(ခ)-မြန်မာနိုင်ငံတွင် အများအပြားထွက်ရှိနေသော အုန်းသီးအခြေပြု၍ စားသောက်ကုန်များ၊ လူသုံး ကုန်ပစ္စည်းများ ထုတ်လုပ်နေသော လုပ်ငန်းငယ် ကလေးများအား စုစည်း၍ပိုမိုကျယ်ပြန့်သော နည်း ပညာနှင့်ငွေကြေး ပံ့ပိုးပေးနိုင်ရန် အစီအစဉ် ရှိ/ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၁၄.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

dr khin nyoအုန်းပင်သည် အပူပိုင်းဇုန်တွင် ပေါက်ရောက်သော  စွယ်စုံရ အပင်အသီးဖြစ်ကာ အပူချိန် ၂၇  ံC ၊ မိုးရေချိန် ၆၀ လက်မနှင့် ၁၀၀ လက်မအတွင်း ဖြစ်ထွန်းသည့် အပင် ဖြစ်ပါကြောင်းနှင့်  ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၉၃ နိုင်ငံက စိုက်ပျိုးလျက်ရှိပါကြောင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အိန္ဒိယနိုင်ငံတို့တွင် အုန်းပင်ကို အကြီးအကျယ် စိုက်ပျိုးပြီး မြန်မာနိုင်ငံတွင် ဧကပေါင်း ၁၄၁၁၀၀ ခန့် စိုက်ပျိုးထားရှိကာ ၂၀၁၆ ခုနှစ် တစ်နှစ် အုန်းသီးထွက် အရေအတွက်သည် သန်းပေါင်း ၄၉၀ ကျော်ရှိပါကြောင်း၊ အဓိက စိုက်ပျိုးရာ ဒေသသည် ဧရာဝတီတိုင်းဒေသကြီး ဖြစ်ပြီး ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်ဝန်းကျင်တို့တွင် စိုက်ပျိုးကြပါကြောင်း၊ အုန်းသီးက ကောင်းမွန်သည့် အာနိသင် အများအပြား ရှိသည့်အပြင် အုန်းပင်အုန်းသီးကို အသုံးပြု၍ မြန်မာနိုင်ငံအနှံတွင် လူသုံးကုန်ပစ္စည်း၊ အလှကုန်ပစ္စည်းနှင့် စားသောက်ကုန်အမျိုးမျိုးကို ထုတ်လုပ်ကြပါကြောင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံတို့တွင် ယခုထက်ပိုမိုများပြားသော လူသုံးကုန် ပစ္စည်းအမျိုးမျိုးကို အပြိုင်အဆိုင် ထုတ်လုပ်နေပြီး ၎င်းတို့အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်း အုန်းမှုန့်ကို မြန်မာပြည်က မှာယူကြပါကြောင်း၊ ထိုသို့မှာ ယူရာတွင် အုန်းပင်နှင့် အုန်းမှုန့်ကို လိုသလောက် အမြောက်အမြား ထုတ်လုပ်ပေးနိုင်ခြင်း မရှိပါကြောင်း၊  ထိုလုပ်ငန်းငယ်လေးများသာ ဖွံ့ဖြိုးတိုးတက်လာမည်ဆိုပါက အလုပ်အကိုင် ပိုမိုရရှိနိုင်ပြီး ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်မည့်အပြင် ထုတ်လုပ်ရောင်းချမည် ဆိုပါကလည်း နိုင်ငံခြားငွေ အများအပြား ရရှိနိုင်ပါကြောင်း၊ ထို့ကြောင့် လုံလောက်သော ကုန်ကြမ်း အရင်းအမြစ်များ ရှိနေသော်လည်း ထုတ်လုပ်ရန် နည်းပညာ၊ စက်ပစ္စည်းနှင့် ငွေကြေး မလုံလောက်မှုကြောင့် အကန့်အသတ် ဖြစ်နေသော အုန်းလုပ်ငန်းလေးများကို စုစည်းပြီး ပိုမိုကျယ်ပြန့်သော နည်းပညာနှင့် ငွေကြေးပံ့ပိုးပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

