(ခ)-ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မ တီကမည်သည့်အချိန်တွင်လုပ်ငန်းများစတင်ဆောင် ရွက်မည်နည်း၊ tenderအောင်CITICကုမ္ပဏီမှလုပ် ငန်းဆောင်ရွက်ရန် အစီအမံများနှင့် ပထမအဆင့် ဆောင်ရွက်မည့် စီမံချက်များကို သိရှိခွင့်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

photoကျောက်ဖြူဒေသတွင် အထူးစီးပွားရေးဇုန်ထူထောင်ရန်အတွက် မြေဧကပေါင်း ၄၂၈၉.၃၂ ဧကကို အသုံးပြုရန် ပြီးခဲ့သည့်လွှတ်တော်တွင် ၂၈-၁၂-၂၀၁၅ ရက်နေ့၌ လွှတ်တော်က ဆုံးဖြတ် ပေးလိုက်ပါကြောင်း၊ အစိုးရအပြောင်းအလဲဖြစ်သွားပြီးသည့်အခါ စီမံခန့်ခွဲရေးကော်မတီလည်း ပြန်လည်ဖွဲ့စည်းပြီးသည့်အခါ ကျောက်ဖြူအထူးစီးပွားရေးဇုန်အနေဖြင့် အဓိက နိုင်ငံတော်အတွက်၊ နိုင်ငံသားများအတွက်၊ နိုင်ငံတကာအတွက် စစ်ရေးမဟာဗျူဟာအရ၊ စီးပွားရေးမဟာဗျူဟာအရ အလွန်အရေးကြီးသော နေရာဖြစ်ပါကြောင်း၊ မိမိတို့ စိစစ်ကော်မတီကို ၃၀-၁၂-၂၀၁၅ နေ့တွင် ပြည်ထောင်စုအစိုးရကတင်ရာတွင် စီမံကိန်း၌ ရေနက်ဆိပ်ကမ်းနှစ်ခု၊ စက်မှုဇုန်လုပ်ငန်းတစ်ခု၊ Housing လုပ်ငန်းတစ်ခုတို့ ပါဝင်မည်ကို သိရပါကြောင်း၊ ၎င်းစီမံကိန်းကို အကောင်အထည်ဖော်မည် ဖြစ်သည့်အတွက် မြေနေရာများသိမ်းယူပြီး ရေနက်ဆိပ်ကမ်းလုပ်ဆောင်သည့်အတွက် ချောင်းများ၊ မြစ်များတွင် ရှာဖွေစားသောက်နေကြသော ရေလုပ်ငန်းရှင်တို့၏ လုပ်ကွက်ပျောက်၍ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးပြီး မြေများ၊ ယာများသိမ်းယူသည့်အတွက် မြေကိုလုပ်ကိုင် စားသောက်ကြသော တောင်သူများ၏ မြေယာဆုံးရှုံးမှုများ ဖြစ်ပေါ်မည်ဖြစ်ပါကြောင်း၊ သားငါးခိုအောင်း ရှာဖွေတွေ့ရှိနိုင်သော နေရာတွင်သာ ရေလုပ်သားများ စီးပွားရှာနိုင်ကြပါကြောင်း၊ ကျောက်ဖြူ၏ ရေနက်ဆိပ်ကမ်းနှစ်ခုလုပ်ဆောင်မည့်နေရာသည် ကျောက်ဖြူတစ်မြို့နယ်လုံးတွင် ငါးထိတွေ့မှုအများဆုံး ဒေသဖြစ်ပါကြောင်း၊ ယခုကဲ့သို့ မြေများကို သိမ်းယူလိုက်သည့်အတွက် အသိမ်းခံရသော တောင်သူ လယ်သမားများ၊ မြေပိုင်ရှင်များကို မည်သို့သောအစီအမံများ ပြုလုပ်ပေးမည်၊ လျော်ကြေး မည်ကဲ့သို့ ပေးမည် စသည်ဖြင့် ဒေသခံလူများက ပါဝင်ဆောင်ရွက်မှု မည်ကဲ့သို့အကျိုးအခွင့်အလမ်း ရှိမည်ကိုလည်းကောင်း၊ Investor အနေဖြင့် ဝင်ရောက်ပါဝင်ကြမည့် ရင်းနှီးမြှုပ်နှံသူများနှင့် မည်ကဲ့သို့အကျိုးကျေးဇူးရှိမည်ကို ပြည်သူများ သိရှိလိုကြသည့်အတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအနေဖြင့် မည်သည့် အချိန်တွင် လုပ်ငန်းများ စတင်ဆောင်ရွက်မည်ကိုလည်းကောင်း၊ ၃၁-၁၂-၂၀၁၅ ရက်နေ့က tender အောင်မြင်ထားသည့် CITIC ကုမ္ပဏီ အနေဖြင့် လုပ်ငန်းစတင် ဆောင်ရွက်ရန် မည်သည့်အစီအမံများ ပြုလုပ်နေသည်ကို ဒေသခံပြည်သူများသို့ ရှင်းပြပေးနိုင်ခြင်း ရှိ/ မရှိနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ ပထမအဆင့်ဆောင်ရွက်မည့် စီမံချက်များကို ဒေသခံများ သိရှိခွင့်ရှိ/ မရှိကိုလည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး
အဖြေ

