(ဂ)-လှည်းကူးမြို့နယ်မှ လက်ပံ လျှပ်စစ်ရေတင် စီမံကိန်း (အပိုင်း-၂၊ ကင်မွန်းချုံ) ကို ဆက်လက် အကောင်အထည်ဖော်ရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး တတိယနေ့ (၂၂.၅.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u thein tanရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် လက်ပံလျှပ်စစ်မြစ်ရေတင်စီမံကိန်း (အပိုင်း ၂၊ ကင်မွန်းချုံ) ကို လယ်ယာမြေ ၇၀၂၅ ဧကကို ရေပေးဝေရန် လက်ပံအပိုင်း၊ ကင်မွန်းချုံအပိုင်း၊ ရှမ်းတဲကြီးအပိုင်းဟူ၍ အပိုင်းကြီး(၃)ပိုင်းခွဲပြီး ၂၀၀၆-၂၀၀၇ ခုနှစ်က စတင်အကောင်အထည် ဖော်ခဲ့ပါကြောင်း။ ထိုကဲ့သို့ ၂၀၀၆-၀၇ ခုနှစ်မှစ၍ နှစ်စဉ်ဘတ်ဂျက် လျာထားချက်နှင့် ဆောင်ရွက်ခဲ့ရာတွင် ၂၀၁၁-၁၂ ခုနှစ်တွင် အပိုင်း(၁) လက်ပံလုပ်ငန်းပြီးစီးပြီး ဘတ်ဂျက် ငွေပိုသည့်အတွက် အပိုင်း(၂) ကင်မွန်းချုံလုပ်ငန်းကို ဆက်လက် အကောင်အထည် ဖော်ခဲ့ရာတွင် ပင်မမြောင်းကြီးဖြစ်သော ပေ ၃၆၁၈ ပေကို အကောင်အထည်ဖော်နိုင်ပြီး နောက်နှစ်များတွင် ဘတ်ဂျက်များ မရရှိသည့်အတွက် ဆက်လက်လုပ်ဆောင်ရန် ရှိသည် မြို့ပြအဆောက်အဦ ပိုင်းများ၊ လျှပ်စစ်ပိုင်းများ၊ စက်မှုပိုင်းများ၊ လက်တံတို/ လက်တံခွဲများ ဆောင်ရွက်ရန် ကျန်ရှိနေပါကြောင်း။ ထိုကဲ့သို့ လက်တံမြောင်းကြီး ဆောင်ရွက်ပြီးပါသော်လည်း ရေမရရှိ သေးသည့်အတွက် လယ်သမားကြီးများ၊ ဒေသခံများက မိမိကို ယခုနှစ်ဦးပိုင်းတွင် လာရောက်တောင်းဆို ဆွေးနွေးပါကြောင်း။ မြစ်ရေတင် စီမံကိန်းဦးစီးဌာန၊ မိမိနှင့် ဒေသခံလယ်သမားများသည် ၇-၅-၂၀၁၆ ရက်နေ့တွင် ဒေသခံအလုပ်ရုံတွင် တွေ့ဆုံပွဲပြုလုပ်ပါကြောင်း။ ယခုလိုဆွေးနွေးပွဲအပြီးတွင် လယ်သမားများက နှစ်ပေါင်းလေးနှစ်နီးပါး စောင့်ဆိုင်းခဲ့သည့်အတွက် ယခု ၂၀၁၇-၁၈ ခုနှစ်ထိ ပြီးစီးမှုမရှိပါက ၎င်းတို့သဘောတူထားသည့် မြေကြီးများကို ပြန်လည်ပေးအပ်ရန်နှင့် ယခုပြုလုပ်ထားသည့် အစီအစဉ်များကိုလည်း ဖျက်သိမ်း၍ လယ်မြေအတိုင်း ပြန်လည်ပြုလုပ်ပေးရန် တောင်းဆိုထားပါကြောင်း၊ ရေအသုံးချရေး စီမံခန့်ခွဲရေး ဦးစီးဌာနက ဝန်ထမ်းများနှင့် မိမိတို့သည် အရေးတကြီး လုပ်ငန်းအနေဖြင့်ခံယူပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာကလည်း ဌာနဆိုင်ရာ အဆင့်ဆင့်ကို ဆွေးနွေးပွဲ မှတ်တမ်းနှင့်အတူ တင်ပြပါကြောင်း၊ လယ်သမားများနှင့် ညှိနှိုင်းပြီး ဆောင်ရွက်ခွင့်ပြုထားသည့် လယ်မြေပေါ်တွင် ဆောင်ရွက်ပြီးသည့် မူလမြောင်းမကြီး၏ ပမာဏသည် ပေပေါင်း ၃၆၁၈ ပေဖြစ်ပြီး မြေသားကျင်းအနေနှင့် ၁၅၃၃၀ ဖြစ်ပြီး လုပ်ငန်းတန်ဖိုးက ၁၅၄၇၂၁၁၅ ကျပ် တန်ဖိုး ဖြစ်ပါကြောင်း၊ ယခုတန်ဖိုးသည် အကယ်၍ ၂၀၁၇-၁၈ ဘတ်ဂျက်တွင် ပါဝင်ခြင်း မရှိပါက ထိုငွေကို နိုင်ငံတော်က ကျခံပြီးဖြစ်သည့်အတွက် ဆုံးရှုံးသွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် တောင်သူလယ်သမားများ တောင်းဆိုထားသည့်အတိုင်း လယ်မြေအတိုင်း ပြန်လည်ပြုလုပ်ပေးရမည် ဖြစ်သည့်အတွက် သိန်း ၅၀ ကျော် ထပ်မံကုန်ကျမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လှည်းကူးမြို့နယ်မှ လက်ပံ လျှပ်စစ်မြစ်ရေတင် စီမံကိန်း (အပိုင်း ၂၊ ကင်မွန်းချုံ) ကို ဆက်လက် အကောင်အထည်ဖော်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။