khin mg choစက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများကို အားပေးမြှင့်တင်သည့် လုပ်ငန်းများ ပံ့ပိုးဆောင်ရွက်ပေးခြင်းနှင့် ဈေးကွက်အတွင်း ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် အရည်အသွေးမီ ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာပံ့ပိုးပေးသည့်အစီအစဉ်များကို ဆောင်ရွက်ပေး လျက်ရှိနေကြောင်း၊ ထိုသို့ပံ့ပိုးပေးရာတွင် ပြည်တွင်း SME လုပ်ငန်းရှင်များမှ တောင်းဆိုလာသော နည်းပညာများအနက် စိုက်ပျိုးရေးကို အခြေခံသော စားသောက်ကုန်ထုတ်လုပ်ခြင်း နည်းပညာများ ပံ့ပိုးခြင်းဆွေးနွေးပွဲကို ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဗဟိုဌာနနှင့် ပူးပေါင်း၍ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ အဆိုပါ ဆွေးနွေးပွဲတွင် ပြည်တွင်း SME လုပ်ငန်းရှင်များမှ တောင်းဆိုလာသော အုန်းသီးဂျယ်လီ ပြုလုပ်ခြင်း နည်းပညာနှင့် ဆီအုန်းပင်မှ ရရှိသော ဘေးထွက်ပစ္စည်းမှတစ်ဆင့် ဆေးဘက်ဝင်ဆပ်ပြာ ထုတ်လုပ်ခြင်း နည်းပညာ သင်တန်းများ ပို့ချခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ SME လုပ်ငန်းရှင် ခုနစ်ဦး အပါအဝင် ပြည်နယ်/တိုင်းဒေသကြီးများမှ လုပ်ငန်းရှင်စုစုပေါင်း ၁၆၁ ဦး တက်ရောက်ခဲ့ ကြပါကြောင်း၊

 ASEAN နိုင်ငံများတွင် အုန်းသီးကုန်ကြမ်းထွက်ရှိမှု နှုန်းထားအဆင့်များအနေဖြင့် ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ စင်္ကာပူ၊ ဘရူနိုင်းစသည်ဖြင့် ဖော်ပြထားရာတွင် မြန်မာနိုင်ငံအနေဖြင့် အုန်းသီးကုန်ကြမ်းထွက်ရှိမှု အဆင့်(၆)နေရာတွင်တည် ရှိနေပြီး တစ်နှစ်လျှင် တန်ချိန်ပေါင်း ၂၇၅၀၀၀ တန်ထွက်ရှိသည်ကို တွေ့ရှိနေရပါကြောင်း၊

မြန်မာ့အုန်းသီးထုတ်လုပ်မှု ကဏ္ဍအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ် စသည်တို့သည် အုန်းသီး ကုန်ကြမ်းများထွက်ရှိပြီး လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်ရောင်းချပေးလျက် ရှိနေပါကြောင်း၊ ထုတ်ကုန်အများစုသည် ပြည်တွင်းဈေးကွက်၌သာ ရောင်းချနေပြီး အုန်းသီးကုန်ကြမ်းများ ကို အုန်းသီးအလုံးလိုက်သာလျှင် နယ်စပ်ဒေသများမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချလျက် ရှိနေပါကြောင်း၊

ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံများတွင် အုန်းသီးကုန်ကြမ်းနှစ်စဉ်တန်ချိန် ၁၄၀၀၀၀၀ နီးပါး ထွက်ရှိပြီး အုန်းသီးကုန်ကြမ်းများအား အသုံးပြုကာ လူသုံးကုန် ပစ္စည်းအမျိုးမျိုးကို Packing Design ဆန်းသစ်မှုများ ဖြင့် အရည်အသွေးမီ ပြည်ပပို့ကုန်များအဖြစ် ထုတ်လုပ်လျက် ရှိနေပါကြောင်း၊

 အုန်းသီးနှင့်ပတ်သက်၍ စားသောက်ကုန်အနေဖြင့် ထိုင်းနိုင်ငံထုတ် အုန်းသီးဂျယ်လီနှင့် အရည်အသွေးတူ ထုတ်လုပ်နိုင်ရန် ပညာရေးဝန်ကြီးဌာန အကူအညီဖြင့် နည်းပညာ ထောက်ပံ့ပေးမည် ဖြစ်သော်လည်း နိုင်ငံ တကာအဆင့်မီ ထုတ်လုပ်နိုင်ရန်အတွက် ထုတ်လုပ်သူများမှ သန့်ရှင်းမှု စံနှုန်းများအတိုင်း တိကျစွာ လိုက်နာကြရန်အတွက် စနစ်တကျ လေ့ကျင့်ပညာပေးရန် လိုအပ်နေသည်ကို  စိစစ်တွေ့ရှိရပါကြောင်း၊

သို့ပါ၍ ထုတ်လုပ်မှုနည်းပညာ သာမကဘဲ အစားအသောက်ထုတ်လုပ်မှုဆိုင်ရာ အသိပညာ ပေးခြင်း၊ မျှဝေခြင်း၊ တီထွင်ဖန်တီးမှုဆိုင်ရာ အတွေးအခေါ်များ မြှင့်တင်နိုင်ရန်အတွက် မဟာဗျူဟာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သင်တန်းများကို ပြည်နယ်/တိုင်းဒေသကြီးများသို့ သွားရောက်ပို့ချပံ့ပိုးပေး လျက်ရှိနေပါကြောင်း၊

