ရာဇာမင်းစက်သုံးဆီအရောင်းဆိုင်မြေဧရိယာ ဝ.၅၇ ဧကနှင့် သမဝါယမဆိုင်ခန်း မြေဧရိယာ ဝ.၁ ဧက သည် မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ရန်မျိုးအောင်၊ အမှတ်(၅)ရပ်ကွက်၊ ကွင်းအမှတ်(၅၈၃-က) ကျိုက်မရောကုလားကုန်းကွင်း၊ မြေကွက်အမှတ်(၄၇၁)၊ မြေဧရိယာ ဝ.၆၇ ဧက ပေါ်တွင် တည်ရှိပါကြောင်းနှင့် အဆိုပါမြေသည် ၁၉၃၃ ခုနှစ် စာရင်းမြေပုံအရ အစိုးရသီးသန့်မြေ ဖြစ်ပါကြောင်း၊ ၁၉၆၆-၁၉၆၇ ခုနှစ်တွင် အစိုးရသီးသန့်မြေအဖြစ်မှပယ်ဖျက်ခဲ့ပြီး ၁၉၆၇ ခုနှစ်တွင် ၎င်းမြေကွက်၌ BOC ကုမ္ပဏီပိုင်ရေနံအရောင်းဆိုင် (မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ် ရေးလုပ်ငန်း) စက်သုံးဆီ အရောင်းဆိုင် အမှတ်(၀၈၇၃)အဖြစ်လည်းကောင်း၊ သမဝါယမဆိုင်အဖြစ် လည်းကောင်း ဖွင့်လှစ်ခဲ့တာဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ပြောင်းလဲကျင့်သုံးသည့် ဈေးကွက်စီးပွားရေး စနစ်နှင့်အညီ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်သည် အဆိုပါစက်သုံးဆီအရောင်းဆိုင် အပါအဝင် နိုင်ငံပိုင် စက်သုံးဆီ အရောင်းဆိုင် ၂၆၁ ဆိုင်ကို တိုင်းရင်းသားပုဂ္ဂလိကလုပ်ငန်းရှင်များသို့ အပြီးအပိုင် လွှဲပြောင်းရောင်းချခဲ့ပြီး ၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၁၀ ရက်နေ့မှစတင်၍ ဖွင့်လှစ်ရောင်းချခဲ့တာဖြစ်ပါ ကြောင်း၊
စက်သုံးဆီဆိုင်မြေ နေရာ ဝ.၅၇ ဧကအား နိုင်ငံပိုင်ပစ္စည်းများအား ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်က ၁၆-၅-၂၀၁၁ ရက်စွဲပါစာအမှတ်၊ ပဝထ-၉(၂၄၅၆/၂၀၁၁)ဖြင့် ကျိုက်မရောမြို့၊ စက်သုံးဆီအရောင်းဆိုင်အမှတ် ၀၈၇၃ ကို ကျပ်သန်း ၂၀ ဖြင့် ရာဇာမင်းကုမ္ပဏီသို့ အပြီးအပြတ်ရောင်းချထားပြီးဖြစ်သည့်အပြင် သတ္တုတွင်းဦးစီးဌာန၏ ၃၁-၁၂-၂၀၁၇ ရက်နေ့အထိ သက်တမ်းရှိသိုလှောင်ခွင့်လိုင်စင်နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၁၈-၈-၂၀၁၇ ရက်နေ့အထိ သက်တမ်းရှိ စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင်များကို ခွင့်ပြုချက်ရရှိထားသော စက်သုံးဆီ အရောင်းဆိုင်ဖြစ်သည့်အတွက် ကုမ္ပဏီပိုင်မြေနေရာဖြစ်နေပါကြောင်း၊ ကျန်ရှိနေသည့် ဝ.