မေးခွန်း အကြောင်းအရာ
ခေါင်လန်ဖူးမြို့နယ်သည် တောင်ပေါ်မြို့ဖြစ်ပြီး မြန်မာနိုင်ငံမြောက်ဘက် အကျဆုံးတွင် တည်ရှိကာ ၂၀၈၁.၃၉ စတုရန်းမိုင် ကျယ်ဝန်းပါကြောင်း၊ ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့်ပေ ၄၈၆၀ တွင် တည်ရှိပြီး မိုးများသည့် ဒေသ ဖြစ်သည့်အတွက် နှစ်စဉ်လမ်း၊ တံတားများ ပျက်စီးမှုများပြီး သွားလာရေး ခက်ခဲမှုများစွာ တွေ့ကြုံနေရပါကြောင်း၊ ခေါင်လန်ဖူးမြို့နယ်တွင် လမ်းဦးစီးဌာနမှ တာဝန်ယူဖောက်လုပ် ထိန်းသိမ်းနေသည့် အဓိကလမ်း လေးခုရှိသည့်အနက် ပူတာအို-မကွေဆက်-ခေါင်လန်ဖူးလမ်း မိုင် ၁၃၀ ကျော်နှင့် ခေါင်လန်ဖူး-ညီတားဒီလမ်း ၅၅ မိုင်တို့သည် လူဦးရေ ၉၀ ရာခိုင်နှုန်းကျော် အသုံးပြုနေသည့် လမ်းဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် ခေါင်လန်ဖူး-ညီတားဒီလမ်း (၅၅ မိုင်) အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေပြိုပြီးရေကြီးခြင်း၊ ကမ်းပါးပြိုခြင်းများ ဖြစ်ပေါ်ခဲ့သည့်အတွက် အဆိုပါ လမ်းတစ်လျှောက် လမ်း၊ တံတား ပျက်စီးမှုများစွာ ဖြစ်ပေါ်ခဲ့ပြီးနောက် အချို့နေရာများတွင်သာ အနည်းအကျဉ်း ပြုပြင်ပြီး လမ်း၊ တံတား ပျက်စီးမှုပိုင်း အများစုကို ယနေ့အထိ ပြုပြင်မှု မရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် တာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ ကျောင်းသူ ကျောင်းသားများ သွားလာရေးတွင် အခက်အခဲများစွာ ကြုံတွေ့နေရပါကြောင်း၊
ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ ခေါင်လန်ဖူး-ညီတားဒီလမ်းတွင် ရန်ပုံငွေ ၃၄၁.၂၀ သန်းဖြင့် ၁၂ ပေအကျယ် လမ်းချဲ့ခြင်း ၈ မိုင်၊ အတိုလမ်းကူး ချိုးတံတား ၅ စင်း၊ ၆ ပေ အကျယ် သစ်သား တံတား ၁၅ စင်း၊ ကျောက်တောင်နံရံချဲ့၍ လမ်းမျက်နှာစာပြုပြင်ခြင်း ၅ မိုင် တို့ကို ဆောင်ရွက်ခဲ့ရာ စုစုပေါင်း ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း ဖော်ပြထားသော်လည်း အမှန်တကယ် မြေပြင်တွင် ၅၀ ရာခိုင်နှုန်းအပြင် ပြီးစီးမှုမရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထိုသို့ ဖြေကြားချက်နှင့် မြေပြင်ပေါ်တွင် ကွဲလွဲချက်များစွာ ဖြစ်ပေါ်နေသည့်အတွက် ဝန်ကြီးဌာန အနေဖြင့် ကွင်းဆင်း စစ်ဆေးပေးရန်လည်း တင်ပြလိုပါကြောင်း၊
သို့ဖြစ်ပါ၍ မြို့နယ်အတွင်း အရေးကြီးပြီး ပြည်သူလူထု အများဆုံး အသုံးပြုနေသည့် လမ်း ဖြစ်သော ခေါင်လန်ဖူး-ညီတားဒီလမ်း (၅၅ မိုင်)အတွင်း သဘာဝေ ဘးအန္တရာယ်ကြောင့် ပျက်စီးခဲ့ရသော လမ်း၊ တံတားများ အမြန်ဆုံး ဖောက်လုပ်ပြုပြင်ပေးရန်နှင့် ညီတားဒီကျေးရွာထိ ရာသီမရွေး သွားလာနိုင်သည့်လမ်းဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ခေါင်လန်ဖူး-ညီတားဒီလမ်း ၅၅ မိုင်ကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၃၂၈.