 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ
ဖြေကြားချက် 

u hla kyawရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်းရှိ လက်ပံလျှပ်စစ်မြစ်ရေတင် စီမံကိန်းကို ၂၀၀၅-၀၆ ခုနှစ်မှစပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ရေသောက် ဧရိယာဧက ၂၅၀၀ ကျော်ရေပေးနိုင်ရန်အတွက် ကျေးရွာအုပ်စု သုံးစု၊ ကျေးရွာ ငါးရွာရှိ ရေသောက်ဧရိယာ ၁၅၃၇ ဧကကို လုပ်ငန်းအပိုင်း (၁) အဖြစ် ဆောင်ရွက်ပြီး ကျေးရွာအုပ်စုနှစ်စု၊ ကျေးရွာလေးရွာရှိသည့် ရေသောက်ဧရိယာ ၉၈၈ ဧကကို လုပ်ငန်းအပိုင်း (၂) အဖြစ် လုပ်ငန်းပိုင်း နှစ်ပိုင်းခွဲခြားပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ လက်ပံလျှပ်စစ်မြစ်ရေတင် စီမံကိန်း လုပ်ငန်းအပိုင်း (၁) ကို ၂၀၁၁-၁၂ ခုနှစ်တွင် ပြီးစီးခဲ့ပြီး နှစ်စဉ်စိုက်ပျိုးရေ ပေးဝေနိုင်ခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ် နွေစပါးဧက ၁၂၅၀ ကို ရေပေးဝေလျက်ရှိပါကြောင်း၊ လုပ်ငန်းအပိုင်း (၂) ကင်မွန်းချုံအား ၂၀၁၁-၁၂ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ပြီး  ပစ္စည်းဝယ်ယူရေး လုပ်ငန်းအနေဖြင့် လျှပ်စစ်ဓာတ်အားခွဲရုံ၊ ဓာတ်အားလိုင်း ပစ္စည်းများနှင့် ရေတင်ပိုက်များကို ဝယ်ယူပြီးစီးခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းအနေဖြင့် ပေအရှည် ဝ.၆၈ မိုင်ရှိသည့် ပင်မမြောင်း၏ မြေကြီးလုပ်ငန်းကိုသာ ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်း၊ နှစ်စဉ်ရန်ပုံငွေ စိစစ်ခွင့်ပြုချက်အရ လက်ပံ လျှပ်စစ်မြစ်ရေတင် စီမံကိန်း၏ လုပ်ငန်းအပိုင်း (၂) ကို ထိုစဉ်က အကောင်အထည်ဖော် ဆောင်ရွက်ဆဲ မြစ်ရေတင်လုပ်ငန်းများအပေါ် ပြန်လည်သုံးသပ်စိစစ်ချက်အရ  ၂၀၁၂-၁၃ ခုနှစ်မှစပြီး ရပ်နားထားခဲ့သည်မှာ ယနေ့အချိန်ထိ ဖြစ်ပါကြောင်း၊

၎င်း စီမံကိန်း၏ လုပ်ငန်းအပိုင်း (၁) က မြစ်ရေတင်စနစ်နှင့် နွေစပါးများ အောင်မြင်စွာ ရေပေးစိုက်ပျိုး နိုင်သည်ကို တွေ့မြင်ရပါကြောင်း၊ လုပ်ငန်းအပိုင်း (၂) ရေသောက်ဧရိယာတွင် တောင်သူများ အနေဖြင့် စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးစေလိုသည့် ဆန္ဒရှိပါကြောင်း၊ စီမံကိန်း ရေသောက်ဧရိယာသည် မိုးကောင်းသောက် လယ်မြေများဖြစ်သောကြောင့် ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်အရ မုတ်သုံဝင်/ ထွက်ချိန် ပြောင်းလဲမှု ဖြစ်ပါက လက်ပံ လျှပ်စစ်မြစ်ရေတင် စီမံကိန်း လုပ်ငန်းအပိုင်း (၂) သည် ဆက်လက် ဆောင်ရွက်သင့်သည့် လုပ်ငန်းဖြစ်ကြောင်း စိစစ်ရရှိပြီး ဖြစ်ပါကြောင်း၊

ထို့ကြောင့် လျှပ်စစ်ရေတင် စီမံကိန်းအပိုင်း (၂) ကို ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့် ရန်ပုံငွေကျပ် သန်းပေါင်း ၂၄၆၈.၃၈၄ သန်းကို အခု ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေတွင် ထည့်သွင်း လျာထားတောင်းခံခဲ့ရာ ရန်ပုံငွေလည်း ရရှိပြီးဖြစ်ပါကြောင်း၊ ရန်ပုံငွေ ခွဲဝေချထားပေးသည်နှင့် တစ်ပြိုင်တည်း လုပ်ငန်းများကို စတင် ဆောင်ရွက်နိုင်ရေးအတွက် စီမံထားရှိပြီး ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။