၁၉ ဧကတွင် ၁၉၇၈-၁၉၇၉ ခုနှစ် မြို့နယ်ပါတီယူနစ်နှင့် မြို့နယ်ပြည်သူ့ကောင်စီ၏ အကြီးအကဲများ၏ ခွင့်ပြုမိန့်ဖြင့် သမဝါယမဦးစီးဌာနနှင့် လက်အောက်ခံ အမှတ်(၂)စားသုံးသူသမဝါယမအသင်းဆိုင်ကို ဆောက်လုပ်ခဲ့ပြီး မြေစာရင်းပုံစံ(၁၀၅)၊(၁၀၆) ထုတ်ယူ၍ ၂၀၀၉ ခုနှစ်တွင် မြေငှားဂရန်လျှောက် ထားရန် ဆောင်ရွက်လျက်ရှိကြောင်း၊ သမဝါယမအသင်းဆိုင်မြေနေရာ ဖယ်ရှားခြင်းကိစ္စနှင့်စပ်လျဉ်း၍ အသင်း၏အထူးအရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ၁၃-၆-၂၀၁၆ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌတို့ထံ လိပ်မူ၍ အသင်းဆိုင်ရာမြေနေရာအား ပြောင်းရွှေ့ဖယ်ရှားခြင်းမပြုပါရန်နှင့် အသင်းဆိုင်မြေနေရာ ပြောင်းရွှေ့ ရပါက သက်ဆိုင်ရာသမဝါယမအသင်းတည်ရှိရာ နယ်မြေအတွင်း အသင်းဆိုင်ဆောက်လုပ်နိုင်ရေး အတွက် မြေနေရာအစားရရှိရေးဆောင်ရွက်ပေးရန် တင်ပြထားပါကြောင်း၊ သမဝါယမအသင်းများ၏ ပိုင်ဆိုင်ပစ္စည်းများနှင့်ကိစ္စအဝဝကို စီမံခန့်ခွဲရာတွင် ၁၉၉၂ ခုနှစ်၊ သမဝါယမအသင်းဥပဒေ ပုဒ်မ ၃ ပုဒ်မခွဲ(ခ)ပါ အသင်းသား သို့မဟုတ် ကိုယ်စားလှယ်သည် လူတစ်ကိုယ် ဆန္ဒမဲတစ်မဲပေးနိုင်သည့် ညီမျှသောအခွင့်အရေးရရှိ၍ အသင်း၏လုပ်ငန်းအရပ်ရပ်ကို အများ၏ဆန္ဒဖြင့်သာ စီမံခန့်ခွဲရန်နှင့် ၂၀၁၃ ခုနှစ်၊ သမဝါယမအသင်းနည်းဥပဒေများအပိုဒ်(၇၀) အပိုဒ်ခွဲ(က)ပါ အရပ်ရပ်ဆိုင်ရာ အစည်း အဝေးသည် သမဝါယမအသင်း၏အမြင့်ဆုံးအာဏာပိုင်အဖွဲ့ အစည်းဖြစ်ပြီး သမဝါယမ အသင်း၏ ကိစ္စအဝဝကို အပြီးသတ်ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း၊ အမှုဆောင်အဖွဲ့သည် အရပ်ရပ်ဆိုင်ရာ အစည်း အဝေးသို့ တာဝန်ခံ၍ အသင်း၏နေ့စဉ်လုပ်ငန်းများကို စီမံခန့်ခွဲရမည်ဟု ဥပဒေ ပြဋ္ဌာန်းချက်တို့အရ သက်ဆိုင်ရာ သမဝါယမအသင်း၏အရပ်ရပ်ဆိုင်ရာအစည်းအဝေးကသာ အပြီးသတ် ဆုံးဖြတ်စီမံ နိုင်ခွင့်ရှိပါကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် အသင်းကိစ္စများအား ဝင်ရောက်စွက်ဖက်ခွင့် မရှိပါကြောင်း၊
