(င)-တည်ဆောက်ပြီးနှစ်အနည်းငယ်အတွင်းပျက် စီးသွားသောဆည်မြောင်း၊ တာတမံများ အရေး ယူမှုများ ပြုလုပ်ပြီး ပျက်စီးမှုကြောင့် တောင်သူ လယ်သမားများ၏ နစ်နာမှုကို မည်ကဲ့သို့ဖြေရှင်း ပေးမည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၂၂.၁၁.၂၀၁၇)
မေးခွန်း အကြောင်းအရာ 

daw mar mar khineသထုံမြို့နယ်နှင့် ပေါင်မြို့နယ်ရှိ လယ်ဧရိယာ ၂၂၀၀၀ ဧကကို ရေကြီးနစ်မြုပ်မှု နှင့် ပင်လယ်ရေငန်ဝင်ရောက်မှု ကာကွယ်ရန်အတွက် ကျုံထော်ရေထိန်းတံခါးကို ၂၀၀၂ ခုနှစ်တွင် စတင်တည်ဆောက်ပြီး ၂၀၀၄ ခုနှစ်တွင် ပြီးစီးခဲ့ပါကြောင်း၊  ကုန်ကျစရိတ်ငွေကျပ်သန်း ပေါင်း ၆၉၉.၀၁၇ ဖြစ်ပြီး ပင်လယ်နှင့် တစ်မိုင်နှစ်ဖာလုံသာ ကွာဝေးသည်ဟု သိရပါကြောင်း၊ ၎င်း ရေထိန်းတံခါးသည် တည်ဆောက်ပြီး လေးနှစ်ကျော်ကြာ ၂၀၀၉ ခုနှစ် မေလတွင် ပြိုကျခဲ့ပါကြောင်း၊ ပေါင်မြို့နယ်၊ လှကျေးရွာ ပင်လယ်ရေတားတမံစီမံကိန်းကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ပြီး မတ်လတွင် ပြီးစီးခဲ့ပါကြောင်း၊ မြေသားပေါင် ၁၂၀၀ ပေခန့် တည်ဆောက်ပြီး မြေကျစ်လစ် သိပ်သည်းမှုမရှိသည့် အခြေအနေတွင် ပင်လယ်ဘက်ခြမ်း ၅၀ ပေလျှင် တစ်ကန့်နှင့် မြေသားပေါ်မှာ ၆၉ ကျောက်ကို ဘိလပ်မြေနှင့်စီသည်ဟုသိရပါကြောင်း၊ ဒေသခံများက ၎င်းစနစ်နှင့် ၎င်းနေရာသည် အဆင်မပြေနိုင်သည့်အတွက်  ဝါဆို၊ ဝါခေါင်လောက် တွင် ပြိုလိမ့်မည်ဟု ခန့်မှန်းထားသော်လည်း မိုလာမုန်တိုင်းမလာခင်က တမံတွင် အကွက်၊ အပေါက်များဖြစ်ပေါ်နေပြီး နယုန်လတွင် ပြိုကျခဲ့ပါကြောင်း၊  တာတမံရှေ့ ကမ်းခြေထိန်းရန်အတွက် လမုပင် နှစ်ဧက စိုက်ပျိုးရန်အစီအစဉ်ရှိခဲ့ သော်လည်း ယနေ့အထိ တစ်ပင်မှ စိုက်ပျိုးထားခြင်းမရှိသည်ကို တွေ့ရပါကြောင်း၊ ၎င်းစီမံကိန်းအတွက် ငွေကျပ်သိန်းပေါင်း ၄၅၆၀ သဲထဲရေသွန် ဖြစ်ခဲ့ရပါကြောင်း၊ လယ်ဧက ၃၃၀၀၀ ကို နွေစပါးသီးထပ်စိုက်ပျိုးရန်အတွက် သထုံ ဒုံသမိမြစ်ရေတင်စီမံကိန်းတွင်လည်း ရေပေးရမည့် မြေများနှင့် ရေအရင်းအမြစ် ရှိသည့်နေရာ Level ကွာခြင်း၊ ရေပေးရမည့်စီမံချက်များတွင် ပါဝင်သည့်လယ်များသည် နွေစပါးစိုက်လို့မရသည့် စပါးစိုက်သည့်လယ်များဖြစ်နေခြင်း၊ မြစ်ရေတင်ရန်အတွက် လျှပ်စစ် 20 MBA လိုသည့်အတွက် နိုင်ငံခြားငွေများထပ်လိုသည့်အတွက် ဆက်လက်အကောင်အထည်မဖော်နိုင်တော့သည့်အတွက် ၂၀၀၅ ခုနှစ်မှာစပြီး ၂၀၁၀ ခုနှစ်တွင် ရပ်နားလိုက်ရပါကြောင်း၊ သို့သော် နိုင်ငံံ့ဘဏ္ဍာငွေက ၁၀၅၇.၅၉ သန်း ဆုံးရှုံးခဲ့ရပြီးစီမံကိန်းအတွက် မိမိတို့မြို့မှ လယ်ယာမြေတချို့ စီမံကိန်းနှင့်မလွတ်သည့်အတွက် သိမ်းဆည်းခံခဲ့ရခြင်းများသည် တွေ့ကြုံခဲ့ရပါကြောင်း၊ ဆည်မြောင်းစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်သည့် နေရာများ သတ်မှတ်သည့်စံချိန်စံညွှန်းများ ပြည့်မီအောင်ဆောင်ရွက်နိုင်ရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနလက်အောက်ရှိ ဒီဇိုင်းနှင့် ပုံထုတ်ဌာနခွဲမှ ဒီဇိုင်းပုံစံပြု တွက်ချက်သည့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်နေရာတွင် ဆောင်ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးပါကြောင်း၊ မြေသားနှင့် ကွန်ကရစ်အရည်အသွေး ထိန်းချုပ်မှု စစ်ဆေးရေး အဖွဲ့များနှင့် ကွင်းဆင်းစစ်ဆေးပြီး စံချိန်စံညွှန်းပြည့်မီအောင် ကြပ်မတ်သည်ဟု လေ့လာသိရှိရ ပါကြောင်း၊ ထို့ကြောင့် တည်ဆောက်ပြီးနှစ်အနည်းငယ်အတွင်း ပျက်စီးသွားသော ဆည်မြောင်း၊ တာတမံများနှင့်ပတ်သက်၍ မည်ကဲ့သို့အရေးယူမှုများပြုလုပ်ပြီး ပျက်စီးမှုကြောင့် စိုက်ပျိုး၍မရဖြစ် ခဲ့ရသော လယ်ယာမြေများနှင့် ပတ်သက်၍တောင်သူလယ်သမားများ၏နစ်နာမှုကို မည်ကဲ့သို့ဖြေရှင်း ပေးမည်ကို သိလိုပါကြောင်းဖြင့် မေးမြန်းခဲ့ပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ
ဖြေကြားချက် 