 SME လုပ်ငန်းများအား အထောက်အပံ့ ပေးရန်အတွက် နိုင်ငံတကာချေးငွေအနေဖြင့် ဂျပန်နိုင်ငံ(JICA)မှ ချေးငွေဂျပန်ယန်း ၅ ဘီလီယံ( မြန်မာငွေကျပ် ၅၀ ဘီလီယံခန့်) ရရှိခဲ့ပြီး ၎င်းတို့အနက်မှ မြန်မာငွေကျပ် ၄၁.၅၅၈ ဘီလီယံကို ၂၀၁၆ ခုနှစ်မှစတင်၍ ကမ္ဘောဇဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနှင့် အလတ်စားစက်မှု လုပ်ငန်းများဖွံ့ဖြိုးရေး ဘဏ်(SMIDB)၊ ဧရာဝတီဘဏ်၊ သမဝါယမဘဏ်၊ CB ဘဏ် နှင့် မြန်မာ့ရှေ့ဆောင်ဘဏ် တို့မှတစ်ဆင့် ထုတ်ချေးပေးလျက် ရှိပါကြောင်းနှင့် ကျန်ရှိနေသေးသည့် မြန်မာ ငွေကျပ် ၈.၄၄၂ ဘီလီယံကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ထုတ်ချေးသွားရန် စီစဉ်လျက်ရှိပါသဖြင့် SME လုပ်ငန်းရှင်များအနေဖြင့် ချေးငွေရရှိလိုပါက သက်ဆိုင်ရာ ဘဏ်များသို့ လျှောက်လွှာတင်၍ ဘဏ်၏ BOD အဖွဲ့ဖြင့် စိစစ်ပြီး ချေးငွေများကို ထုတ်ချေးသွားမည်ဖြစ်ပါကြောင်း၊

စက်မှုဝန်ကြီးဌာနအနေဖြင့် SME လုပ်ငန်းရှင်များသို့ သမဝါယမဘဏ်နှင့် ကမ္ဘောဇဘဏ်တို့ တွင် Credit Guarantee Insurance(CGI) စနစ်ဖြင့် ချေးငွေ လျှောက်ထားနိုင်ရန်အတွက် အသေး စားနှင့် အလတ်စား SME လုပ်ငန်းဖြစ်ကြောင်း ထောက်ခံချက် ၁၁၈၇ ဦးထုတ်ပေးခဲ့ရာ ချေးငွေရယူလိုသော စိုက်ပျိုးရေး လုပ်ငန်းရှင် ၂၉ ဦးအတွက်လည်း ထုတ်ပေးပြီးဖြစ်ပါကြောင်းနှင့် ငွေကြေးပံ့ပိုးနိုင်ရေးကို ပူးပေါင်း ဆောင်ရွက်လျက် ရှိနေပါကြောင်း၊

ထို့အပြင် စီးပွားရေးလုပ်ငန်းများ စတင်လုပ်ကိုင်နိုင်ရန်အတွက် ငွေကြေး အခက်အခဲ ကြုံတွေ့နေရသော အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအား ဂျာမနီနိုင်ငံအစိုးရမှ ယူရိုငွေ ၄.၄၅ သန်း (မြန်မာငွေကျပ် ၆၇၅၇.၃၂၅ သန်း)ကို ဂျာမနီနိုင်ငံအခြေစိုက် Kfw ဖွံ့ဖြိုးရေးဘဏ်၊ သမဝါယမဘဏ်နှင့် CB ဘဏ်တို့မှ ပူးပေါင်းပြီး မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းရှင်များအား တစ်ဦးလျှင် အများဆုံး ကျပ်သိန်း ၁၀၀၀ အထိ ၂၀၁၇ ခုနှစ် သြဂုတ်လမှစ၍  အပေါင်ပစ္စည်း ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်းနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်မည့်သူများအား လုပ်ငန်းခိုင်မာမှု ရှိပါက ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊

သို့ပါ၍ ဧရာဝတီတိုင်းဒေသကြီးရှိ အုန်းသီးအခြေပြု စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းရှင်များ အနေ ဖြင့် နည်းပညာများ ရယူလိုပါက ဧရာဝတီတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ ဆက်သွယ်၍ လျှောက်ထားနိုင်ပြီး ပြည်တွင်းပညာရှင်များနှင့် ချိတ်ဆက်၍ သင်တန်းများ လာရောက်ပို့ချ ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည့်နည်းတူ အခြားသော တိုင်းဒေသကြီးများသို့လည်း ဆက်လက်ကူညီပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်း၊

