(င)-ဓနုဖြူမြို့နယ်၊အလမျိုး-နှဲကြိုး (၈မိုင်၊၂ဖာလုံ)၊ စံကင်း - ကလော့သော့ (၇ မိုင်၊ ၁.၅ဖာလုံ) နှင့် ဆကာကြီး-ဥတိုလမ်းရှိ ကျန်ကျောက်ချောလမ်း (၁မိုင်၊၄ဖာလုံ) တို့အား ကွန်ကရစ်လမ်းများအဖြစ် တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၃၀.၅.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u tin hlaဓနုဖြူမြို့တွင် တိုက်နယ်ပေါင်း ၇ ခု၊ ကျေးရွာအုပ်စုပေါင်း ၆၃ ခု၊ ကျေးရွာခွဲပေါင်း ၄၄၉ ရွာ၊ မြို့ပေါ်ရပ်ကွက် ၁၈ ရပ်ကွက်၊ လူဦးရေပေါင်း ၁၈၇၉၈၄ ဦး နေထိုင်ပါကြောင်း၊ ဆကာကြီး-ဥတိုလမ်းနှင့် စံကင်း-ကလော့သော့လမ်းသည် ဓနုဖြူမြို့၏အရှေ့ဘက် ဧရာဝတီမြစ်၏ အရှေ့ဘက် ကမ်းတွင် တည်ရှိပြီး ဆကာကြီး- ဥတိုလမ်းသည် ဓနုဖြူမြို့နယ် ဧရာဝတီတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ဥတိုကျေးရွာသို့ ဆက်သွယ်ထား သည့်လမ်းများ ဖြစ်ပါ ကြောင်း၊

ဆကာကြီးလမ်းသည် တိုက်နယ် ကျေးရွာအုပ်စုပေါင်း ၁၂ အုပ်စု၊ ရွာပေါင်း ၇၅ ရွာကို အကျိုးပြုသော ကုန်ထုတ်လမ်းဖြစ်တစ်ခုဖြစ်ပါကြောင်း၊

အလမျိုး-နှဲကြိုးလမ်းသည် အရှည် ၈ မိုင်၂ ဖာလုံရှိသည့်အနက် ဇီးဖြူကုန်း- ငဖအိမ် လမ်းသည်အလွန်ဆိုးဝါးပါကြောင်းနှင့် အဆိုပါလမ်းသည် အလမျိုးကျေးရွာအုပ်စု ၈ အုပ်စု၊ ကျေးရွာခွဲပေါင်း ၄၉ ရွာ၊ ကျောင်းစုတိုက်နယ် ၁၁ အုပ်စု၊ ကျေးရွာအုပ်စုခွဲ ရွာပေါင်း ၇၆ ရွာကို အကျိုးပြုသည့် ကုန်ထုတ်လမ်း တစ်ခုဖြစ်ပါကြောင်း၊

စံကင်း- ကလော့သော့လမ်းသည် ၈ မိုင် ၂ ဖာလုံ ရှိပြီး တိုက်နယ်ဆေးရုံလည်း တည်ရှိကာ ဧရာဝတီတိုင်းဒေသကြီး စံကင်း- တိုက်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး ကလော့သော့ ကျေးရွာကို တိုက်ရိုက်ဆက်သွယ်ထားသည့် လမ်းဖြစ်ပါကြောင်း၊

သို့သော်အဆိုပါလမ်းများသည် မိုးတွင်းကာလတွင် သွားလာနိုင်ခြင်းမရှိပါကြောင်း၊  အဆိုပါ လမ်းများ ကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်မည်ဆိုပါက ရာသီမရွေး သွားလာနိုင်သည့် လမ်းများ ဖြစ်သည့်အပြင် ဓနုဖြူတစ်မြို့နယ်လုံး၏ လယ်ယာ၊ ခြံမြေ၊ ကောက်ပဲသီးနှံ၊ ကုန်စည်စီးဆင်းမှု၊ ရေလုပ်ငန်း၏ ကုန်စည်စီးဆင်းမှုများ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများအားလုံးတိုးတက်လာမည်ဖြစ်ပြီး တိုက်နယ် ၄ ခု၊ ရွာပေါင်း ၂၅၁ ရွာလောက်ကို အကျိုးပြုမှာဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါ လမ်း ၃ လမ်းကို ကျောက်ချောလမ်းမကြီး ကွန်ကရစ်လမ်း အဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ကာလ၊ မည်သည့်ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုမည်ဆိုသည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ
အဖြေ
ဖြေကြားချက် 