u hla sweစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ စိုက်ပျိုးရေရရှိရေး၊ လယ်ယာမြေများ ရေကြီးနစ်မြုပ်မှု မှကာကွယ်ရေးအတွက် ဆည်မြောင်း စီမံကိန်းလုပ်ငန်များကို အကောင်အထည်ဖော်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊  လုပ်ငန်းများ မဆောင်ရွက်မီ မြေပြင်တိုင်းတာခြင်းလုပ်ငန်း၊ ဘူမိဗေဒ နှင့် ဇလဗေဒဆိုင်ရာ စူးစမ်းလေ့လာမှု လုပ်ငန်းများကို ပြီးပြည့်စုံအောင်ဆောင်ရွက်ရပါကြောင်း၊ စူးစမ်းလေ့လာမှုတွေအရ ဆောင်ရွက်ရန် ဖြစ်မြောက်နိုင်စွမ်းရှိပြီး ဒေသအတွက်အကျိုးဖြစ်ထွန်းရန် လိုအပ်သည့် ဒီဇိုင်းပုံစံပြုတွက်ချက်ပြီး လုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဆည်မြောင်းစီမံကိန်း လုပ်ငန်း များ၏ သဘာဝအရ ငလျင်ကြော၊ ရာသီဥတုပြောင်းလဲ လာနိုင်မှုစသည့် သဘာဝဘေး အန္တရာယ်များ ကိုလည်း အဖက်ဖက်မှ တွက်ဆပြီး နည်းပညာပိုင်းဆိုင်ရာများ စိစစ်သုံးသပ်မှုနှင့်အညီ ဆောင်ရွက်ရ သည့်လုပ်ငန်းများ ဖြစ်ပါကြောင်း၊  လုပ်ငန်းဆောင်ရွက်ပြီး နောက်ပိုင်းတွင် မမျှော်မှန်းနိုင်သည့် သဘောဝဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးလာခဲ့ပါကလည်း၊ တာဝန်ယူ ထိန်းသိမ်းလျက် ရှိသည့် ဝန်ထမ်းများ၏အားနည်းချက်ကြောင့် တစ်စုံတစ်ရာထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာခဲ့ပါက  ဌာနဆိုင်ရာရှေးဦးစုံစမ်းမှုနှင့် ဌာနဆိုင်ရာစစ်ဆေးခြင်းလုပ်ငန်းများကိုလည်း အဆင့်ဆင့် ဆောင်ရွက် ပါကြောင်း၊ ကျုံထော်ရေထိန်းတံခါးနှင့်ပတ်သက်ပြီး တာဝန်ရှိပုဂ္ဂိုလ်များကိုလည်းအရေးယူ ဆောင်ရွက် ပြီးဖြစ်ပါကြောင်း၊ တစ်ဘက်မှလည်း လယ်ယာမြေများထိခိုက်ပြီး စိုက်ပျိုး၍မရခြင်း ဖြစ်ပေါ်လာခဲ့ပါက အခြား ဆက်စပ်သည့် ဌာနများနှင့်ပူးပေါင်းပြီး တောင်သူများ၏ ဘဝလိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊ ဌာနအနေဖြင့် သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီအောင် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းလုပ်ငန်းများ စတင်သည်မှ ပြီးဆုံးအောင်မြင်သည်အထိ ဌာနမှာပြဋ္ဌာန်း ထားသည့် ပြည်သူ့လုပ်ငန်းငွေစာရင်းကိုဓဥပဒေ ၊ ပြည်သူ့လုပ်ငန်းဌာန ကိုဓဥပဒေ များ မှ လုပ်ထုံးလုပ်နည်းသတ်မှတ်ချက်များနှင့်အညီ ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သတ်မှတ်ပြဋ္ဌာန်းထားသည့် အခြေခံစံနှုန်းစာအုပ်(Yellow Book)အရ ဆောင်ရွက်ရမည့်လုပ်ငန်းများ၏ တစ်ယူနစ်အလိုက် တည်ဆောက်ရေးပစ္စည်း လိုအပ်ချက်၊ ကုန်ကျငွေတွက်ချက်မှု၊ တည်ဆောက်ရေး ပစ္စည်းများနှင့် တည်ဆောက်မှုအရည်အသွေးများအပေါ် အမြဲမပြတ် ကြီးကြပ်စစ်ဆေးခြင်းနှင့် သက်ဆိုင်ရာဌာနတွင်း၊ ဗဟိုစာရင်းစစ်ဆေးရေးအဖွဲ့၏ ပုံမှန်စစ်ဆေးမှုများနှင့် ခံယူဆောင်ရွက်ရသည့် အနေအထားမျိုး ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခင်အဆက်ဆက်တည်ဆောက်ပြီးသည့် ဆည်၊ တမံများ ထိခိုက်ပျက်စီးမှုများအ‌ခြေအနေသည် ယခုအချိန် ကမ္ဘာကြီး၏ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်နှင့်အတူ မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးဒဏ်ခံစားလာမှု ရှိခဲ့သည့်အလျောက် အထိအခိုက် ခံရမှုများ အထိုက်အလျောက်ရှိလာခဲ့ခြင်း ဖြစ်ပါကြောင်း၊