ဂျာမနီနိုင်ငံအစိုးရက ယူရိုငွေ ၄.၄၅ သန်းအား SME များအတွက် ဂျာမနီနိုင်ငံအခြေစိုက် Kfw အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်၍ လုပ်ငန်းရှင်တစ်ဦးလျှင် အများဆုံး သိန်း ၁၀၀၀ ထိ ထုတ်ချေး ပေးနိုင်မည်ဖြစ်ကာ ချေးငွေ သက်တမ်းကာလအနေဖြင့် တစ်နှစ်မှ ငါးနှစ်ထိ ဖြစ်ပါကြောင်း၊ အဆိုပါချေးငွေအား ယခုနှစ် သြဂုတ်လတွင် စတင်ထုတ်ချေးမည်ဖြစ်ပြီး အတိုးနှုန်းအနေဖြင့် အပေါင်ပစ္စည်းပါရှိပါက ၈.၅ ရာခိုင်နှုန်း၊ အပေါင်ပစ္စည်းမပါရှိပါက ၁၃ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ SME လုပ်ငန်းရှင်များအားလုံးနှင့် လုပ်ငန်းစတင် လုပ်ကိုင်နေသူများအတွက် ချေးငွေလျှောက်ထားနိုင် မည်ဖြစ်ပါကြောင်း၊  သို့ပါ၍ အုန်းသီးအခြေခံနှင့် တီထွင် ဆန်းသစ်မှုများကို ပိုမိုဖန်တီး ထုတ်လုပ်နိုင်ခြင်းဖြင့် မြန်မာနိုင်ငံမှထွက်ရှိသော အုန်းသီးများကို Value Added Product များအဖြစ်၊ ပြည်ပပို့ကုန်အဖြစ် တိုးမြင့်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်း တင်ပြပါသည်။

ဒေါက်တာဒေါ်ခင်ညို (ဒေးဒရဲ)မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

  မိမိအနေဖြင့် ဝန်ကြီး၏ ဖြေကြာားချက်နှင့် ယခုကဲ့သို့ ထိုသို့ ပံ့ပိုးနေခြင်းများကို ကြားသိရခြင်းကြောင့် ကျေးဇူးတင်ရှိပါကြောင်းနှင့် သို့သော် မိမိအနေဖြင့် အုန်းသီးကို Special Organization တစ်ခုဖွင့်လှစ်ကာ သီးသန့်ကို Promote လုပ်စေချင်သည့်အတွက် ထိုသို့ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးခင်မောင်ချို

စက်မှုဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအား အရင်းအမြစ်ကို မြှင့်တင်နိုင်ရန်အတွက် လေ့ကျင့်ပညာသင်ကြား ပေးရာတွင် အုန်းသီးနှင့် စပ်လျဉ်း၍လည်း အထူး Specialize လုပ်ပြီး သီးသန့် Concentrate လုပ်ကာ သုတေသနပြုရန် အစီအစဉ်ရှိပါကြောင်း၊ အုန်းသီးကို အထူး Specialize ပြုလုပ် ဆောင်ရွက်မှသာလျှင် အုန်းသီးကိုအခြေခံသော အခြားသော လက်မှုပညာများအတွက် Value Added ထပ်လုပ်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် SME မှတစ်ဆင့် အုန်းသီး Specialize အဖွဲ့ ဖွဲ့စည်းကာ  ပိုမိုတိုးမြှင့်ပြီး သက်ဆိုင်ရာ တိုင်း ဒေသကြီးအလိုက် ပူးပေါင်းဆောင်ရွက်ရန်  အစီအစဉ် ရှိပါကြောင်း၊ မကြာခင်အချိန်တွင် မြန်မာနိုင်ငံ အုန်းသီးထွက်ကုန်များကို အုန်းဆံကြိုး၊ Cosmetic စသည်ဖြင့် ထူးဆန်းသော ပစ္စည်းများအဖြစ် ပေါ်ထွက်လာအောင် ဖန်တီးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ များမကြာမီကာလအတွင်း မြန်မာနိုင်ငံတွင် ယခုကဲ့သို့ အုန်းသီးထွက်ကုန် ပစ္စည်းအမျိုးမျိုးကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ရောင်းချ နိုင်မည်ဖြစ်ပါကြောင်း၊ ပြည်ပသို့ တင်ပို့နိုင်ရန်လည်း ဒီဇိုင်းသစ်ဆန်းစေရန်အတွက် ဖန်တီးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။