(င)-နတ်တလင်းမြို့နယ်၊ နတ်တလင်း-ဒမငယ် (၉/၄) မိုင် ကျောက်ချောလမ်းအား ကတ္တရာလမ်း ခင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၁.၁၁.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

ukhinနတ်တလင်းမြို့မှ အရှေ့ဘက် ဒမငယ်ကျေးရွာသို့ ကျောက်ချောလမ်း ၉ မိုင် ၄ ဖာလုံနှင့် ဒမငယ်မှ အရှေ့ဘက်တောင်ညိုမြို့သစ်သို့သွားသော ကျောက်ချောလမ်း သုံးမိုင် စုစုပေါင်း ကျောက်ချောလမ်း ၁၂ မိုင် ၄ ဖာလုံခန့်ရှိပါကြောင်း၊ ၁၉၉၄ ခုနှစ်၊ တောင်ညိုဆည်တည်ဆောက်စဉ်က ဆည်ဧရိယာ နှင့်မလွတ်သော ကျေးရွာများမှ ပြောင်းရွှေ့ပေးကြသော ပြည်သူများနေထိုင်ရန်အတွက် အစိုးရက တောင်ညိုမြို့သစ်ဖော်ထုတ်ပေးပြီး တောင်ညိုမြို့သစ်တွင် ရပ်ကွက်ကြီးငါးခု၊ တိုက်နယ်ဆေးရုံ၊ အ.ထ.ကကျောင်း၊ ရဲစခန်း၊ ဈေးများလည်းရှိပါကြောင်း၊ နတ်တလင်း-ဒမငယ်တောင်ညိုလမ်း ဝဲ/ယာ  ပတ်ဝန်းကျင်ကျေးရွာအုပ်စုပေါင်း ၁၉ အုပ်စု၊ ကျေးရွာပေါင်း ၆၄ ရွာ၊ အိမ်ထောင်စုပေါင်း ၁၀၇၁၆၊ လူဦးရေစုစုပေါင်း ၄၂၉၇၈ တို့၏ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စအရပ်ရပ်ဆောင်ရွက်ရန် အတွက် ထိုလမ်းကို အဓိကမှီခိုအားထားနေရပါကြောင်း၊ နတ်တလင်း-ဒမငယ်-တောင်ညိုလမ်းသည် ယခင်က မြို့အရှေ့ဘက်လမ်းရှိ ပဲခူးရိုးမသစ်တောများအတွင်းမှ ကျွန်း၊ ပျဉ်းကတိုးစသော သစ်များကို ၁၀ ဘီးကားကြီး၊ ၁၂ ဘီးကားကြီးများဖြင့် နှစ်စဉ်သယ်ဆောင်ရာသစ်ထုတ်လုပ်ရေးဌာန၏ အဓိက လမ်းကြောင်းဖြစ်ခဲ့ပါကြောင်း၊ ထိုစဉ်က သစ်ထုတ်လုပ်ရေးဌာနက နှစ်စဉ်အဆိုပါလမ်းကို ပြုပြင်ပေးခဲ့ ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်းမှ သစ်ထုတ်လုပ်မှုကို ၁၀ နှစ်ရပ်ဆိုင်းခဲ့သောကြောင့် သစ်ထုတ်လုပ်ရေးဌာနကလည်း ထိုလမ်းကို ပြုပြင်ပေးခြင်းမရှိတော့ ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်နှင့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် တောင်ညိုဈေး၏ရေလွှတ်ပေးသော ဆည်မြောင်းများကို JICA ၏အကူအညီဖြင့် ဆည်မြောင်းရေလွှတ်မြောင်းများကို ပြုပြင်ခြင်းလုပ်ငန်း များဆောင်ရွက်လျက်ရှိသည့်အတွက် ၎င်းတို့အတွက်လိုအပ်သော ကျောက်စရစ်များ၊ သဲများ၊ ဘိလပ် မြေအိတ်များကို ဒမငယ်ကျေးရွာပတ်ဝန်းကျင်သို့ ထိုလမ်းများကို အသုံးပြုပြီး သယ်ယူရသဖြင့် သဲကား၊ ကျောက်ကား၊ ဘိလပ်မြေကားများကြောင့် လမ်းများပိုမိုပျက်စီးခဲ့ပါကြောင်း၊ JICA စီမံကိန်းနှင့် ပတ်သက်၍ နတ်တလင်းမြို့နယ်တွင် တာဝန်ကျသော ဆည်မြောင်းအင်ဂျင်နီယာများအား ၎င်းတို့၏ လုပ်ငန်းအခြေအနေကို မိမိမေးမြန်းခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ် မတ်လကုန်လျှင် နတ်တလင်း-ဒမငယ်တောင်ညိုလမ်းပတ်ဝန်းကျင်ရှိ ဆည်မြောင်းများ ပြုပြင်ရေးလုပ်ငန်းပြီးစီးပြီဖြစ်ပြီး နတ်တလင်း-ဒမငယ်-တောင်ညိုလမ်းနှင့် အလှမ်းဝေးကွာသောနေရာများရှိ ရေလွတ်မြောင်းများသို့ ပြောင်းရွှေ့ ပြုပြင်ဆောင်ရွက်မည်ဖြစ်၍ ၂၀၁၈ ခုနှစ်၊ မတ်လ ၃၁ ရက်ကုန်နောက်ပိုင်းတွင် JICA စီမံကိန်းအတွက် ထိုလမ်းကို အသုံးပြုရန်မလိုတော့သည်ကို သိရှိရပါကြောင်း၊