မွန်ပြည်နယ်၊ ကျုံထော်ရေတံခါးဖြစ်စဉ်နှင့် ဥပမာပေးပြီး ရှင်းလင်းတင်ပြပေးမည်ဖြစ်ပါကြောင်း၊  မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း လယ်ယာမြေများ ပင်လယ်ဒီရေ ဝင်ရောက်ပြီး ရေကြီးနစ်မြုပ်မှု နှစ်စဉ်ကြုံတွေ့ရသည့် အတွက် လယ်ယာမြေနှင့်သီးနှံများ ထိခိုက်ပျက်စီးမှုရှိမှုအပေါ် ကျုံထော် ရေထိန်း တံခါးကို ၂၀၀၄ ခုနှစ်တွင် တည်ဆောက်ခဲ့ပါကြောင်း၊  ၎င်းကာလ အစိုးရ၏ မူဝါဒ လမ်းညွှန်ချက်အရ တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ကျုံထော်ရေတံခါး တည်ဆောက်ပြီးချိန် ၂၀၀၄ ခုနှစ် ရေထိန်းတံခါးသည် ပင်လယ်ကမ်းမှ ပေ ၆၆၀၀ ခန့်ကွာဝေး ၂၀၀၈ ခုနှစ်တွင် စတင်ပြီး ပင်လယ်ရေစီးကြောင်း ပြောင်းလဲ တိုက်စားမှုနှင့်အတူ ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်အရ ၂၀၀၉ ခုနှစ် မေလတွင် ပင်လယ်ကမ်းပြိုမှုနှင့်အတူ ဖြစ်ပေါ်ခဲ့ပြီး၊ ကျုံထော် ရေတံခါး တည်ဆောက်မှု တွင် လယ်ယာမြေများ ရေကြီးနစ်မြုပ်ခြင်းနှင့် ရေငန်ဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်ခဲ့သော်လည်း ရေတံခါးမရှိသည့်အတွက် ၂၀၀၉ ခုနှစ်နောက်ပိုင်း ကာလများတွင် ရေငန်များဝင်ရောက်မှုကြောင့် လယ်မြေအချို့ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ခြင်းသည် တည်ဆောက်သူများ၏ပေါ့လျော့မှု၊ နည်းစနစ် မမှန်ကန်မှု တို့ကြောင့် လယ်မြေများထိခိုက်ပျက်စီးမှုအခြေအနေထက် ရှောင်လွှဲ၍မရသော သဘာဝ ဘေးဒဏ် အကျိုးဆက်ကြောင့်ဖြစ်ခဲ့သောအနေအထားဖြစ်ပါကြောင်း ၊