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် အတွင်းရှိ ဆကာကြီး-ဥတိုလမ်းအရှည် ၅ မိုင် ၄ ဖာလုံနှင့် ၄ မိုင်ကို ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ရာ ကျန်ကျောက်ချောလမ်းပိုင်း ၁ မိုင် ၄ ဖာလုံကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင်‌့တင်ဆောင်ရွက်ပါက ငွေကျပ် ၂၆၈.၄၂၅ သန်းခန့် ကုန်ကျမှာဖြစ်ပြီး ကျေးရွာ ၅၇ ရွာရှိ လူဦးရေပေါင်း ၂၀၀၁၄ ဦးတို့ကို အကျိုးပြုမှာဖြစ်ပါကြောင်း၊

ဓနုဖြူမြို့နယ်၊ အလမျိုး-နှဲကြိုး ကျောက်ချောလမ်း အရှည် ၈ မိုင် ၂ ဖာလုံကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပါက ငွေကျပ် ၁၄၇၆.၃၃၈ သန်းခန့် ကုန်ကျမည်ဖြစ်ပြီး ကျေးရွာ ၂၆ ရွာရှိ လူဦးရေ ၁၆၃၄၀ ဦးတို့ကို အကျိုးပြုမှာ ဖြစ်ပါကြောင်း၊

 ဓနုဖြူမြို့နယ် စံကင်း-ကလော့သော့ ကျောက်ချောလမ်းအရှည် ၇ မိုင် ၁.၅ ဖာလုံကို ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပါက ငွေကျပ် ၁၂၈၆.၂၀၃ သန်းခန့် ကုန်ကျ မည်ဖြစ်ပြီး ကျေးရွာ ၁၉ ရွာရှိ လူဦးရေ ၇၄၂၂ ဦးတို့ကို အကျိုးပြုမည်ဖြစ်ပါကြောင်း၊

ဓနုဖြူမြို့နယ်အတွင်းရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ်သန်းပေါင်း ၅၂၄.၃၀ သန်းနှင့် ကွန်ကရစ်လမ်း ၁ မိုင်၊ ကျောက်ချော လမ်း ၃ မိုင် ၃.၂ ဖာလုံ၊ ကွန်ကရစ်တံတား ၁ စင်း၊ သစ်သားတံတား ၁၀ စင်းနှင့် Box Culvert (၃)စင်း တို့ကို လျာထားဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ဓနုဖြူမြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်လမ်း ၃ လမ်းတို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခြင်းမရှိသော်လည်း ဓနုဖြူမြို့နယ်အတွင်း ယခင်ဘဏ္ဍာရေးနှစ်အတွင်းက ကွန်ကရစ် လမ်း ၁ မိုင်၊ ကျောက်ချောလမ်း ၃ မိုင် ၃.၂ ဖာလုံ၊ ကွန်ကရစ်တံတား ၁ စင်း၊ သစ်သားတံတား ၁၀ စင်း နှင့် Box Culvert (၃)စင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊

ယခုနှစ် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်တွင် မေးခွန်းပါလမ်းများအား ဆောင်ရွက်ပေးနိုင်ခြင်းမရှိ သော်လည်း ထောက်လျှာရိုး-ကုန်းတန်းမြောက် ကျောက်ချောလမ်းအတွက် ၄.၇၀၇ မိုင် ၁၂ ပေ အကျယ် ၁၂ လက်မအထူကို ကျပ်သန်းပေါင်း ၁၃၆.၃၉၀ သန်းနှင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသော်လည်း နှစ်အလိုက် ပြည်နယ်/တိုင်း ဒေသကြီးများမှ ဦးစားပေးလျာထားမှုအပေါ်မှာမူတည်ပြီး ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။