မေးခွန်း အကြောင်းအရာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်သည် ကသာ၊ ထီးချိုင့်၊ အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူးစသည့် ခုနစ်မြို့နယ်ပါဝင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ မြို့နယ်ဖြစ်သော်လည်း ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မဘိမ်းမြို့နယ် အနောက်ဘက်အစွန် ကျေးရွာများ၊ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် အနောက်ဘက်ကျသည့် ကျေးရွာများနှင့် မြေပြင် အနေအထား ထိစပ်နေပြီး နေ့စဉ် အပြန်အလှန် ကူးသန်းသွားလာမှု အများအပြားရှိပါကြောင်း၊ ၎င်းနယ်သည် မိုးများပြီးစွတ်စိုသော ရာသီဥတုမျိုး ရှိခဲ့ဖူးသော်လည်း သစ်တောများ မတန်တဆ ပြုန်းတီးသွားခြင်းကြောင့် ရာသီဥတုဖောက်ပြန်ပြီး အပူချိန်များလည်း မြင့်မားလာပါကြောင်း၊ နောက်ပိုင်း မိုးရာသီ ကျရောက်လာသည့်အခါ ငှက်ဖျား၊ အူရောင်ငန်းဖျား၊ ဝမ်းပျက်၊ ဝမ်းလျှောများဖြစ်လာနိုင်ခြင်းကြောင့် ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ကသာတွင် ခုတင် (၁၀၀) ဆေးရုံထားရှိပြီး ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ထီးချိုင့်မြို့နယ် များအပြင် နယ်ချင်းစပ်နေသည့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်များက နီးစပ်ရာရွာများက အားထားတက်ရောက် ကုသကြပါကြောင်း၊ ယခုလို ဆေးရုံလာသည့် လူများရှိသကဲ့သို့ အစဉ်အလာအစွဲအလမ်းအတိုင်း အသားကျနေသည့် တိုင်းရင်းဆေးကိုသာ အားကိုးကြပါကြောင်း၊ လူမမာများကလည်း တိုင်းရင်းဆေးခန်း ဆေးကုဌာနများကိုသာ သွားရောက်ကုသရန် အားသန်ကြပါကြောင်း၊ ကသာခရိုင်အတွင်းက တိုင်းရင်းဆေးကုဌာနများကို နှစ်စဉ်ပျမ်းမျှလူမမာ ၁၅၀၀၀ နှင့် ၂၀၀၀၀ ကြားခန့် လာရောက် ကုသသည်ဟုလည်း ကြားသိရပါကြောင်း၊ စိစစ်လေ့လာမှုများအရ သွေးတိုး ၇၀ ရာခိုင်နှုန်း၊ လေငန်းလေဖြတ် ၄၀ ရာခိုင်နှုန်း၊ အရိုးကျိုးအဆစ်လွဲ ၂၀ ရာခိုင်နှုန်း၊ လိပ်ခေါင်း အနာပေါက် ဆီးချိုနှင့် ဆက်နွယ်ဖြစ်ပွား ရောဂါ ၁၅ ရာခိုင်နှုန်း၊ အရိုးကျီးပေါင်းတက် ၁၀ ရာခိုင်နှုန်းစသည်ဖြင့် တွေ့ရှိရပါကြောင်း၊ ကသာမြို့တွင် မြို့နယ်အဆင့် တိုင်းရင်းဆေးကုဌာနနှင့် ခရိုင်အဆင့်တိုင်းရင်းဆေးကုဌာနတို့ ရှိသော်လည်း ညအိပ်လူမမာလက်ခံကုသပေးနိုင်သည့် တိုင်းရင်းဆေးရုံ မရှိသေးပါကြောင်း၊ ခရိုင်အတွင်းက ထီးချိုင့်မြို့တွင် ၁၆ ခုတင် မြို့နယ်တိုင်းရင်းဆေးရုံ ရှိသော်လည်း ကသာနှင့် ရေလမ်းအားဖြင့် မိုင် ၄၀ နီးပါး၊ ကားလမ်းဖြင့် ၁၂ ရာသီသွားနိုင်ရန် အင်းတော်ဘက်က ပတ်မောင်းရခြင်းကြောင့် မိုင် ၆၀ ခန့် ကွာဝေးပါကြောင်း၊ အကယ်၍ ကသာခရိုင်အဆင့် တိုင်းရင်းဆေးရုံရှိမည်ဆိုလျှင် အတွင်းလူနာအဖြစ် ညအိပ်ညနေ ဆေးရုံကုသရမည့် လူနာများကို လက်ခံကုသပေးနိုင်မည် ဖြစ်သဖြင့် ရောဂါသက်သာ ပျောက်ကင်းမှု နှုန်းလည်းမြင့်တက်လာနိုင်ပါကြောင်း၊ ကသာမြို့၏အားသာချက်သည် တိုင်းရင်းဆေးရုံ ခွင့်ပြုချမှတ်ပေးမည်ဆိုပါက ဆေးရုံဆောက်ရန်အတွက် စည်ပင်နယ်နိမိတ်ထဲတွင်လည်း ၂ ဧကခွဲခန့် ကျယ်ဝန်းသည့် မြေနေရာလုံလုံလောက်လောက် လျာထားပြီး အဆင်သင့်ရှိနေပါကြောင်း၊ ထို့ကြောင့် ကသာမြို့တွင် ခရိုင်အဆင့် တိုင်းရင်းဆေးရုံ ခွင့်ပြုချမှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ပေးနိုင်မည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုင်းရင်းဆေးပညာ ဦးစီးဌာနအနေဖြင့် ဆေးကုသခန်းများ၊ ဆေးရုံများတိုးချဲ့တည်ဆောက်သည့်အခါ ဆောက်လုပ်မည့်မြေနေရာ၊ ပတ်ဝန်းကျင်၌ အခြားတိုင်းရင်းဆေးခန်း၊ ဆေးရုံများရှိမှု၊ လူဦးရေသိပ်သည်းမှု လိုအပ်သောမြေနေရာ၊ လမ်းပန်းဆက်သွယ်ရေးရှိမှု၊ ဝန်ထမ်းများ၏ လုံခြုံရေးအခြေအနေ အထူးသဖြင့် မြန်မာ့တိုင်းရင်းဆေးအား နယ်မြေလူထုက ယုံကြည်မှုရှိ/မရှိ၊ ဘဏ္ဍာငွေခွင့်ပြုမိန့်ရသည့်အပေါ် မူတည်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ခြုံငုံသုံးသပ်ပြီး ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ပါကြောင်း၊
မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် တိုင်းရင်းဆေးရုံများ ဖွင့်လှစ်ထားသည့်အနက် ကသာခရိုင်တည်ရှိသော စစ်ကိုင်းတိုင်းဒေသကြီးတွင် တိုင်းရင်း ဆေးရုံများအများဆုံးရှိပါကြောင်း၊ မုံရွာတွင် ခုတင် (၅၀) ဆံ့ဆေးရုံ၊ မင်းကွန်းနှင့် မြင်းမူတွင် (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံတစ်ရုံစီ၊ ကလေးမြို့တွင် ဖွဲ့စည်းပုံကြပြီး (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံတစ်ရုံ၊ ရေဦး၊ ထီးချိုင့်၊ ကန့်ဘလူမြို့တွင် (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ တစ်ရုံစီရှိပါကြောင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စုစုပေါင်းတိုင်းရင်းဆေးရုံက ငါးရုံအထိရှိပါကြောင်း၊ ကသာမြို့နယ်တွင် ကသာခရိုင်တိုင်းရင်းဆေးပညာ ဦးစီးဌာနရုံးနှင့် ကသာမြို့နယ် တိုင်းရင်းဆေးကုသဌာနတို့ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၁၇ ခုနှစ် မတ်လအထိ ကသာ၊ ကောလင်း၊ ပင်လည်ဘူး၊ ဝန်းသို၊ ထီးချိုင့်တွင် တိုင်းရင်းဆေးလာရောက်ကုသသော လူနာအရေအတွက်သည် ကသာတွင် ၁၂ ဦး၊ ကောလင်းတွင် ၉ ဦး၊ ပင်လည်ဘူးတွင် ၈ ဦး၊ ဝန်းသိုတွင် ၉ ဦး၊ ထီးချိုင့်တွင် ၈ ဦး စုစုပေါင်း ၄၆ ဦးရှိပါကြောင်း၊ တစ်နှစ်လုံးတွင် စုစုပေါင်းလာပြသည့် လူနာပေါင်းသည် မတ်လ၊ ဧပြီလ ၁ ရက်နေ့ မှ ၂၀၁၇ ခုနှစ်အထိ ၁၁၀၅၇ ဦးရှိသည်ကို တွေ့ရှိရသည့်အတွက် လာရောက်လာပြသည့် လူနာဦးရေ အလွန်နည်းပါးပါကြောင်း၊ တိုင်းရင်းဆေးရုံရှိပါလျှက်နှင့် လာရောက်လာပြသည့်လူနာအရေအတွက်သည် တစ်ရက်လျှင် ၉ ယောက်၊ ၈ ယောက်သာလာပြသည့်အတွက် ထိုသို့ လာရာက်ပြသသည့် လူနာအရေအတွက်နည်းပါးနေမှု အပေါ်စုံစမ်းကြည့်ရန် လိုအပ်ပါကြောင်း၊ စုံစမ်းသိရှိပြီးမှသာလျှင် ဆောက်လုပ်သင့်မဆောက်သင့်ကို စဉ်းစားသွားမည်ဖြစ်ပါကြောင်း၊
သို့သော်လည်း ကသာနှင့်အနီးဆုံးဖြစ်သည့် ၅၈ မိုင်ရှိကွာဝေးသည့် ထီးချိုင့်မြို့နယ်တွင် ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံတည် ဆောက်ပြီးစီးပါကြောင်း၊ ကသာမှ ရာသီမရွေးသွားလာနိုင်သောကားလမ်းနှင့် နှစ်နာရီခန့်ကြာသွားရောက်ကုသနိုင်ပါကြောင်း၊ ဖွဲ့စည်းပုံရရှိရန်အတွက်ကို စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဖွဲ့စည်းပုံ စိစစ်ရေးအဖွဲ့တို့မှ လာမည့်နှစ်တွင် တောင်းခံရန်နှင့် ဖွဲ့စည်းပုံရရှိပါက ထီးချိုင့်တွင် တည်ဆောက်ပေးမည်ဖြစ်ပါကြောင်းနှင့် ယခုအခြေအနေ တွင်တည်ဆောက်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