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် လက်ရှိဌာန၏လုပ်ငန်းများအရ စိုက်ပျိုး ရေရရှိရေးနှင့် ရေဘေးကာကွယ်ရေးစီမံကိန်းအသစ်များကို စီမံကိန်းဆောင်ရွက်ရန် ဖြစ်မြောက် နိုင်စွမ်းရှိ/မရှိ လိုအပ်သည့် စူးစမ်းတိုင်းတာလေ့လာမှုလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ စီမံကိန်း ဆောင်ရွက်ရန် ဖြစ်မြောက်နိုင်စွမ်း ရှိမည်ဆိုပါက နောင်ရေရှည်တည်တံ့ပြီး အကျိုးစီးပွားဖြစ်ထွန်းနိုင် ရေးအတွက် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များ၏သက်ရောက်မှုများကို ကြိုတင် ထည့်သွင်းစဉ်းစားပြီး ဒီဇိုင်းပြု တွက်ချက်ခြင်း၊ ဒေသ၏လိုအပ်ချက်နှင့်လိုက်လျောညီထွေမှုရှိပြီး ရှိရင်းစွဲသဘာဝပတ်ဝန်းကျင် အရင်းအမြစ်များနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ ထိခိုက် နိုင်ခြင်းရှိ/မရှိ ဆန်းစစ်လေ့လာခြင်းကို အထူးအလေးထားပြီး တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် စီမံဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားခဲ့ပါသည်။

ဒေါ်မာမာခိုင်(သထုံမဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

သထုံမြို့နယ်မှ ပျက်စီးခဲ့သည့် လယ်မြေနေရာများနှင့်ပတ်သက်ပြီး မည်သည့်အချိန်တွင် အမြန်ဆုံး ပြန်လည်ပြီး ဆောင်ရွက်ပေးနိုင်မည်ဆိုသည်ကိုသိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးလှကျော်

ဒေသခံပြည်သူများ၏ လက်ရှိအခြေအနေတွင် လယ်ယာမြေကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှု အတွက် လိုအပ်ချက်ရှိသည့် ရေဘေးကာကွယ်ရေးရေထိန်းတံခါးကို ထပ်မံတည်ဆောက်ရန်အတွက် ဆန္ဒရှိ သည့်အလျောက် စူးစမ်းလေ့လာမှုလုပ်ငန်းများကို ဆောင်ရွက်နေပြီး စူးစမ်းလေ့လာမှုလုပ်ငန်းများကို ဆောင်ရွက်ပြီးသည့်နောက် ဖြစ်မြောက်နိုင်မှု Facibility Study အရ သဘာဝဘေးအန္တရာယ်ကလည်း ကာကွယ်နိုင်ရေးနှင့် တစ်ဘက်မှလည်း နည်းပညာပိုင်းအရ အားနည်းချက်မရှိအောင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ဆက်စပ်မေးခွန်းအားဖြေကြားခဲ့ပါသည်။