(က)-ဒေးဒရဲမြို့နှင့်တော်ကမယ်၊ကြုံကြပ်၊သာယာ ကုန်း၊သံဒိဇီးဖြူကုန်းဆက်သွယ်သောလမ်းအရှည် ၁၄ မိုင် ၆ ဖာလုံအား ပိုမိုမြန်ဆန်စွာ အကောင်အ ထည်ဖော်ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၁၄.၁၁.၂၀၁၇)
မေးခွန်း အကြောင်းအရာ 

drkhinဒေးဒရဲမြို့သည် ရန်ကုန်မြို့မှ ၄၅ မိုင်ကွာဝေးပြီး တစ်နာရီခွဲခရီးသွားရပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နှင့်ဒေးဒရဲမြို့ကို ဧရာဝတီမြစ်ကူးတံတား (ဒေးဒရဲ) နှင့် ဆက်သွယ်ပေးထားပါကြောင်း၊ ဒေးဒရဲမြို့ကနေ ဖျာပုံလမ်းမှတစ်ဆင်‌့ ဖျာပုံ-ဘိုကလေးမြို့ကို လည်းကောင်း၊ ကျိုက်လတ်လမ်းကတစ်ဆင့် ကျိုက်လတ်မြို့ကိုလည်းကောင်း သွားလာနိုင်ပြီး ယခုတောင်းဆိုလိုသည့် လမ်းမှာ ဒေးဒရဲမြို့မှ မုတ္တမပင်လယ်ကွေ့ ပင်လယ်ဝကို ဆက်သွယ် ပေးထားသည့် လမ်း ၁၄ မိုင် ၆ ဖာလုံလမ်း ဖြစ်ပါကြောင်း၊

၎င်းလမ်းကို ၁၉၉၀ ခုနှစ်ကစတင်၍ လူထုလုပ်အားပေးဖြင့် ဖောက်လုပ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၁၉၉၇-၉၈ ခုနှစ်တွင် စည်ပင်သာယာက တာဝန်ယူပြီး‌ မြေသားအဆင့်မြှင့်ပေးရာတွင် ဘတ်ဂျက်အခြေအနေအရ ၁၃ မိုင်သာ မြေသားအဆင့်မြှင့်ပြီး ကျန်သည့် ၃ မိုင် ၃ ဖာလုံက ရိုးရိုးမြေသားလမ်းအဖြစ် ကျန်ရှိနေခဲ့ပါကြောင်း၊ ၂၀၁၆-၁၇ ခုနှစ်တွင် ကျေးလက် ဦးစီးဌာနကနေပြီး တော်ကူမယ်တိုက်နယ်အထိ ၃ မိုင် ၃ ဖာလုံ ကျောက်ချောလမ်းခင်းထားပေးခဲ့ပြီး ၎င်းလမ်းပေါ်တွင် ၂၀၁၆-၁၇ ခုနှစ် ကျေးလက်ဦးစီးက ၆.၆ ဖာလုံ ကွန်ကရစ်လမ်း ခင်းထားပေးခဲ့ပါကြောင်း၊ ယခုနှစ် ၂၀၁၇-၁၈ ခုနှစ်တွင် နောက်ထပ် ၁ မိုင် ၁.၈ ဖာလုံ ကွန်ကရစ်လမ်းခင်းရန် ဘတ်ဂျက်လျာထားပြီးသည့် အတွက်ကြောင့် ကွန်ကရစ်လမ်းက စုစုပေါင်း ၂ မိုင် ဝ.၄ ဖာလုံ ခင်းပြီးဖြစ်ပါကြောင်း၊ ထိုလမ်းကို ၁၉၉၀ ခုနှစ်ကစဖောက်ခဲ့ရာ ၂၇ နှစ်ရှိပြီဖြစ်ပါကြောင်း၊ ကျန်ရှိသော ကျောက်ချောလမ်း ၁ မိုင်ကျော်နှင့် မြေသားအဆင့်မြှင့်ပြီး ၈ မိုင်၊ ရိုးရိုးမြေသားလမ်း ၃ မိုင် ၃ ဖာလုံ စုစုပေါင်း ၁၂ မိုင် ၆ ဖာလုံခန့်ကို ကျန်ရှိနေသည့် အတွက်ကြောင့် ၎င်းနှုန်းအတိုင်း ဆက်ခင်းမည်ဆိုပါက နောက်ထပ်တစ်နှစ် ၁ မိုင်နှုန်းဖြင့်ဆိုလျှင် ၁၀ နှစ်ကျော်ကြာဦးမည် ဖြစ်ပါကြောင်း၊