ဒမငယ်ထိ ကိုးမိုင်ကျော်တစ်လျှောက်လုံး အကုန်ပျက်စီးနေပါကြောင်း၊ အဆိုပါလမ်းကို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွင်းကလည်း မပြုပြင်၊ ယခုနှစ် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင်လည်း မပြုပြင်သည့် အတွက် လမ်းသည် အခြေအနေအလွန်ဆိုးနေသည့်အတွက် အဆိုပါလမ်းကို ၂၀၁၈-၁၉ ဘဏ္ဍာရေး နှစ်အတွင်း မဖြစ်မနေပြင်ဆင်ပေးရန် အထူးလိုအပ်နေပါကြောင်း၊

ယခုမိမိတင်ပြသော နတ်တလင်း-ဒမငယ်-တောင်ညိုလမ်းသည် တောင်ညို-မြို့သစ်-ဒမငယ်ကျေးရွာများနှင့် လမ်း၏ဝဲ/ယာကျေးရွာပေါင်း ၆၄ ရွာနှင့် နတ်တလင်းမြို့ကို ဆက်သွယ်ထားသော လမ်းဖြစ်သည့်အပြင် လမ်းဦးစီးဌာနပိုင် ရန်ကုန်-ပြည်ဟိုက်ဝေး လမ်းမကြီးနှင့် ဆက်သွယ်ထားသော လမ်းဖြစ်သည့်အတွက် ကျေးလက်အဆင့်(၁)ကျောက်ချောလမ်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းလမ်းကိုပြုပြင် မည်ဆိုပါက ကတ္တရာ သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ် ခင်းပေးရမည်ဖြစ်သည့်အတွက် နတ်တလင်း-ဒမငယ်- တောင်ညိုမြို့သစ်လမ်း ၁၂ မိုင် ၄ ဖာလုံကျောက်ချောလမ်းကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်းခင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

ukhinပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်အတွင်းရှိ နတ်တလင်း-ဒမငယ်-တောင်ညိုမြို့သစ် ဆက် သွယ်ထားသော မြို့သစ်လမ်း အရှည် ၁၂ မိုင်သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံ ခန့်ခွဲသော ကျေးလက်လမ်းဖြစ်ပြီး ရန်ကုန်-ပြည်လမ်းနှင်‌့ ဆက်သွယ်သောလမ်းဖြစ်ပါကြောင်း၊ လက်ရှိလမ်းအခြေအနေမှာ ကျောက်ချောလမ်း ၉ မိုင် ၄ ဖာလုံရှိပြီး ၂ မိုင် ၄ ဖာလုံမှာ မြေနီလမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းအား ဆည်မြောင်းဦးစီးဌာနမှ JICA အစီအစဉ်ဖြင့် တောင်ညို ဆည်ရေသောက်စနစ်အတွက် ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စီမံကိန်းလုပ်ငန်းသုံး ပစ္စည်းများ သယ်ယူပို့ဆောင်ရန် အသုံးပြုလျက်ရှိပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အထိ စီမံကိန်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည်ဖြစ်၍ ဆည်မြောင်းဦးစီးဌာနမှ စီမံဆောင်ရွက်ဆဲကာလ အတွင်း လမ်းပျက်စီးမှုများအား ဆည်မြောင်းဦးစီးဌာနမှ ပြန်လည်ပြုပြင်ဆောင်ရွက်ရန် ဆည်မြောင်း နှင်‌့ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင်‌့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ညှိနှိုင်း ဆောင် ရွက်ထားလျက်ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ နတ်တလင်း-ဒမငယ်-တောင်ညိုမြို့သစ်လမ်း အရှည် ၁၂ မိုင် သည် လမ်းအဆင်‌့ သတ်မှတ်ချက်အရ Class(A) တွင်ပါဝင်သည့်လမ်းဖြစ်ပြီး ဆည်မြောင်းလုပ်ငန်းများကလည်း ၂၀၁၈ ခုနှစ် မတ်လတွင် ပြီးစီးမည်ဟု သိရှိရသည့်အတွက်  ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှစပြီး ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ် အဆင့်တိုးမြှင့်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားပါသည်။