မေးခွန်း အကြောင်းအရာ
တောင်တွင်းကြီးမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်း ပူပြင်ခြောက်သွေ့သည့် ဒေသတွင် တည်ရှိသည့် ပြီး နွေရာသီကာလတွင် အပူချိန်အနည်းဆုံး ၄၀ ဒီဂရီစင်တီဂရိတ်ရှိသည့်အတွက် နွေရာသီကာလတွင် မီးဘေးအန္တရာယ်အလွန် စိုးရိမ်ရပါကြောင်း၊ မြို့၏ မြေပုံအရ မြို့စု၊ မြို့ဝိုင်း ပုံသဏ္ဍာန် ရှိခြင်းကြောင့် မီးလောင်မှုဖြစ်ပွားပါက အချိန်မီငြိမ်းသက်နိုင်ခြင်း မရှိဘဲ အိမ်ခြေရာဂဏန်းခန့် မီးလောင်ကျွမ်းခံ ရပါကြောင်း၊ ၁၉၈၁ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် ၉၀ ရာခိုင်နှုန်းနီးပါး၊ အိမ်ခြေပေါင်း ၅၀၀၀ ကျော်၊ ၁၉၈၉ ခုနှစ်တွင် အုန်းတောရပ်ကွက်မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၂၀၀ ကျော် ၊ ၁၉၉၅ ခုနှစ်တွင် ရွှေအိုးရပ်ကွက်မီး နှင့် ၁၉၉၈ ခုနှစ်တွင် မောင်းနှံရပ်ကွက်မီးလောင်ကျွမ်းမှုများသည် အိမ်ခြေပေါင်း ၁၅၀ ကျော် လောင်ကျွမ်းခဲ့ပါကြောင်း၊
မြို့၏ အလယ်ဖြစ်သော မကွေးလမ်း၊ ပြည်လမ်း၊ နတ်မောက်လမ်း၊ လမ်းဆုံတွင် နယူးဒေး စက်သုံးဆီဆိုင်ရှိပါကြောင်း၊ ထိုစက်သုံးဆီဆိုင်၏ အရှေ့ဘက် ခြံစည်းရိုးကာရံထားသည့် ထိစပ် နေရာသည် ကျောင်းသားပေါင်း ၅၀၀ ခန့် သင်ကြားနေသည့် မြို့မ အလယ်တန်း ကျောင်းခွဲ၊ မြောက်ဘက် ပေ ၁၀၀ ခန့်အကွာတွင် ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ထိုဌာနကြီးများ၏ နောက်တွင် လယ်ယာမြေနှင့် စာရင်းအင်းဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ စိုက်ပျိုးရေးဘဏ်၊ လူဝင်မှုကြီးကြပ်ရေး၊ သတင်းတပ်ဖွဲ့၊ အခွန်ဦးစီးရုံး၊ ဆ.ရ.ဖ ရုံး၊ အနောက်တောင် ဘက်တွင် မီးသတ်ဦးစီးဌာနနှင့် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ သစ်တောဦးစီးဌာန၊ မြို့နယ် ပြည်သူ့ဆေးရုံ၊ မြို့မရဲစခန်းတို့သည် ကိုက် ၃၀၀ အတွင်းတွင်လည်းကောင်း အသီးသီးတည်ရှိသကဲ့သို့၊ အနောက်မြောက်ဘက် ကိုက် ၂၀၀ ခန့်အတွင်းတွင်လည်း အာဇာနည် ခေါင်းဆောင်ကြီး ကိုးဦး၏ ရုပ်ထုများရှိသည့် အာဇာနည် ရင်ပြင်နှင့် မြို့မဈေးကြီးတို့ တည်ရှိနေပါကြောင်း၊ ထို့ကြောင့် မြို့၏ အချက်အခြာ အလယ်ဗဟိုတည့်တည့်တွင် ရှိနေသည့် နယူးဒေး စက်သုံးဆီ အရောင်းဆိုင်ကြီးကို မြို့ပြင်သို့ ရွှေ့ပေးရန် ယခင်အစိုးရ လက်ထက်တွင် ဆန္ဒထုတ်ဖော်ပွဲများ ၇ ကြိမ်တိတိလုပ်ခဲ့ကြောင်း၊ ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာ ကော်မတီကိုလည်း တင်ပြခဲ့ပါကြောင်း၊ ယခု အစိုးရလက်ထက်တွင်လည်း မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်က တိုင်းဒေသကြီးအစိုးရကို အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့သော်လည်း မရေရာသည့် အဖြေများကိုသာ ဖြေကြားခဲ့ပါကြောင်း၊ အဆိုပါ စက်သုံးဆီဆိုင်မှ မီးလောင်မှုဖြစ်ခဲ့သည်ဆိုပါက အသက် ၅ နှစ်အရွယ်ကစပြီး အသက် ၁၄ နှစ်အရွယ် အဋ္ဌမတန်းအထိ ရှိသည့် ကျောင်းသား ၅၀၀ ကျော်ပညာသင်ကြားနေသည့် အလယ်တန်းကျောင်းခွဲကို အချိန်မရွေး ကူးစက်နိုင်ပါကြောင်း၊ ထို့ကြောင့် အဆိုပါစက်သုံးဆီဆိုင်အား မြို့ပြင်သို့ ပြောင်းရွှေ့ပေးရန် အစီအစဉ် ရှိ/မရှိနှင့် မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်နှင့် အစီအစဉ် ရှိပါကလည်း မည်သည့်အချိန်တွင် ပြောင်းရွှေ့ပေးမည် ဖြစ်ကြောင်းကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီး မြို့လယ်ခေါင်ရှိ နယူးဒေး စက်သုံးဆီအရောင်းဆိုင်သည် ၁၉၆၄ ခုနှစ် မတိုင်မီက BOC ရေနံကုမ္ပဏီ ပိုင်ဆိုင်ဖြစ်ပြီး ပုဂ္ဂလိကကိုယ်စားလှယ် ဦးစောလှိုင်မှ အမည်ခံ၊ တာဝန်ခံ ရောင်းချသော စက်သုံးဆီအရောင်းဆိုင် ဖြစ်ခဲ့ကြောင်း၊ ထိုစဉ် ကာလကတည်းက နည်းစနစ်ပိုင်း၊ စီမံခန့်ခွဲမှုပိုင်းတို့ဖြင့် မြို့လည်ခေါင်တည့်တည့်တွင် မီးဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စက်သုံးဆီ ရောင်းချမှုကို လုပ်ကိုင်ဆောင်ရွက်ခဲ့ကြောင်း၊
၁၉၆၄ ခုနှစ် နောက်ပိုင်း ပြည်သူပိုင်သိမ်းဆည်းမှုများ ဆောင်ရွက်ခဲ့ပြီးနောက် ယခင်စက်မှု (၂) ဝန်ကြီးဌာနလက်အောက် ရေနံထွက် ပစ္စည်းဖြန့်ဖြူး ရောင်းချရေး ကော်ပိုရေးရှင်းအမည်ဖြင့် ရပ်တည် လုပ်ကိုင်ခဲ့ကြောင်း၊ ၁၉၈၅ ခုနှစ်၊ စွမ်းအင်ဝန်ကြီးဌာန ဖွဲ့စည်းသည့်အချိန်တွင် မြန်မာ့ရေနံထွက် ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းအမည်သို့ ပြောင်းလဲခဲ့ပြီး နောက်ပိုင်းတွင် ၎င်း စက်သုံးဆီ အရောင်းဆိုင်အတွက် သတ္တုတွင်းဝန်ကြီးဌာန၊ သတ္တုတွင်း ဦးစီးဌာန တွင် သိုလှောင်ခွင့်လိုင်စင်နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းတို့မှ ဖြန့်ဖြုး ရောင်းချခွင့် လိုင်စင်တို့ကို လုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စစ်ဆေးအတည်ပြုပြီး စက်သုံးဆီများကို အများပြည်သူသို့ အဆင်ပြေ ချောမွေ့စွာ ဝယ်ယူသုံးစွဲနိုင်ရန် ဆက်လက်ရောင်းချ ပေးခဲ့ခြင်း ဖြစ်ကြောင်း၊
မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းပိုင် စက်သုံးဆီ အရောင်းဆိုင်သည် နိုင်ငံ့ ဝန်ထမ်းများကို စနစ်တကျ တာဝန် အဆင့်ဆင့်ပေးပြီး ဥပဒေ၊ နည်းဥပဒေများ၊ Petroleum Products Handing Process များကို လိုက်နာကျင့်သုံး ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းစက်သုံးဆီ အရောင်းဆိုင်သည် စနစ်တကျ တည်ဆောက်ထားပြီး၊ နည်းစနစ်ပိုင်းအရ စနစ်တကျ ကိုင်တွယ်ရောင်းချနေသည့်အတွက် ၁၉၈၁ ခုနှစ်၊ တောင်တွင်းကြီးမြို့ မြို့လုံးကျွတ် မီးဘေးသင့်သည့် အချိန်တွင်လည်း မီးဘေး ကင်းလွတ်ခဲ့ပါကြောင်း၊
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းများ တင်သွင်း သိုလှောင် သယ်ယူချက် လုပ်ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ထားသည့် သတ်မှတ်ချက်တွင် မြို့တွင်း၌ စက်သုံးဆီအရောင်းဆိုင် တည်ဆောင်ဖွင့်လှစ်ခြင်းကို ငြင်းပယ် ရမည်ဟု သတ်မှတ်ထားခြင်း မရှိပါကြောင်း၊ မြို့ရွာများအတွင်းတွင် မူလရှိနေသည့် စက်သုံးဆီ အရောင်းဆိုင်များအား မြို့ရွာ၏ အပြင်သို့ ထုတ်ရန်လည်း ညွှန်ကြားချက် တစ်စုံတစ်ရာ မပါရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီ နယ်နိမိတ် နယ်မြေများအတွင်း စည်ပင်သာယာရေး နယ်နိမိတ်အတွင်းတွင် စက်သုံးဆီ အရောင်းဆိုင်များအပြင် သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များကိုပါ မြို့တွင်း၌ ဖွင့်လှစ် ရောင်းချခွင့်ပြုထားခြင်းသည် မြို့တွင်းနေပြည်သူများ၏ ယာဉ်များ၊ သယ်ယူပို့ဆောင် ရေးယာဉ်များ၊ အုပ်ချုပ်မှုသုံးယာဉ်များ အဆင်ပြေ ချောမွေ့စွာ ဝယ်ယူခြင်း ဖြည့်တင်းနိုင်ရေးအတွက် ခွင့်ပြုပေးထားခြင်း ဖြစ်ကြောင်း၊ တောင်တွင်းကြီးမြို့ရှိ နယူးဒေးစက်သုံးဆီ အရောင်းဆိုင်သည်လည်း ဒေသအတွင်း ခွင့်ပြုသင့်သည့် အနေအထား တစ်ရပ်အဖြစ် သတ္တုတွင်း ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာန တို့ကလည်း ထောက်ခံချက် ပေးထားသည့် အချက်အလက်များနှင့် ကိုက်ညီမှုရှိပါကြောင်း၊ ထို့ကြောင့် နယူးဒေး စက်သုံးဆီ အရောင်းဆိုင်ကို သင့်လျော်သည့်နေရာသို့ ပြောင်းရွှေ့ပေးရန် အစီအစဉ် မရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဦးမင်းသိန်း(တောင်တွင်းကြီးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပြီးပြည့်စုံသည့် မီးဘေးကာကွယ်ရေး အစီအမံများ ပြုလုပ်ထားသော်လည်း အကြောင်းတစ်စုံ တရာကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပေါ်နိုင်ပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့က မွန်ပြည်နယ် သထုံမြို့အတွင်း ဓာတ်ဆီဆိုင် မီးလောင်မှုတွင် ဆီတိုင်ကီ ၁၀ လုံးနှင့် မော်တော်ယာဉ်နှစ်စီး မီးလောင်ကျွမ်းခံခဲ့ရပါကြောင်း၊ ၂၀၁၇ ခုနှစ် မေလ ၁၇ ရက်နေ့တွင်လည်း ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် ဓာတ်ဆီဆိုင်မှ စတင် မီးလောင်ကျွမ်းခဲ့သည့်အတွက် နေအိမ် ၂၃ လုံးကို မီးကူးစက်လောင်ကျွမ်းခဲ့ပြီး လူ ၁၆ ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါကြောင်း၊ အဆိုပါ ဆိုင်များသည်လည်း မီးလောင်ကျွမ်းမှုမရှိစေရန် အစီအမံများ ပြုလုပ်ထားသော်လည်း မီးလောင် ကျွမ်းခဲ့ပါကြောင်း၊ ထို့အတွက် နယူးဒေးစက်သုံးဆီဆိုင်နှင့် စပ်လျဉ်း၍လည်း မီးလောင်ကျွမ်းမှု မရှိနိုင်ကြောင်းအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိ/မရှိ ကို ဆက်စပ်သိရှိလိုပါကြောင်းမေးမြန်းပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
စက်သုံးဆီများ ဖွင့်လှစ်ရောင်းချခွင့်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဖြန့်ဖြူးရောင်း ချခွင့်လိုင်စင် ထုတ်ပေးရပါကြောင်းနှင့် ဖြန့်ဖြူး ရောင်းချခွင့် လိုင်စင်များကို ထုတ်ပေးရန်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ် အစိုးရ၏ ထောက်ခံချက် ပါရှိရပါကြောင်း၊ သိုလှောင်ခြင်းနှင့် ပတ်သက်ပြီး သတ္တုတွင်း ဦးစီးဌာန၏ သိုလှောင်ခွင့်လိုင်စင်၊ မီးသတ်ဦးစီးဌာန၏ ထောက်ခံချက် များပါရှိရကြောင်းနှင့် ၎င်းအချက်အလက်များ ပြည့်စုံစွာ ပါရှိမှသာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနသည် စက်သုံးဆီအား သိုလှောင် ဖြန့်ဖြူး ရောင်းချခွင့် လိုင်စင်ကို ထုတ်ပေးရခြင်း ဖြစ်ကြောင်း၊ ထိုအကြောင်းများကြောင့် နယူးဒေးစက်သုံးဆီ ဆီဆိုင်အား တိုင်းဒေသကြီးအစိုးရ၏ ထောက်ခံချက်၊ သတ္တုတွင်းဝန်ကြီးဌာန၏ သိုလှောင်ခွင့်လိုင်စင်၊ မီးသတ်ဦးစီးဌာန၏ ထောက်ခံချက်တို့ ပြည့်စုံသည့် အတွက် ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်ထုတ်ပေးထားရခြင်း ဖြစ်ကြောင်း၊ အချက်အလက်များ ပြည့်စုံ သည့် ဆိုင်ကို မိမိတို့ဝန်ကြီးဌာနက ဖြန့်ဖြူးရောင်းချခွင့်လိုင်စင် ပိတ်ပင်၍ မရသည်ကို ဝန်ကြီး ဌာနအနေဖြင့် ဖြေကြားခြင်း ဖြစ်ပါကြောင်း၊ နယူးဒေးဆီဆိုင်ကို မြို့ပြင်သို့ ရွှေ့ပြောင်းခြင်း ကိစ္စသည် တိုင်းဒေသကြီး အစိုးရ၏ စီမံခန့်ခွဲမှု ကိစ္စရပ်ဖြစ်သည့်အတွက် ဆက်စပ်မေးခွန်းအား တိုင်းဒေသကြီး အစိုးရသို့ ညှိနှိုင်းမေးမြန်းပြီး လွှတ်တော်သို့ စာဖြင့် ပြန်လည်ဖြေကြားပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
