(စ)-ကျွန်းစုမြို့နယ်အတွင်းရှိ ကျောင်း (၂)ကျောင်း အား အသစ်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မ ရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၁၇.၁၁.၂၀၁၇)
မေးခွန်း အကြောင်းအရာ 

daw tin tin yiအမှတ်(၁၁) ကျွန်းစုမြို့နယ်၊ ရေမြစ်ကြီးကျေးရွာအုပ်စု၊ မကျီးကျွန်း အ.မ.က ကျောင်းသည် လွန်ခဲ့သည့် ၁၉၈၇ ခုနှစ်မှစ၍ နှစ်ပေါင်း ၃၀ နီးပါး ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောက်လုပ်၍ ပညာသင်ကြားနေခဲ့ရာမှ ယခုနှစ်မှစ၍ အ.မ.က ကျောင်းအဖြစ် Sanction တောင်းခံရာမှ တိုးမြှင့်ပေး ခဲ့ပြီးဖြစ်ရာ ယခင်ကျောင်းအနေအထားမှာ အန္တရာယ်ရှိကျောင်းဆောင်အဖြစ် တည်ရှိနေပါသဖြင့် ကျောင်းသား/သူများ ပညာသင်ကြားရေးတွင် အခက်အခဲများစွာ ကြုံတွေ့နေရပါကြောင်း၊

ကျွန်းစုမြို့နယ်၊ ကမ်းဘကျေးရွာအုပ်စု၊ ကဒဲကဒွတ်ကျေးရွာကျောင်းမှာလည်း ယခင်နှစ်ကစ၍ မူလွန် အ.မ.က အဖြစ် Sanction တောင်းခံရာမှ တိုးမြှင့်ပေးခဲ့ပြီးဖြစ်၍ လက်ရှိကျောင်းဆောင်သည် ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားသည့် ကျောင်းဖြစ်၍ ပေ ၂၀ x ပေ ၄၀ သာရှိပြီး အလွန်တရာ ကျဉ်းမြောင်းလှသည်ဖြစ်၍ အဆိုပါကျောင်းဆောင်တွင် မြေနှစ်ဧကရှိသည့်အပြင် ကျောင်းဆောင် အသစ်ဆောက်လုပ်ရန် အမှုတွဲလည်း တင်ပြတောင်းခံထားပြီးဖြစ်ပါကြောင်း၊ ၎င်းတို့မှာ ကဒဲ၊ ကဒွတ် ကျောင်း၏ အနေအထားဖြစ်ပါကြောင်း၊ သို့ပါ၍ အဆိုပါ မကျီးကျွန်း အ.မ.ကနှင့် ကဒဲကဒွတ် မူလွန်ကျောင်းတို့အား အသစ်ထပ်မံဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ရှိမည်ဆိုပါက မည်သည့် အချိန်တွင် ဆောက်လုပ်ပေးပါမည်နည်း၊ အစီအစဉ်မှရိပါကလည်း အဘယ်ကြောင့်နည်းဆိုသည်ကို ဒေသခံများ၏ တောင်းဆိုချက်အရ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

u win mhw tunယခုဘဏ္ဍာရေးနှစ်အတွင်း ကျွန်းစုမြို့နယ်အတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သိန်းပေါင်း ၅၄၆၀ ခွဲဝေလျာထားပြီး လုပ်ငန်းများ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ရေမြစ်ကြီးကျေးရွာအုပ်စု၊ မကျီးကျွန်းကျေးရွာ အခြေခံမူလတန်းကျောင်းကို စိစစ်ရာတွင် ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်း အဆင့်မှ အခြေခံပညာမူလတန်းကျောင်း အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ရရှိခဲ့သည့်ကျောင်း ဖြစ်ပါကြောင်း၊ ၎င်းကျောင်းတွင် ၃၆ ပေ x ၂၄ ပေ ဓနိမိုး၊ ထရံကာတစ်ထပ်ဆောင်တစ်ဆောင်၊ ကျောင်းသား/သူ ဦးရေအနေဖြင့် စုစုပေါင်း ၁၀၇ ဦးရှိပါကြောင်း၊ ကဒဲကဒွတ်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းမှာ ၆၀ ပေ x ၃၀ ပေ သွပ်မိုး၊ အုတ်ညှပ် တစ်ထပ်ဆောင် တစ်ဆောင်၊ ၃၀ ပေ x ၂၀ ပေ သွပ်မိုး၊ အုတ်ညှပ်တစ်ထပ်ဆောင် တစ်ဆောင်နှင့် ၁၈ ပေ x ပေ ၂၀ သွပ်မိုး၊ အုတ်ညှပ်တစ်ထပ်ဆောင် တစ်ဆောင် စုစုပေါင်းစာသင်ဆောင် သုံးဆောင်ရှိပြီး ကျောင်းသား/သူဦးရေအနေဖြင့် မူလတန်းအဆင့် ၇၁ ဦး၊ အလယ်တန်းအဆင့် ၃၆ ဦး စုစုပေါင်း ၁၀၇ ဦးသာရှိသည့်အတွက် လက်ရှိအခြေအနေတွင် စာသင်ခန်းဧရိယာနှင့် အခြားကျောင်းများနှင့် နှိုင်းယှဉ်ပါက လုံလောက်မျှတမှုရှိသည်ကို တွေ့ရှိရပါကြောင်း၊ သို့သော် ဒေသခံပြည်သူများ တင်ပြအချက်အပေါ် ဖြည့်ဆည်းပေးသောအားဖြင့် ကျွန်းစုမြို့နယ်၊ မကျီးကျွန်းကျေးရွာ အခြေခံမူလတန်းကျောင်း အတွက် ၂၀၁၇-၁၈ ငွေလုံးငွေရင်းတွင် ဦးစားပေးမဖြစ်သော်လည်း သာမန်အသုံးစရိတ်ငွေ ခေါင်းစဉ်အောက်မှ ပေ ၆၀ x ပေ ၃၀ Type-C တစ်ဆောင် ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ကဒဲကဒွတ်ကျေးရွာအနေဖြင့် ကျောင်းသားနှင့် စာသင်ခန်း လုံလောက်မျှတမှု ရှိနေသေးသည့်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေ လျာထားခြင်း မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။