(ဇ)-ရွှေပြည်သာမြို့နယ်ရှိ မြေသားလမ်းများကို ကတ္တရာ သို့မဟုတ် ကွန်ကရစ်လမ်းခင်းပေးရန်၊ ထိုသို့ခင်းပေးရာတွင် လမ်းဘေးရေမြောင်းများကို တစ်ပါတည်း တူးဖော်ပေးရန်နှင့် မြေအောက်ရေ မြောင်း (Box Culverts) များ ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဒသမနေ့ (၇.၆.၂၀၁၇)
မေးခွန်း အကြောင်းအရာ 

u nyan linnရွှေပြည်သာမြို့သစ်သည် စက်မှုဇုန်တည်ရှိရာ မြို့ဖြစ်သည့်အတွက် စက်မှုဇုန်မြို့များနှင့်ပတ်သက်ပြီး တည်ဆောက်သည့်အခါတွင် ပြည်တွင်းရေးရာကိစ္စ၊ ပြည်ပရေးရာကိစ္စများကို လေ့လာကြည့်သည့်အခါ လမ်းပန်းများကို သေချာကောင်းမွန်အောင်လုပ်ပြီးမှ စနစ်တကျတည်ဆောက်သည်ကို တွေ့ရှိရှိရပါကြောင်း၊ သို့သော် ရွှေပြည်သာစက်မှုဇုန် မြို့သစ်အနေဖြင့် ပြောင်းပြန်ဖြစ်နေပါကြောင်း၊ မိမိတို့မြို့ကို ရပ်ကွက်ပေါင်း ၂၇ ခု၊ လမ်းပေါင်း ၁၄၅၆ လမ်းနှင့် ဖွဲ့စည်းထားပါကြောင်း၊ ၎င်း ၁၄၅၆ လမ်းဖြင့် ဖွဲ့စည်းထားသော လမ်းထဲတွင် ၇၃၄ လမ်းက မြေသားလမ်းသာရှိပြီး ကျောက်ချောလမ်း မခင်းရသေးပါကြောင်း၊ရွှေပြည်သာမြို့သစ်၏ ၁၉ ရပ်ကွက်၊ ၉ ရပ်ကွက်၊ ၃၂ (ဇ) ရပ်ကွက်၊ အမှတ်၂၃ ရပ်ကွက်၊ (၃) ရပ်ကွက်၊ အမှတ်(၈) ရပ်ကွက်၊ အမှတ် (၁၆) ရပ်ကွက်၊ ၁၇(ဒ) ရက်ကွက်များရှိ လမ်းပေါင်း ၅၀ ရာခိုင်နှုန်းကျော်ကို ၂၇ နှစ် ကြာသည်အထိ လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှု မရှိခဲ့သည့်အတွက် ကုန်ထုတ်စွမ်းအားစုများဖြစ်သည့် စက်ရုံလုပ်သား တစ်သိန်းခန့်သည် လမ်းပန်းဆက်သွယ်ရေး အင်မတန်ခက်ခဲသည်ကို ကြုံတွေ့နေရပါကြောင်း၊ ရွှေပြည်သာမြို့ကိုလည်း ပန်းခြံများနှင့် တည်ဆောက်ထားပါကြောင်း၊ ပန်းခြံများကို လမ်း ၄ လမ်းနှင့် ဝန်းရံထားပြီး (Box Culvert) များလည်း မရှိသည့်အတွက်ကြောင့်လည်း ရေအိုင်များအဖြစ်ကို ပြောင်းသွားပြီး ခြင်များပေါက်ဖွားလာခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ ကျန်းမာရေးဦးစီးဌာန၏ ကြေညာချက်အရ သွေးလွန်တုတ်ကွေးရောဂါ ဒုတိယအများဆုံးမြို့နယ်ဖြစ်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ကျန်သည့်လမ်းများကို ခင်းပေးရန်နှင့် ခင်းသည့်အခါတွင်လည်း တစ်ပါတည်း ရေမြောင်းများ၊ (Box Culvert) များလုပ်ပေးရန်၊ ဘတ်ဂျက်ခွဲဝေသုံးစွဲသည့် အခါတွင်လည်း ဦးစားပေးခွဲဝေပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

u win khaingရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်အတွင်း ကျန်ရှိနေသည့် မြေသားလမ်းများကို ကတ္တရာ သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးရန်မှာ လာမည့်နှစ်များတွင် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ မြေသားမြောင်းများကိုလည်း လမ်းနယ်အကျယ်နှင့် မြေကျန်ရှိမှုပေါ် မူတည်ပြီး ဘဏ္ဍာငွေရရှိမှုအလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်သကဲ့သို့ ရေစီးရေလာကောင်းမွန် စေရေးအတွက် လိုအပ်သည့် နေရာများတွင် ရေထုတ်ပြွန်များကို ဦးစားပေးအစီအစဉ်အလိုက် ထည့်သွင်း ဆောင်ရွက်သွားနိုင်ရန် လာမည့်ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားပါသည်။

ဦးဉာဏ်လင်း (ရွှေပြည်သာမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ယခုလို ပြည်ထောင်စုဝန်ကြီးအနေဖြင့် မိမိတို့ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဆက်စပ်ပြီး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိခြင်း၊ ဘဏ္ဍာငွေအပေါ်တွင်လည်း အစီအစဉ်ရှိသည်ဟုလည်း ကြားသိရသည့်အတွက်ကြောင့် ကျေးဇူးတင် ဝမ်းမြောက်ပါကြောင်း၊ သို့သော် လာမည့်ဘဏ္ဍာနှစ်ကို မရောက်ခင် စပ်ကြားတွင် မည်သည့်အရာများကိုဖြည့်စွက်ပြီး ပြည်သူ့ရန်ပုံငွေ ရှိနေသည့်အနေအထား ဖြစ်သည့်အတွက်ကြောင့် တင်ပြထားသည့် အချက်များသည် လုပ်သားပြည်သူများ ခံစားနေရသည့် အချက်များကို မှန်မှန်ကန်ကန်ဖြင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များသိရှိပြီး ဆောင်ရွက်ပေးနိုင်ရန် တင်ပြခြင်းဖြစ်သည့်အတွက်ကြောင့် လာမည့်ဖြည့်စွက် ရန်ပုံငွေတွင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ပြည်ထောင်စုဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဦးဝင်းခိုင်

ကိုယ်စားလှယ်ကြီး ထပ်ဆင့်မေးသည့် မေးခွန်းနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ပြန်လည်မေးမြန်းပြီး လွှတ်တော်သို့ ပြန်လည်တင်ပြမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။