နှင့် စပ်လျဉ်း၍ တင်ပြစရာများရှိပါကြောင်း၊ ကဗျာနောက်ဆုံးပိုဒ်တွင်ပါသည့် စာသားကြောင့် ဆရာကြီးက ၎င်း၏ နာမည်အား မည်သည့်အခါမှ မသုံးရန်နှင့် စာအုပ်ထုတ်ဝေရာတွင်လည်း ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိသည့်အကြောင်းများ မိမိထံတွင်ရှိပါကြောင်း၊ မူရင်းရေးသားသူနှင့် လက်ရေးမူ ရှာရန် အင်မတန်ခဲယဉ်းသည့်အနေအထားမျိုးတွင် Choice of Wordများ၊ ခေတ်ပြိုင်စာရေးဆရာကြီးနှင့် ပညာရှင်များ၊ ညှိနှိုင်းရသည့် သဘောရှိပါကြောင်း၊ ထို့ကြောင့် သင်ရိုးညွှန်းတမ်း အသစ်ဆွဲ နေသည့်ကာလလည်းဖြစ်သည့်အတွက် အမျိုးသားပညာရေးကော်မရှင်၊ သင်ရိုးညွှန်းတမ်း ရေးဆွဲရေကော်မရှင်များတွင် အဓိကတာဝန်ရှိသောဝန်ကြီးဌာနလည်း ဖြစ်ခြင်းကြောင့် ရေးသားသူ အမည်နှင့် အထောက်အထားအတိအကျကို အများပြည်သူသိအောင်ချပြနိုင်ခြင်း ရှိ/မရှိ၊ မရှိပါက မြန်မာစာပါမောက္ခကြီးများ၊ ပညာရှင်များအပါအဝင် တခြားပါဝင်သင့်သော လွှတ်တော်ပညာရေး ကော်မတီ၊ အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ၊ State Holder များ၊ စာရေး ဆရာ၏ မိသားစုများ၊ စာရေးဆရာများ၊ ခေတ်ပြိုင်စာရေးဆရာများဖိတ်ကြားကာ သေချာစွာ ကြားနာပြီး တတိယတန်းသင်ရိုးညွှန်းတမ်းကဗျာအား မူရင်းအတိုင်းဖော်ပြရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
မိမိအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်ကြီး၏ ပြန်လည်တင်ပြဆွေးနွေးချက်အတွက် ကျေးဇူးတင် ရှိပါကြောင်း၊ မူရင်းကဗျာဆရာသည် ကဗျာနှင့်စပ်လျဉ်းပြီး စာရေးသူ၏ အမည်ကို ဖော်ပြရန် ဆန္ဒမရှိသည်ကိုလည်း သိရှိရပါကြောင်း၊
သို့သော် ကျောင်းသုံးစာအုပ်အဖြစ် သင်ကြားရာတွင် အကြောင်းအရာမှန်ကန်ရန်၊ အထောက် အထားတိကျရန်၊ အချက်အလက်ပြည့်စုံရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် လွှတ်တော် ကိုယ်စားလှယ်ကြီး တင်ပြသည့်အတိုင်း တက္ကသိုလ်မှ မြန်မာစာပါမောက္ခများသည် အဆိုပါ ကဗျာနှင့် ပတ်သက်၍ နောက်ထပ်စိစစ်မည့် ဆွေးနွေးပွဲများတွင် စိတ်ဝင်စားသူ၊ အထောက် အထားပြနိုင်သူ၊ ကျိုးကြောင်းဖော်ပြနိုင်သူများကိုပါ ဆက်လက်ဖိတ်ကြားပြီးဆောင်ရွက်ပေးပါ မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။
