(စ)-ပလက်ဝမြို့နယ်တွင် စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုး တက် စေရန် စိုက်ပျိုးရေး နည်းပညာများ ပံ့ပိုးပေး ခြင်း၊ မတည်ရင်းနှီးငွေသို့မဟုတ်ချေးငွေများ ထုတ် ပေးခြင်းကို ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၁၂.၆.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u sein aungပလက်ဝမြို့နယ်သည် ဧရိယာ စတုရန်းမိုင်ပေါင်း ၃၁၂၇.၀၄ မိုင် ကျယ်ဝန်းပြီး လူဦးရေ ၉၈၀၀၀ ကျော် နေထိုင်လျက်ရှိပါကြောင်း၊ မြို့နေလူဦးရေ၏ ၈ ရာခိုင်နှုန်းသည် ကျေးလက်နေ ပြည်သူများဖြစ်ပြီး ၎င်းတို့၏ အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်းမှာ ရွှေ့ပြောင်းတောင်ယာလုပ်ငန်း ဖြစ်ပါကြောင်း၊ မြို့နယ်မြေစာရင်း ဦးစီးဌာန၏ မြေအသုံးချမှု မှတ်တမ်းအရ တောင်ယာမြေ ၄၀၁၇၀ ဧက၊ လယ်ယာမြေ ၃၀၃၆ ဧက၊ ကိုင်းမြေ ၅၀၄၅ ဧကနှင့် ဥယျာဉ်မြေ ၅၂၅၂ ဧကရှိသည်ကို သိရှိရပါကြောင်း၊ အဓိက စိုက်ပျိုးသီးနှံဖြစ်သည့် စပါး၊ နှမ်း၊ ပြောင်း၊ လိမ္မော်၊ သရက်၊ ငှက်ပျော၊ သီဟိုဠ်၊ ဂမုန်း၊ ဝဥနှင့် ပဲအမျိုးမျိုးတို့ ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများ၏ လက်ရှိလုပ်ကိုင်နေသော ရွှေ့ပြောင်းတောင်ယာလုပ်ငန်းသည် သမားရိုးကျ ပုံစံဖြစ်ခြင်း၊ စပါးမျိုးကောင်းမျိုးသန့် မရရှိနိုင်ခြင်းနှင့် မြေဆီလွှာများ ခန်းခြောက်ညံ့ဖျင်းခြင်း ဖြစ်ခြင်းတို့ကြောင့် သီးနှံအထွက်နှုန်း အလွန်နိမ့်ကျပြီး စပါးထွက်ရှိမှုမှာ ဒေသဖူလုံမှု၏ ၄၅ ရာခိုင်နှုန်းသာရှိပါကြောင်း၊ ရွှေ့ပြောင်းတောင်ယာစနစ်သည် သစ်တော ပြုန်းတီးမှု၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ ရာသီဥတုပြောင်းလဲမှုနှင့် သောက်သုံး ရေရှားပါးမှုများကို ဖြစ်စေ သော်လည်း တောင်သူများအနေဖြင့် အခြားရွေးချယ်စရာ မရှိသည့်အတွက် ရွှေ့ပြောင်း တောင်ယာလုပ်ငန်း ကိုသာ ဆက်လက်လုပ်ကိုင် နေကြရခြင်းဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် တောင်ယာလုပ်ကိုင်သူများသည် အကျိုးမခံစားရသည့် အနေအထား ဖြစ်သည့်အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအပါအဝင် ဘဝရပ်တည်နိုင်ရေးအတွက်ပင် အလွန်ခက်ခဲနေသည့် အနေအထားတွင် ရှိနေပါကြောင်း၊

လက်ရှိသမားရိုးကျပုံစံနှင့် ဆောင်ရွက်နေသည့် တောင်သူများကို စနစ်တကျ အချိန်ကိုက် အချိုးကျစွာ အသုံးပြုတတ်စေရန်အတွက် ပညာပေးရန်နှင့် စိုက်ပျိုးရေး နည်းပညာများ၊ မြေသြဇာများ၊ ပိုးသတ်ဆေးများကို ပံ့ပိုးပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ဈေးကွက်ဝင်သီးနှံများနှင့် ပတ်သက်၍ မိမိတို့မြို့နယ်၏ အဓိက သီးနှံများအပါအဝင် တခြားမြို့နယ်များတွင် စပျစ်သီး၊ ပန်းသီး၊ ထောပတ်သီး၊ လက်ဖက်၊ ကော်ဖီစသည့် သီးနှံများလည်း ထွက်ရှိပါကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် နည်းပညာအကူအညီဖြင့် ပိုမိုစိုက်ပျိုး ထုတ်လုပ် နိုင်ရေးအတွက် ရင်းနှီးမတည်ငွေများကို သက်သာသော နှုန်းထားဖြင့် ထုတ်ချေးပေးရန် နိုင်ငံတော်က စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ထို့အပြင် ခိုင်မာသည့် ဈေးကွက် ချိတ်ဆက်ပေးရန် ထုတ်ကုန်များ ကိုလည်း အဆင့်မြှင့်ပြုပြင်ပြီး ရောင်းချနိုင်အောင် အသေးစား၊ အလတ်စားစက်မှု လုပ်ငန်းများကိုလည်း စီမံချက်ချ၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံသည် စိုက်ပျိုးရေး