မေးခွန်း အကြောင်းအရာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်နှင့် ရွှေဘိုခရိုင် ဆက်သွယ်ထားသည့် အမှတ်(၃)ခရိုင်ချင်း ဆက် လမ်း ထီးချိုင့်မြို့နယ်အပိုင်းအနေနှင့် မရသိမ် ကျေးရွာမှ ငပိချောင်းကျေးရွာအထိ ၁၇ မိုင် လေးဖာလုံ ရှည်လျားပြီး ငပိချောင်း၊ ဗဟိုကုန်း၊ တုံငယ်၊ မြကန်သာ၊ ဝဲကြီး၊ ချွန်းတောင်၊ ဂွေးပင် ချောင်း၊ ကျွန်း ချောင်း၊ ကြက်ဆူချောင်း၊ ဖတည် ပဲခူးချောင်းနှင့် မရသိမ်စသည့် တောင်ခြေ တစ်တန်း ကျေးရွာများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးတို့ကို အကျိုး ပြုနိုင်မည်ဖြစ်ပါကြောင်း၊ ယခုအခါ အဆိုပါလမ်းပိုင်းကို ဆရာတော်များက ဦးဆောင် ဦးရွက်ပြုပြီး မတည်ငွေ၊ ကျေးရွာနေပြည်သူများမှ အလှူငွေ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ ကမ္မကထပြုသော နီကယ်လ်ကုမ္ပဏီမှ အလှူငွေအပြင် ကိုယ်စားလှယ်များပူးပေါင်းဆောင်ရွက်သည့် တိုင်းဒေသကြီးတင်ဒါပိုလျှံငွေမှ ထည့်ဝင်ငွေများနှင့်အတူ ကိုယ်ထူကိုယ်ထလမ်းကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့မှစ၍ ဖောက်လုပ်ခဲ့ရာ ယခုအခါ နွေရာသီတွင် ဆက်သွယ်သွားလာနိုင်သော မြေပေါင်တင်လမ်းအဖြစ် ဖောက်လုပ်နိုင်ခဲ့ပါကြောင်း၊ သို့သော် မိုးတွင်းကာလရောက်ရှိလာပါက မြေသားလမ်းဖြစ်ပြီး တံတားကူးများစွာရှိခြင်းကြောင့် ရာသီမရွေး ချောမောလွယ်ကူစွာ သွားလာနိုင်ရန်အတွက် ထီးချိုင့်မြို့နယ်အတွင်းမှာရှိ အမှတ်(၃)ခရိုင် ချင်းဆက်လမ်း ငပိချောင်း-မရသိမ်လမ်းအား ရာသီမရွေးသွားလာနိုင်သော မြေပေါင်တင်ကျောက်ချော လမ်းခင်းပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။
အမှတ်(၃)ခရိုင်ချင်းဆက်လမ်း၊ ထီးချိုင့်မြို့နယ်အပိုင်း(ငပိချောင်းမှ မရသိမ်အထိ) ၁၇ မိုင် လေးဖာလုံရှိပြီး မူလက တစ်ကြောင်းထိုးလမ်းဖြစ်ပါကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် လမ်းအရှည် ၁၇ မိုင် လေးဖာလုံမှ လမ်းအရှည် တစ်မိုင် ဝ.၀၈ ဖာလုံကို ၁၄ ပေအကျယ် တစ်ပေထု မြေပေါင်တင်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့ရန်ပုံငွေဖြင့် လုပ်ငန်း ဆောင်ရွက်ပြီး ကျန်ရှိ ၁၆ မိုင် ၃.၈၂ ဖာလုံကို နှစ်ပေထုမြေပေါင်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန် ခန့်မှန်းကုန်ကျငွေကျပ် ၃၄၅.၀၃ သန်းနှင့် မြေပေါင်တင်ထားသည့်လမ်း ၁၇မိုင် လေးဖာလုံ ကျောက်ချောခင်းခြင်း လုပ်ငန်းဆောင်ရွက်ပါက ခန့်မှန်းကုန်ကျငွေကျပ် ၃၄၁၄.၇၇၅ သန်း ကုန်ကျမည်ဖြစ်ပါကြောင်း၊ ၎င်းလမ်းပေါ်တွင် တံတား ၂၆ စင်းတည်ဆောက်ရန်လိုအပ်ပြီး မူလ တံတားဟောင်း ၁၀ စင်း နေရာ၌ ၅၀ ပေ ကွန်ကရစ်တံတား တစ်စင်း၊ ၄၀ ပေ ကွန်ကရစ်တံတား နှစ်စင်း၊ ၃၀ ပေ ကွန်ကရစ် တံတား တစ်စင်း၊ ၂၂ ပေ ကွန်ကရစ်တံတား တစ်စင်း၊ ၂၀ ပေ ကွန်ကရစ်တံတား လေးစင်း၊ ၁၀ ပေ ကွန်ကရစ်တံတား တစ်စင်းဆောင်ရွက်ရမည်ဖြစ်ပြီး ခန့်မှန်း ကုန်ကျငွေကျပ် ၃၃၁.၂ သန်း ဖြစ်ပါကြောင်း၊ အသစ်ဆောက်လုပ်မည့်တံတား ၁၆ စင်းမှာ ၁၂၀ ပေ ဘိုးပိုင်တံတား နှစ်စင်း၊ ၁၀၀ ပေ ဘိုးပိုင်တံတား နှစ်စင်း၊ ၇၀ ပေ ဘိုးပိုင်တံတား လေးစင်း၊ ၆၀ ပေ ဘိုးပိုင်တံတား တစ်စင်း၊ ၂၀ပေ ကွန်ကရစ် တံတားတစ်စင်း၊ ၁၅ ပေ ကွန်ကရစ်တံတား တစ်စင်း၊ ၁၀ ပေ ကွန်ကရစ်တံတား နှစ်စင်း၊ ၅ ပေ Box Culvert သုံးစင်း ဆောင်ရွက်ရမည်ဖြစ်ပြီး ခန့်မှန်းကုန်ကျငွေကျပ် ၁၃၆၇.၇၂ သန်းကုန်ကျမည်ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါသောကြောင့် အမှတ်(၃)ခရိုင်ချင်းဆက်လမ်း ငပိချောင်း-မရသိမ်လမ်းကို ကျောက်ချော လမ်းခင်းခြင်းနှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်းများအား ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ဘဏ္ဍာရေးနှစ်အလိုက် ဘတ်ဂျက်လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြိးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့်လည်း အဆိုပါ ကျောက်ချောလမ်းခင်းခြင်းနှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်းများသည် ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခြင်းမရှိသည်ကိုလည်း ဖြည့်စွက်တင်ပြကြောင်း ပြန်လည်ဖြေကြားပါသည်။
