မေးခွန်း အကြောင်းအရာ
ခင်ဦးမြို့နယ်၏ အနောက်ဘက် ရေဦးမြို့နယ်နှင့်ထိစပ်သည့်နေရာတွင် မူးမြစ်သည် မြောက်မှတောင်သို့ စီးဆင်းပိုင်းခြားထားပါကြောင်း၊ မူးမြစ်ဟာ သဖန်းဆိပ်ဆည်၊ အင်းတက်ဆည်၊ ကာဘိုဆည်တို့ကို ဖြတ်သန်းစီးဆင်းလာသည့်အတွက် နွေရာသတွင် ချောင်းငယ်ခန့်သာ စီးဆင်းသော်လည်း မိုးတွင်းကာလတွင် တစ်မိုင်ခန့်ကျယ်ဝန်းသည် မြစ်ကြီးတစ်စင်းကဲ့သို့ ဖြစ်ပါကြောင်း၊ နှစ်စဉ်နှစ်တိုင်း မိုးရာသီတွင် ရေကြီးရေလျှံလေ့ရှိပြီး မြစ်ဝှမ်းတစ်လျှောက်ရှိ ကျေးရွာများမှာ ရေဘေးဒုက္ခကြုံရလေ့ရှိပါကြောင်း၊ ၂၀၁၅ ခုနှစ် ဇူလိုင်လတွင်ဖြစ်ပွားခဲ့သော မြန်မာပြည်အနှံ့အပြား မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ခင်ဦးမြို့နယ်၊ မူးမြစ်အရှေ့ဘက်ကမ်းစပ်ရှိ ဥယျာဉ်ရွာ၊ တွင်းတောကြီးရွာ၊ တားဆိပ်ရွာ၊ ရွာတော်ရွာစသည့် ကျေးရွာများမှာ ရေဘေးဒုက္ခခံစားခဲ့ ရပါကြောင်း၊
ထို့ကြောင့် မူးမြစ်ကမ်းပါးတွင် နေထိုင်ကြသော ကျေးရွာသူ ကျေးရွာသားများအတွက် ခင်ဦးမြို့နယ်၊ ဥယျာဉ်ရွာအနီးတွင် ကျောက်စီမြေထိန်းနံရံကာတစ်ခု ဆောက်လုပ်ပေးနိုင်ခြင်းရှိ/မရှိနှင့် ဆောက်လုပ်ပေးမည်ဆိုပါက မည်သည့်အချိန်တွင် ဆောက်လုပ်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
၂၀၁၅ ခုနှစ်ကစတင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအပါအဝင် မြန်မာနိုင်ငံတစ်ဝန်း ရာသီဥတု ဖောက်ပြန်မှုကြောင့် မိုးသည်းထန်စွာရွာခြင်း၊ ရေလျှံခြင်းများဖြစ်ပွားကာ ကမ်းပြိုမှု အများအပြား ဖြစ်ခဲ့ပါကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် ချင်းတွင်းမြစ်ရေလမ်းဖွံ့ဖြိုးရေးလုပ်ငန်း ၃ ခု၊ ပြည်ထောင်စု သီးသန့် ရန်ပုံငွေဖြင့် ကမ်းပြို ကာကွယ်ရေးလုပ်ငန်း ၃ ခု၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်း ၄၂ ခု စုစုပေါင်း လုပ်ငန်း ၄၈ ခုကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၄၅ ခုအနက် မူးမြစ်အတွင်း လုပ်ငန်းပေါင်း ၉ ခု ဆောင်ရွက်ပေးခဲ့ပါကြောင်း၊
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ခုနစ်နေရာဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မြင်းမူမြို့နယ်၊ ရထောင်းကျေးရွာ၊ ရေဦးမြို့နယ်၊ လေးရွာကျေးရွာ၊ ရွှေဘိုမြို့နယ်၊ မအူပင် ကျေးရွာ၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာ၊ ဝက်လက်မြို့နယ်၊ စွယ်ကွေ့ကျေးရွာ များတွင် ဒေါင်းဖြူချောင်းတိုင်းတာရေး လုပ်ငန်းလည်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ရေဦးမြို့နယ်၊ လေးရွာကျေးရွာ၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်း ကျေးရွာတို့ကို တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့သည့်အပြင် ပြည်ထောင်စု သီးသန့်ရန်ပုံငွေဖြင့် နှစ်နေရာဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအနေဖြင့် ဝက်လက်မြို့နယ်၊ မူကြို့ကျေးရွာနှင့် ဒီပဲယင်းမြို့နယ်၊ မူရိုးကုန်းကျေးရွာများတွင် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ် ဥယျာဉ်ရွာအနီး မူးမြစ်ကမ်းပြိုမှုဖြစ်ပေါ်ခဲ့သည့်နေရာများကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့မှ ဧပြီလ ၂၉ ရက်နေ့အထိ ကွင်းဆင်းတိုင်းတာ စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး တိုင်းတာရရှိခဲ့သောအချက်အလက်များအပေါ်မူတည်၍ လိုအပ်သည့် ကမ်းပြိုကာကွယ်ရေး အစီအမံများရေးဆွဲတွက်ချက်ကာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဖြည့်စွက်ရန်ပုံငွေတွင် တင်ပြတောင်းခံသွားမည်ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေရရှိမှုပေါ်မူတည်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နည်းပညာကူညီပံ့ပိုးဆောင်ရွက်ပေး သွားမှာဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
