ပုတ်သင်ညိုကျေးရွာသည် တိုက်ကြီး၊ ဖူးကြီး၊ ဖောင်ကြီး၊ ဘုရားကြီး ကြီးလေးကြီးလမ်း နှင့်တစ်မိုင်ခွဲ အကွာတွင်ရှိပါကြောင်း၊ ပဲခူးရိုးမတောတောင် ကိုအမှီပြုပြီး နှစ်ပေါင်းတစ်ရာကျော်သည့် ရွာဖြစ်ပါ ကြောင်း၊ ယခုအခါ ရွာသူရွာသားများ စိုက်ပျိုးလုပ်ကိုင်ခဲ့သည့် မြေယာများ သည် ငမိုးရိပ်ရေလှောင်တမံနှင့် အမှတ်(၇၀၉)ခြေမြန်တပ်ရင်း တည်ဆောက်ရေးတို့အတွက် သိမ်းဆည်း ခံထားရပါကြောင်း၊ ဧက ၅၀ ကျော်ပါကြောင်း ၎င်း အင်းကြီးကိုဖြတ်ပြီး အင်းမြေကိုရော၊ ဘေးကတောင်မြေတွေကိုရော ယူပြီးတော့ လမ်းဖြစ်အသုံးပြုလိုက်ပါကြောင်း၊ အင်းကြီး၏ လမ်းအရှည်သည် ၄ ဖာလုံလောက်ရှိပါကြောင်း၊ အင်းကြီးကို ပတ်ခြံကာပြီး သံတခါးကိုလည်း လုပ်ထားပါကြောင်း၊ ထို့ကြောင့် ငှက်ကြီးတောင်သဘာဝအင်းကြီး ပုဂ္ဂလိကပိုင်အဖြစ် ရောက်ရှိသွားခြင်းအား ပြန်လည်စိစစ်ပေးပါရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။
လှည်းကူးမြို့နယ်၊ ပုတ်သင်ညို ကျေးရွာသည် နှစ်ပေါင်းများစွာအသုံးပြုခဲ့သော သဘာဝအင်းကြီးနေရာ သည် ကွင်းဖွဲ့တိုင်းတာခြင်း စာရင်းမြေပုံမရှိသေးသည့် (ကြေးတိုင်ပြင်- OSS) မြေနေရာဖြစ်ပါကြောင်း၊ ယခင်က ငှက်ကြီးတောင်ပင်များ ထူထပ်စွာပေါက်ရောက်နေသည့် အနိမ့်ပိုင်းမြေနေရာဖြစ်ပြီး ၎င်းမြေ နေရာ အကျယ်အဝန်းမှ ဧရိယာ ၁၆၀၀ ဧကခန့် ရှိပါကြောင်း၊ ၁၉၂၇-၂၈ ခုနှစ်တွင် တိုင်းတာခဲ့သည့် တစ်လက်မတစ်မိုင်စကေးမြေပုံတွင် အင်းအဖြစ်ဖော်ပြထားခြင်းမရှိတာကို တွေ့ရှိရပါကြောင်း၊ သစ်ပင်ခြုံနွယ်များ ထူထပ်စွာပေါက်ရောက်သည့် မြေရိုင်း၊ တောရိုင်းမြေနေရာသာဖြစ်ကြောင်း ၊ အဆိုပါနေရာကို ဒေသခံများက ငှက်ကြီးတောင်အင်းလို့ ခေါ်ဝေါ်သုံးစွဲကြသော်လည်း သက်ဆိုင်ရာငါး လုပ်ငန်းဦးစီးဌာနမှ အင်းအဖြစ်သတ်မှတ်ထားခြင်းမရှိသည့်အတွက် နှစ်စဉ် အင်းလေလံချ ထားပေး ခဲ့ခြင်းလည်း မရှိပါကြောင်း၊ ၎င်းမြေနေရာသည် အနိမ့်ပိုင်းဖြစ်သော်လည်း ကျန်ကုန်းမြင့်များတွင် နှစ်ရှည်သီးပင်နှင့် ရော်ဘာပင် များ ဖော်ထုတ်စိုက်ပျိုးလုပ်ကိုင်လျက်ရှိပါကြောင်း၊ ၎င်းမြေနေရာ ဧရိယာဧက ၁၆.၆၅ ဧကတွင် ဦးနေလင်းထွန်းဆိုသူမှ နှစ်ရှည်သီးပင်စိုက်ပျိုးလုပ်ကိုင်ရန် လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ်ပုံစံရရှိရေးအတွက် လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်လွှာပုံစံ(၁) ဖြင့် လျှောက်ထားခဲ့သည့်အတွက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးပိုင်ဝိုင်းတိုင်းတာသည့်အခါ ဧရိယာဧက ၁၆.၆၅ ဧကရှိပြီး ၎င်းဧကကို ပုတ်သင်ညိုကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ထောက်ခံချက်အပေါ် တွင် မြို့နယ်လယ်ယာ စီမံခန့်ခွဲမှုအဖွဲ့က ထပ်ဆင့်ထောက်ခံချက်နှင့် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို တင်ပြခဲ့သည့် အနေအထားဖြစ်ပါ ကြောင်း၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် ၉-၁၂-၂၀၁၄ ရက် ရက်စွဲပါစာအမှတ်၊ ၁၅၀/လယ-၇/၂၀၁၄ ဖြင့် ခွင့်ပြုခဲ့၍ ၁-၁-၂၀၁၅ ရက်နေ့တွင် ဦးနေလင်းထွန်းကို ပုံစံ(၇) ထုတ်ပေး ခဲ့ခြင်းဖြစ်သည်ကိုစိစစ်တွေ့ရှိရပါကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ရရှိထားသည့် ဧရိယာ ၁၆.