သို့ဖြစ်ပါ၍ ကျိုက်မရောမြို့၊ ရန်မျိုးအောင်ရပ်ကွက်တွင် အာဇာနည်ကျောက်တိုင်နှင့် တစ်ဆက် တစ်စပ်တည်းရှိသော မြေနေရာ ဝ.၅၇ ဧကအား ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က ရာဇာမင်း ကုမ္ပဏီသို့ တရားဝင်ရောင်းချခဲ့ခြင်း၊ ဝ.၁ ဧကမှာ ငွေပြည့်စုံရောင်းဝယ်ရေးသမဝါယမအသင်းက အသင်းပိုင်အဆောက်အဦဆောက်လုပ်ထားခြင်းတို့ကြောင့် ရာဇာမင်းစက်သုံးဆီအရောင်းဆိုင်နှင့် သမဝါယမဆိုင်ခန်းများ ဖယ်ရှားပေးရေးကိစ္စအား သက်ဆိုင်ရာအသင်း၊ ကုမ္ပဏီတို့နှင့် နှစ်ဖက် ညှိနှိုင်းမှုဖြင့်သာ ဆက်လက်ဆောင်ရွက်သင့်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဦးစောကျော်ဝင်းမောင်(ကျိုက်မရောမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ဝန်ကြီးဌာနအနေဖြင့် ပြည်သူများက အဆိုပါပြောင်းရွှေ့ရေးအတွက် မည်သို့ပူးပေါင်းဆောင်ရွက် ရမည်နှင့် လုပ်ငန်းရှင်ဘက်က မည်သို့ပူးပေါင်း ဆောင်ရွက်ပေးရမည်ဆိုသည့် မူကို အကြမ်းမျဉ်းချပေးနိုင်ပါ ဆက်လက်ဆောင်ရွက်ရန် အဆင်ပြေနိုင်ပါကြောင်း၊ ထိုသို့ မဟုတ်ပါက အာဇာနည် ကျောက်တိုင်မြေနေရာရရှိရေး ဆောင်ရွက်ရန် ကိစ္စရပ်သည် ခက်ခဲသည့်အတွက် ဝန်ကြီးအနေဖြင့် ဆောင်ရွက်ပေးနိုင်မည့်မူကို အကြမ်းဖျဉ်းသတ်မှတ်ပေးရန် မေးမြန်းပါသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် စက်သုံးဆီများဖြန့်ဖြူးရောင်းချခွင့်လိုင်စင်ကိုသာ ထုတ်ပေးရ သည့် အနေအထားဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် နေရာရွေးချယ်စေခြင်းများနှင့် ပတ်သက်၍ ကန့်သတ်ခွင့်မရှိသကဲ့သို့ စည်းမျဉ်း၊ စည်းကမ်းများတွင်လည်း ပါရှိခြင်းမရှိပါကြောင်း၊ အကယ်၍ စက်သုံးဆီဆိုင်၏ တည်ရှိရာနေရာ ပြောင်းရွှေ့ခြင်းများဆောင်ရွက်လိုပါက ဆိုင် လိုင်စင်သက်တမ်းတိုး ရမည့်အချိန်တွင် သက်ဆိုင်ရာတိုင်းနှင့်ပြည်နယ်အစိုးရများ၏ ထောက်ခံချက်ပါရှိရမည်ဖြစ်သည့် အတွက် ထိုအချိန်မှသာလျှင် သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်အစိုးရများအနေဖြင့် ဆက်လက်ခွင့်ပြုရန် သင့်/မသင့်နှင့် ထောက်ခံခြင်း မရှိပါက မိမိတို့ဝန်ကြီးဌာနမှ ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်ကို သက်တမ်းတိုးပေးရန် မရှိပါကြောင်း၊ ထို့ကြောင့် အဆိုပါကိစ္စနှင့် စပ်လျဉ်းပြီး တိုင်းနှင့်ပြည်နယ် ဒေသကြီး အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများက ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း ပြန်လည်ဖြေကြားပါသည်။