ယခုလမ်းသည် ဒေးဒရဲမြို့နယ်အတွက် အရေးပါသည့် အဓိကလမ်းဖြစ်ပါကြောင်း၊ ဒေးဒရဲမြို့နှင့်တကွ အခြားမြို့များကို မုတ္တမပင်လယ်ကွေ့နှင့် ဆက်သွယ်ပေးထားသောလမ်း ဖြစ်ပါကြောင်း၊ ၎င်းလမ်းဖြတ်သွားရာ တစ်လျောက်ရှိ လမ်းဘေးဘယ်ညာကရွာများ၊ တခြားဘက်မှ ကျွန်းရွာများ၊ ပင်လယ်ကွေ့ကရွာများ၊ ပင်လယ်ကမ်းစပ်ကရွာများ အားလုံးက ထိုလမ်းသည် ကုန်းလမ်းဖြစ်သောကြောင့် မြန်သည့်အတွက် ထိုလမ်းကိုအသုံးပြုကြပါကြောင်း၊ မြစ်ချောင်းများခြားသည့် ရွာများကလည်း မြစ်ချောင်းကိုဖြတ်ပြီး ကုန်းလမ်းကိုအသုံးပြုကြပါကြောင်း၊ စုစုပေါင်းအကျိုး ပြုမည့်ရွာက ၈၀ ခန့်၊ လူဦးရေ ၄၅၀၀၀ ခန့်ကို အကျိုးပြုမည် ဖြစ်ပါကြောင်း၊ ထိုလမ်းကို အသုံးပြုလိုကြသည့်အတွက် ရွာသားများက လမ်းကိုတောင်းဆိုပေးရန် အဆိုပြုကြပါကြောင်း၊ လမ်းကိုအသုံးပြုလိုသည့်အတွက်ကြောင့် အကယ်၍ လမ်းခင်းပေးမည်ဆိုပါက ပညာရေးအရ ပြောမည်ဆိုလျှင် တော်ကမယ် အ.ထ.က၊ ဒေးဒရဲ အ.ထ.က ကို အိမ်မှနေ့ချင်းပြန် သွားလာပြီး ကျောင်းတက်နိုင်မည် ဖြစ်ပါကြောင်း၊ ရေလမ်းက သွားရေးလာရေး ရေတက်/ရေကျ စောင့်လျှင် အခက်အခဲရှိနေသည့် အတွက်ကြောင့် ဤလမ်းပြီးစီးရန် ဒေးဒရဲမြို့နယ်အတွက် အရေးကြီးသည့် အတွက်ကြောင့် ၎င်းလမ်းကို မြန်မြန်ဆန်ဆန် ဖောက်ပေးနိုင်ခြင်း ရှိ/မရှိသိရှိ လိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

ukyawဒေးဒရဲမြို့နှင့် တော်ကမယ်-ကျုံကြပ်-သာယာကုန်း-သံဒိဇီးဖြူးကုန်းလမ်းသည် အရှည် ၁၄ မိုင် ၆ ဖာလုံရှိပြီး ၂၀၁၃ ခုနှစ်တွင် စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေ၊ ၂၀၁၅-၁၆ ခုနှစ်နှင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်များတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ရန်ပုံငွေတို့ဖြင့် မြေသားလမ်း၊ ကျောက်လမ်း၊ ကွန်ကရစ်လမ်းတို့ကို အပိုင်းလိုက် ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ မြေသားလမ်းရှစ်မိုင်၊ ကျောက်ချောလမ်း နှစ်မိုင် ၄.၄ ဖာလုံ၊ ကွန်ကရစ်လမ်း ၆.၆ ဖာလုံဖြစ်ပြီး မြေသားလမ်းသစ် ၃ မိုင် ၃ ဖာလုံဖောက်လုပ်ပေးရန် ကျန်ရှိနေပါကြောင်း၊ အဆိုပါ ကျေးရွာချင်းဆက်လမ်း၏ ကျောက်ချောလမ်း ၂ မိုင် ၄.၄ ဖာလုံအပေါ်တွင် ကွန်ကရစ် လမ်း ၁ မိုင် ၁.၈ ဖာလုံခင်းရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ရန်ပုံငွေခွင်‌့ပြုပြီးဖြစ်၍ တင်ဒါအောင်မြင်ထားသည့် မြကန်သာကုမ္ပဏီမှ လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ ဒေးဒရဲမြို့နယ်တွင်းရှိ တော်ကမယ်-ကျုံကြပ်-သာယာကုန်း- သံဒိဇီးဖြူ ကုန်းလမ်းသည် ရွာပေါင်း ၈၀ နှင့် လူ ၄၅၀၀၀ ကိုအကျိုးပြုမည် ဖြစ်သည့်အတွက် လမ်းအဆင်‌့သတ်မှတ်ချက်အရ A အဆင်‌့တွင် ရှိသည့်အတွက်  ၂၀၂၀-၂၁ ခုနှစ် မတိုင်မီ ရာသီမရွေးသွားလာ နိုင်သော လမ်းဖြစ်ရန်အတွက်  နှစ်အလိုက်ရန်ပုံငွေများ တင်ပြတောင်းခံပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။