၆၅ ဧက အတွင်း အချို့မြေနေရာများသည် မြေအနိမ့်ပိုင်းတွင် ကျရောက်နေပြီး ရေအနည်းငယ်ဝပ်နေသည့်အတွက်ကြောင့် အပြည့်အဝစိုက်ပျိုးနိုင်ခြင်းမရှိဘဲ ၅ ဧကခန့်ကိုသာ ပိန္နဲ၊ ကျွဲကော၊ ကျွန်း၊ ပျဉ်းကတိုးစသည့် နှစ်ရှည်ပင်များ စိုက်ပျိုးထားသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ သဘာဝအင်းကြီးအဖြစ် ထားရှိလိုပါက မိမိတို့၏သက်ဆိုင်ရာဌာနကို လုပ်ထုံးလုပ်နည်းနှင့်အညီ လျှောက်ထားဆောင်ရွက်တင်ပြရန်လိုပါကြောင်း၊ အင်းအဖြစ်ဖွဲ့စည်းခွင့်ရမည်ဆိုပါက ဦးနေလင်းထွန်း ၏ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)တွင်ရှိသည့် ဧရိယာများကို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်မှ စိစစ်ဆောင်ရွက်စေပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ (၇)ဖျက်သိမ်းနိုင်ရေး သက်ဆိုင်ရာတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အပါအဝင် ခရိုင်၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်မှ ပြန်လည် ပယ်ဖျက်ရေးအား လုပ်ထုံး လုပ်နည်းနှင့်အညီ စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
ဦးသိန်းတန်(လှည်းကူး)မှ ဆက်စပ်မေးခွန်းအားမေးမြန်းပါသည်။
၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲရေးဥပဒေပုဒ်မ ၄ တွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်း များကို လုပ်ပိုင်ခွင့်ရှိသည့်အကြောင်း စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဓာတ်သတ္တု လုပ်ငန်း၊ အခြားလုပ်ငန်းများ၊ ပုဒ်မ ၅ တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံသူများ၊ အစိုးရအဖွဲ့များ၊ အစိုးရအဖွဲ့ အစည်းမဟုတ်သူများလျှောက် ထားနိုင်ပါကြောင်း ၊ ပုဒ်မ ၆ တွင် ဗဟိုကော်မတီမှ လုပ်ပိုင်ခွင့် ပေးသည့်အခါ အပိုဒ်(ဂ)တွင် ကြိုးဝိုင်းတောနှင့် ကြိုးပြင်ကာကွယ်တော များဖြစ်သည့် သစ်တောနယ် မြေများကို ထိခိုက်ပျက်စီးမှုမရှိစေရေးနှင့် သဘာဝနယ်မြေများ၊ ရေဝေရေလဲဒေသများ၊ သဘာဝ အင်းအိုင် များကို ထိန်းသိမ်းနိုင်ရေးတို့အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ သက်ဆိုင်ရာ အခြားဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရပါမည်ဟု ပါရှိပါကြောင်း၊ ၎င်း ဥပဒေပါ ပုဒ်မ ၆ ပုဒ်မခွဲ(ဂ) အရ သစ်တောဝန်ကြီးဌာန၏ သဘောထားခွင့်ပြု ချက်ညှိနှိုင်းမှုဖြင့် ပုံစံ(၇) ထုတ်ပေးခြင်းရှိ/မရှိကို သိလိုပါကြောင်း ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးလှကျော်
၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့်အညီ ပုံစံ(၇)ထုတ်ပေးထားခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းကိစ္စကို Case by case စီမံဆောင်ရွက်သွားနိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့များကို ပြန်လည်စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်စပ်မေးခွန်း ပြန်လည်ဖြေကြားခဲ့ပါသည်။