၁၃ သန်းဖြင့် ခေါင်လန်ဖူးဌာနေ ပြည်သူ့စစ်အဖွဲ့က မြေသားလမ်း ဖောက်လုပ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနသည် ဝေးလံခေါင်ပါး နယ်စပ်ဒေသများ၊ ငြိမ်းချမ်းရေး လိုလားသော တိုင်းရင်းသား အဖွဲ့အစည်းများ၏ အခြေခံ နယ်မြေများတွင် နေထိုင်ကြသော ဒေသခံပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးအတွက် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ခေါင်လန်ဖူးမြို့နယ်သည် နယ်မြေ ပိုင်းခြားခွဲဝေ သတ်မှတ်မှုအရ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန နယ်မြေအတွင်း ပါဝင်သည်ကို တွေ့ရှိရပြီး ညီတားဒီကျေးရွာသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဖွံ့ဖြိုးရေး ဆောင်ရွက်ပေး လျက်ရှိသော နယ်မြေအတွင်း ပါဝင်သည်ကို တွေ့ရှိရပါကြောင်း၊
အဆိုပါဒေသ၌ လမ်း၊ တံတားများမှာ ဖောက်လုပ်ရန်သည် ခက်ခဲပြီး ငွေကြေးကုန်ကျမှုများသော အပိုင်းများ ပါဝင်ခြင်းကြောင့် နယ်စပ်ရေးရာဝန်ကြီး ဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ နယ်မြေအတွင်း ပါဝင်သော ညီတားဒီကျေးရွာအပိုင်းမှ ညီတားဒီ-ခေါင်လန်ဖူးလမ်း ၅၅ မိုင်အနက် ၁၀ မိုင်အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အဆိုပြုလျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။
ဦးအာမိုးဆီ(ခေါင်လန်ဖူး) မှ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိတို့ဒေသသည် မိုးများပြီး ရာသီဥတုဆိုးရွားခြင်းကြောင့် နှစ်စဉ်လမ်း၊ တံတားများစွာ ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်ကာ သွားလာရန် အခက်အခဲများစွာ တွေ့ကြုံနေရသည့် မြို့နယ် ဖြစ်ပါကြောင်း၊ ခေါင်လန်ဖူး-ညီတားဒီလမ်း (၅၅ မိုင်) ကို လမ်းဦးစီးဌာနမှ နှစ်စဉ် ဘတ်ဂျက်များ ချထား ဆောင်ရွက်နေသော်လည်း လျာထား ချက်မပြည့်မီခြင်း၊ ပြုပြင်မှု မရှိခြင်း၊ အောက်ခြေမှ တင်ပြလာသော အချက်များအတိုင်း ပြန်လည်ဖြေကြားခြင်းများကို မကြာခဏ တွေ့ကြုံနေ ရပါကြောင်း၊ ထို့ကြောင့် ခေါင်လန်ဖူး-ညီတားဒီလမ်း( ၅၅ မိုင်)အား ရာသီမရွေး သွားလာနိုင်ရန် အတွက် မည်သည့်ဘတ်ဂျက်နှစ်တွင် ပြီးစီးအောင်တည်ဆောက် ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်
မိမိတို့အနေဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန၏ လမ်းအပိုင်းကို ကွင်းဆင်းစစ်ဆေးပြီးဖြစ်ပါကြောင်း၊ ထိုသို့ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များအရ အဆိုပါလမ်း (၅၅)မိုင်တွင် (၁၀)မိုင်သည် နယ်စပ်တွင် ပါဝင်နေခြင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးခွန်းတွင် ပါဝင်သော လမ်းတံတားများကို ကွင်းဆင်းစစ်ဆေးပြီး ဘတ်ဂျက်အမီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။
