(င)-ထားဝယ်ခရိုင်၊ မေတ္တာမြို့အဖြစ် ရပ်ကွက်(၃) ရပ်ကွက်ဖြင့် ဖွဲ့စည်းထားရာ ယင်းရပ်ကွက်များရှိ လူနေအိမ်အဆောက်အအုံများ ဆောက်လုပ်ထား သည့် မြေကွက်များကို နှစ်ပေါင်း (၉၀)အထိ လဲ လှယ်ခွင့်ရှိသောဂရန်များထုတ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၁၄.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u aung seinတနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်ခရိုင်၊ မေတ္တာကျေးရွာကို မေတ္တာမြို့အဖြစ် ၁-၄-၂၀၀၄ ရက်နေ့မှစတင် သတ်မှတ်ပြီး ရပ်ကွက် (၃) ရပ်ကွက်ကို အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်ဆိုပြီး သတ်မှတ်ခဲ့ပါကြောင်း၊ ၎င်း မြို့တွင် ကျေးရွာအုပ်စု (၇) အုပ်စု ဖွဲ့စည်းထားပြီး ကျေးရွာအုပ်စုပေါင်း၏ မြေဧရိယာသည် ၆၃၂၄၁၅ ဧက(၉၈၈.၁၅ စတုရန်းမိုင်) ဖြစ်ပါကြောင်း၊ မြို့ပေါ် (၃) ရပ်ကွက်၏ ဧရိယာသည် ၂၃၅၅ ဧက (၃.၆၈ စတုရန်းမိုင်)ရှိပြီး အိမ်ခြေ ၄၅၁ လုံးရှိပါကြောင်း၊ ယခုအချိန်တွင် (၃) ရပ်ကွက်၏ ပြည်သူများသည် လက်ရှိ ရှိနေသည့် မြေနေရာများကို မြေငှားစာချုပ် သို့မဟုတ် မြေငှားဂရန်များကို ရရှိလိုကြောင်း၊ အကယ်၍ မေတ္တာမြို့ (၃) ရပ်ကွက်ရှိ ပြည်သူများအနေဖြင့် မြေငှားဂရမ်ကို ရရှိမည်ဆိုပါက မြေကိုတရားဝင် အသုံးပြုနိုင်သော အခွင့်အရေးကို ခံစားရပြီး တရားဝင်လွှဲပြောင်း၊ ရောင်းချ၊ ပေါင်နှံသည့် အခွင့်အရေးများကိုပါ ဥပဒေနှင့်အညီ ဆောင်ရွက်၍ နိုင်ငံတော်မှလည်း အခွန်အခများစွာ ရနိုင်ပါကြောင်း၊ ထို့ကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ရှိသော ရပ်ကွက်  (၃) ရပ်ကွက်တွင် ရှိသည့် မြေနေရာများအား နှစ်ပေါင်း (၉၀) အထိ အသစ်လဲလှယ်ခွင့်ရှိသော မြေငှားစာချုပ် (ခေါ်) ဂရန်များကို ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

gen aung soeတနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် မေတ္တာရွာကို ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၀၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် မြို့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထားဝယ်မြို့နယ်၊ မေတ္တာမြို့တွင် ရှိသည့် မြေများသည် မြို့အဖြစ်မသတ်မှတ်မီ အချိန်ကတည်းက မြေတိုင်းတာမှု မပြုလုပ်ရသေးသည့် ဥယာဉ်ခြံမြေ အမျိုးအစားများ ဖြစ်ပါကြောင်း၊ မြို့မြေအဖြစ် စနစ်တကျတိုင်းတာပြီး မြေပုံရေးဆွဲခြင်းများ ပြုစုထားခြင်း မရှိသေးသည့်အတွက် ဥပဒေနှင့်အညီ ဂရန် လျှောက်ထားနိုင်ခြင်းလည်း မရှိသေးပါကြောင်း၊ မေတ္တာမြို့ရှိ မြေအမျိုးအစားများသည် ဥယျာဉ်ခြံမြေ အမျိုးအစား ဖြစ်သည့်အတွက် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေပုဒ်မ ၃၀ နှင့်အညီ လယ်ယာမြေအား အခြား နည်းသုံးစွဲခွင့် ဦးစွာရရှိရန် လိုအပ်ပြီး ခွင့်ပြုမိန့် ရရှိပါက ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ မြို့ကွက်မြေပုံများ တိုင်းတာ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ မေတ္တာမြို့တွင်ရှိသည့် လူအများ နေထိုင်သည့် မြေများကို ပိုင်ဆိုင်မှု ခိုင်မာသော မြေဂရန် ရရှိရေးအတွက် မြို့မြေအဖြစ် မြေအမျိုးအစား ပြောင်းလဲခြင်း၊ ပိုင်ဆိုင်မှု စစ်တမ်း ကောက်ယူခြင်းနှင့် မြေငှားဂရမ် လျှောက်ယူခြင်းတို့ကို ဥပဒေနှင့်အညီ အဆင်‌့ဆင့် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ထားဝယ်မြို့နယ်၊ မေတ္တာမြို့သည် မြေပိုင်ဆိုင်မှု အထောက်အထား ရရှိစေရန်အတွက် လုပ်ဆောင်သည့် လုပ်ငန်းစဉ်များတွင် နယ်နိမိတ် သတ်မှတ်ရေး အရာရှိသတ်မှတ်ခြင်း၊ နယ်နိမိတ် ကြပ်မတ်ရေး အရာရှိ (Demarcation Officer) ခန့်အပ်နိုင်ရေးများအတွက်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တင်ပြဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ Demarcation Officer နှင့် Boundary Officer များ ခန့်အပ်ခွင့်ရရှိပြီးပါက မြေတိုင်းတာ ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းသုံးပစ္စည်များဝယ်ယူခြင်းနှင့် မြေတိုင်းပြွန်များ၊ မြေတိုင်းခုံ၊ (DCP) များ ပြုလုပ်ခြင်းစသည့် ကုန်ကျစရိတ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဘဏ္ဍာငွေတင်ပြ တောင်းခံဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ သို့သော်လည်း မေတ္တာမြို့တစ်မြို့လုံး အနေဖြင့် မြေအမျိုးအစားပြောင်းလဲရန် ဆောင်ရွက်မှုအတွက် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနတွင် ဝန်ထမ်းအင်အားလုံလောက်မှုမရှိခြင်း၊ စက်ပစ္စည်းကိရိယာ နည်းပါးခြင်းနှင့် ဘဏ္ဍာငွေ လိုအပ်ချက် လျာထားမှုမရှိခြင်းတို့ကြောင့် လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်အရ သိရှိရပါကြောင်း၊ သို့သော်လည်း မေတ္တာမြို့နေ ပြည်သူတစ်ဦးချင်းအနေဖြင့် မြေငှားဂရန် လျှောက်ထားလိုပါက မိမိလျှောက် ထားလိုသည့် မြေအမျိုးအစားကို လယ်ယာမြေအခြားနည်း အသုံးပြုခွင့်ဦးစွာ ရရှိအောင်ဆောင်ရွက်ပြီး ထားဝယ်ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် မြေငှားဂရမ်တစ်ဦးချင်း လျှောက်ထားနိုင်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။