မေးခွန်း အကြောင်းအရာ
ပေါက်တောမြို့နယ် ရွာချောင်းကြီးတံတားသည် ပေါက်တောမြို့နှင့် နှစ်မိုင်ခွဲခန့်သာ ကွာဝေးပါကြောင်း၊ ရွာချောင်းကြီးတံတားကို ၂၀၀၃-၂၀၀၄ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ပြီး ကားများသွားလာပါက တစ်ဂျုန်းဂျုန်း ဖြစ်နေပါကြောင်း၊ ယင်းတံတားကို ပထမတစ်ဆင့် သံပေါင်၊ အလယ်တွင် ဘေလီတစ်ထပ်၊ နောက်ဆုံးတွင် သံပေါင်ဘေလီဖြစ်ပါကြောင်း၊ ဘေလီတံတားသည် တစ်ထပ်ဘေလီ ဖြစ်သည့်အတွက် ကုန်တန် ၁၃ တန်ထက် ပိုခံနိုင်ခြင်းမရှိကြောင်းကို သက် ဆိုင်ရာက ထောက်ခံချက် ပေးထားပါကြောင်း၊ အကယ်၍ တံတား ပျက်စီးယိုယွင်းခဲ့ပါက ချဉ်းကပ်လမ်း၊ လမ်းလွှဲများ ပြုလုပ်ရန် ဘေးဘက်တွင် ရေပြင်ရှိနေ၍ ခက်ခဲမည်ဖြစ်ပါကြောင်း၊ တံတားနှင့်ပတ်သက်၍ ရန်ပုံငွေဆိုင်ရာဌာနတွင် တောင်းခံထားသည်များ ရှိ/မရှိ မေးမြန်းရာ မြို့ပြဌာနတွင် မရှိသည်ကို သိရှိရသည့်အပြင် တံတားအထူးအဖွဲ့တွင်လည်း ၂၀၁၇-၂၀၁၈ ခုနှစ်၌ မပါဝင်သည့်အပြင် နောက်နှစ်များတွင်လည်း တင်ထားခြင်း မရှိသေးပါဟု ဖြေကြားပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ အခြေအနေအောက်တွင် တစ်စုံတစ်ရာများ ဖြစ်သွားခဲ့ရင် ခက်ပါသဖြင့် ဦးစားပေးပြီး တင်ပြစေလိုပါကြောင်း၊ ပေါက်တောလမ်းပန်းဆက်သွယ်ရေး မပြတ်တောက် ရစေရန် ထိုတံတားကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန်နှင့် အဆင့်မြှင့်တင်မည်ဆိုပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ပြုလုပ်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ရခိုင်ပြည်နယ်၊ ပေါက်တော-မင်းပြားလမ်းသည် ပေါက်တောမြို့ မိုင်တိုင်(ဝ/၀)မှ မင်းပြားမြို့ မိုင်တိုင် (၂၀/၆) အထိ ပြည်နယ်အစိုးရမှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ ပေါက်တော-မင်းပြားလမ်းပေါ်ရှိ မိုင်တိုင်အမှတ် (၂/၃-၄) တွင် တည်ရှိသော ရွာချောင်းကြီးတံတားသည် ခန်းဖွင့်ပေ ၅၀ တစ်ခန်း၊ ပေ ၄၀ သုံးခန်းနှင့် ပေ ၃၀ နှစ်ခန်း၊ ပေ ၂၀ တစ်ခန်း စုစုပေါင်းပေ ၂၅၀ အရှည်ရှိပြီး ယာဉ်သွားလမ်းအကျယ် ၁၂ ပေရှိကာ လက်ရှိတံတားခံနိုင်ဝန်မှာ ၁၃ တန် ဖြစ်ပြီး ဘေလီတံတား အမျိုးအစားဖြစ်ပါကြောင်း၊ နေ့စဉ်ဖြတ်သန်းသည့် ပျမ်းမျှယာဉ်ပမာဏမှာ ယာဉ်စီးရေအစီး ၃၀ ခန့် ရှိပါကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရရန်ပုံငွေကျပ် သန်း ၂၀ ဖြင့် တံတား အထူးအဖွဲ့(၈)က တာဝန်ယူပြီး ပျက်စီးနေသော ဘီးလမ်း၊ ကြမ်းခင်းများအား အသစ်လဲလှယ်ခြင်းဖြင့် ပြည်သူများအန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်ရန်အတွက် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို တံတားအထူးအဖွဲ့(၈)က တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊
အဆိုပါ ပေါက်တော-မင်းပြားလမ်းပေါ်ရှိ ရွာချောင်းကြီးတံတား ပေ ၂၅၀ အရှည်တံတားအား သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ရန် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေကျပ် ၈၇၅ သန်းကို ပြည်နယ်ရန်ပုံငွေတွင် လျာထားတင်ပြ တောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ တည်ဆောက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