လုပ်ငန်းအတွက် ရေနှင့် မြေအရင်းအမြစ်များ၊ လုပ်သားများ လုံလောက်စွာ ရှိသော်လည်း စိုက်ပျိုးရေးကဏ္ဍတွင် အိမ်နီးချင်းနိုင်ငံများနှင့် မယှဉ်နိုင်ဘဲ ရှိနေသည်ကိုတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ပလက်ဝမြို့နယ်တွင် စိုက်ပျိုး စီးပွားဖွံ့ဖြိုး တိုးတက်စေရန်အတွက် ဒေသနှင့်ကိုက်ညီသော စိုက်ပျိုးရေး နည်းပညာများ ပံ့ပိုးပေးခြင်း၊ ဈေးကွက် ဝင်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် မတည်ရင်းနှီးငွေများ ထောက်ပံ့ပေးခြင်း သို့မဟုတ် ချေးငွေများ ထုတ်ပေးခြင်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်  အစီအစဉ် ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ
ဖြေကြားချက် 

u hla kyaw၂၀၁၆-၁၇ ခုနှစ်တွင် ပလက်ဝမြို့နယ်၏ အခြေအနေအရ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မိမိမြို့နယ်အတွင်းရှိသည့် လယ်၊ ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်ခြံ၊ တောင်ယာ  စုစုပေါင်းလယ်မြေဧက ၁၁၃၁၀ ဧကအတွက် တောင်သူပေါင်း ၄၆၇၀၊ ဦးပိုင်ပေါင်း ၅၅၅၇ အတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) များ ထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့်လည်း မြို့နယ်အတွင်း မျိုးကောင်းမျိုးသန့်၊ မျိုးစေ့များဖြန့်ဖြူးခြင်းနှင့် နည်းပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၁၄-၁၅ ခုနှစ်မှစပြီး မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးမှုအနေဖြင့် စုစုပေါင်း ၅၇ ဧက ဖြန့်ဖြူးစိုက်ပျိုးနိုင်ခဲ့ပါကြောင်း၊ ၂၀၁၇-၁၈ ခုနှစ်တွင် ပလက်ဝမြို့နယ် အစေ့ထုတ်ပြောင်း ဧက ၅၀ အတွက် ကီလို ၅၀၀ ကို ဖြန့်ဖြူးပေးရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ နည်းပညာပြန့်ပွားရေး လုပ်ငန်းအနေဖြင့် ၂၀၁၄-၁၅ ခုနှစ်တွင် ကျေးရွာပေါင်း ၁၆၉ ရွာ၊ တောင်သူ ၇၉၂ ဦး၊   ၂၀၁၅-၁၆ ခုနှစ်တွင် ကျေးရွာပေါင်း ၁၆၉ ရွာ တောင်သူ ၂၀၇၆ ဦး၊ ၂၀၁၆-၁၇ ခုနှစ်တွင် ကျေးရွာ ၁၃၆ ရွာ တောင်သူ ၁၈၅၃ ဦးကို စိုက်ပျိုးရေးစနစ်၊ ပိုးမွှားရောဂါ ကာကွယ်ရေး၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးစနစ်တကျ သုံးစွဲနည်းနှင့် နည်းပညာ ဆိုင်ရာသင်တန်းများကိုလည်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ သီးနှံများတစ်ဧက အထွက်နှုန်း တိုးတက်စေရန် အတွက် စိုက်ပျိုးရေးနည်းပညာ အလေ့အကျင့်ကောင်းများ စနစ်တကျသုံးစွဲနိုင်ရေးအတွက် ၂၀၁၄-၁၅ ခုနှစ် တွင် ကျေးရွာပေါင်း ၉ ရွာ စံပြစိုက်ကွက်များ ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၆-၁၇ ခုနှစ်တွင် မနောသုခစပါးမျိုးကို ကျေးရွာတစ်ရွာတွင် စံပြစိုက်ကွက်အဖြစ် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ မိုးစပါးစံပြအကွက်အနေဖြင့် GAP  စံပြကွက် မနောသုခ ဧက ၃၅၀ ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တစ်ဖက်တွင် တောင်ယာစပါးစံပြကွက်အနေဖြင့် ၂၀၁၄-၁၅ ခုနှစ်တွင် ကျေးရွာအုပ်စု (၂) အုပ်စု၌ စတင်ခဲ့ပြီး ၂၀၁၅-၁၆ ခုနှစ် တွင် ကျေးရွာ ၃ ရွာ ၅ ဧက၊ ၂၀၁၆-၁၇ ခုနှစ်တွင် ကျေးရွာ ၂ ရွာ၌ ၃ ဧက စံပြကွက်များ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခု ၂၀၁၇-၁၈ ခုနှစ်အတွင်း ပလက်ဝမြို့နယ်၏ စိုက်ပျိုးရေးနည်းစနစ် စံပြကွက်များဖြစ်သည့် မျိုးစပါး အကောင်းဆုံးစီမံခန့်ခွဲမှု အလေ့အကျင့်ကောင်းများဖြစ်သည့် (Best Management Practices, BMP) စံပြကွက် ဧက ၂၀၀၊ မိုးစပါး မျိုးသန့်ပွားများရေးစံပြကွက် ဧက ၅၀၊ ဖူးစား‌ပြောင်း ဧက ၁၀၀ ဆောင်ရွက်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော် လုပ်ကိုင်လျက်ရှိပါကြောင်း၊ သွင်းအားစုများ၊ စံပြကွက်များ ဖြစ်သော ဆောင်းပဲတီစိမ်း စံပြကွက်ဧက ၂၀ ၊ ဆောင်းမြေပဲဧက ၅၀၊ စံပြကွက် များလည်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသနှင့် ကိုက်ညီသောမျိုးများ ရွေးချယ်စိုက်ပျိုးတတ်စေရန်အတွက် တောင်ယာစပါး ၄ မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် ၄ ဧက၊ လယ်စပါး ၃ မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်  ၃ ဧကကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပလက်ဝမြို့နယ်တွင် ဒေသနှင့်ကိုက်ညီပြီး အထွက်ကောင်း မျိုးသန့်များ ဖြစ်သော ဆင်းသုခ မှတ်ပုံတင်မျိုးစေ့ မျိုးစပါးတင်း ၁၅၀နှင့် ဆောင်းမြေပဲဆင်းပဒေသာ-၁၁ တင်း ၂၅၀ ကိုလည်း ဖြန့်ဖြူးပေးသွားမည် ဖြစ်ပါကြောင်း၊ ဒေသတွင်း ရွှေ့ပြောင်းတောင်ယာစနစ် ပပျောက်ရေးကို အလေးထား စီစဉ်ဆောင်ရွက်လျက်ရှိရာ ခေတ်မီတောင်စောင်း စိုက်ပျိုးနည်း စနစ်ကိုလည်း မိမိတို့ ၅ ဧကတွင် ဖော်ထုတ်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း။

ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်အရ လယ်ယာဖွံ့ဖြိုးရေးဘဏ်က နှစ်စဉ်ဘဏ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ပလက်ဝမြို့သည် နှစ်စဉ် မိုးဘဏ်ချေးငွေကို  လျှောက်ထားခဲ့ခြင်း မရှိကြောင်း သိရှိရပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဘဏ်ချေးငွေများ တောင်းဆိုလာပါက မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ချင်းပြည်နယ်ဘဏ်ခွဲက ပလက်ဝမြို့နယ်အတွက် ချေးငွေစည်းကမ်းချက်များနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) လက်ဝယ် ရရှိပြီးသူများကို ယခု ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် မိုးဘဏ်ချေးငွေထုတ်ချေးချိန်တွင် ချေးငွေ ရရှိရေးအတွက် လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)နှင့် ဆက်စပ်ပြီး ဆောင်ရွက်ပေးသွားမည်  ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့က ဖြေကြားထားပြီးဖြစ်ပါကြောင်း၊  ချင်းပြည်နယ်တွင် သမဝါယမအသင်းပေါင်း ၆၀၉ သင်းရှိပါကြောင်း၊ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း၊ မွေးမြူရေးသမဝါယမအသင်းနှင့် ယက္ကန်း ကုန်ထုတ်နှင့် စက်မှုလက်မှုကုန်ထုတ် သမဝါယမအသင်းနှင့် လယ်ယာမြေများ အဆင့်မြှင့်တင်ပြုပြင်သည့် သမဝါယမအသင်း စုစုပေါင်း ၄၄၄ သင်းရှိပြီး အသင်းသား ၂၀၄၉၄ ဦးရှိပါကြောင်း၊ ယင်းတို့အတွက် အသေးစား အရင်းအနှီးချေးငွေ ၇၃၉၈.၇၈၇ကျပ်သန်း ထုတ်ချေးပေးထားပြီး ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တွင် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းများဖွဲ့စည်းဆောင်ရွက်ထားရှိပြီး အသင်း ၈၃ သင်းရှိ အသင်းသား ၃၃၈၉ ဦးကို  စုဆောင်းငွေများ အပါအဝင် ငွေကျပ်သန်းပေါင်း ၉၀၇.၆၈၁ ကျပ်သန်း ထုတ်ချေးထားပြီးဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။