လက်ရှိအစိုးရလက်ထက်တွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့နှင့် ဗဟိုလုပ်ငန်းအဖွဲ့များကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၅၉/၂၀၁၆) ဖြင့် ဖွဲ့စည်းခဲ့ပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက် ရက်စွဲပါ အမိန့်စာအမှတ်(၁/၂၀၁၆) ဖြင့် ပြန်လည်ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သော ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီသည် ယခင်စီမံခန့်ခွဲမှုကော်မတီထံမှ လုပ်ငန်းများကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် လွှဲပြောင်းလက်ခံဆောင်ရွက်ခဲ့ပါကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှု ကော်မတီအနေဖြင့် တင်ဒါအောင်မြင်ထားသော CITIC ကုမ္ပဏီအုပ်စုမှ တာဝန်ရှိသူများနှင့် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင်လည်းကောင်း၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက် နှင့် ဧပြီလ ၂၄ ရက်နေ့တွင်လည်းကောင်း အသီးသီးတွေ့ဆုံခဲ့ပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မူဘောင်သဘောတူညီချက်ဆိုင်ရာကိစ္စများ၊ စီမံကိန်း၏ ခန့်မှန်းကုန်ကျစရိတ် တွက်ချက်မှုဆိုင်ရာကိစ္စများနှင့် ငွေကြေးထည့်ဝင်မှုအစုရှယ်ယာ ပိုင်ဆိုင်မှုဆိုင်ရာကိစ္စများကို ဆွေးနွေးခဲ့ ပါကြောင်း၊

ကျောက်ဖြူအထူးစီးပွားရေးဇုန်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံခြားရင်းနှီး တည်ဆောက်သူနှင့် ဖက်စပ်လုပ်ကိုင်မည့် နိုင်ငံတော်က သတ်မှတ်ပေးသော မြန်မာအများပိုင် ကုမ္ပဏီ (Government Designated Entity-GDE) ဖွဲ့စည်းနိုင်ရေးအတွက် စိတ်ဝင်စားမှုဖော်ပြလွှာ (Expression of Interest) ကို နိုင်ငံပိုင်သတင်းစာများတွင် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကြော်ငြာထည့်သွင်းခေါ်ယူခဲ့ပြီး ယခုအခါ အဆိုပြုမြန်မာကုမ္ပဏီ ၅၂ ခု ဖြင့် မြန်မာကျောက်ဖြူ အထူးစီးပွားရေးဇုန်ဦးပိုင်ကုမ္ပဏီအုပ်စု (Myanmar Kyauk Phyu SEZ Holding Consortium)ကို ဖွဲ့စည်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအနေဖြင့် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့နှင့် ၂၀၁၇ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တို့တွင် မြန်မာကုမ္ပဏီလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး GDE ဖွဲ့စည်းနိုင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ပါကြောင်း၊ CITIC ကုမ္ပဏီအုပ်စုမှ တာဝန်ရှိသူများနှင့်လည်း ၂၀၁၇ ခုနှစ်၊ မတ်လ ၂၉ ရက်နှင့် ၃၀ ရက်နေ့များတွင် တွေ့ဆုံခဲ့ပြီး စီမံကိန်း၏ ခန့်မှန်းကုန်ကျစရိတ် တွက်ချက်မှုဆိုင်ရာကိစ္စရပ်များ၊ ငွေကြေးထည့်ဝင်မှုဆိုင်ရာကိစ္စရပ်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ပါကြောင်း၊ နိုင်ငံတော်သမ္မတ၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ်အတွင်း ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် CITIC Group ဥက္ကဋ္ဌတို့က ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးဆိုင်ရာစာလွှာ (Exchange of Letter) ကို ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊

၂၀၁၇ ခုနှစ်၊ မေလ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၊ CITIC Group မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံရှေ့နေချုပ်ရုံးနှင့် သက်ဆိုင်ရာဌာန အသီးသီးမှ တာဝန်ရှိသူများတွေ့ဆုံ၍ မူဘောင်သဘောတူညီချက် ချုပ်ဆိုနိုင်ရေးကိစ္စများ၊ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရန်နှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားရေးကျဆင်းမှု အနည်းဆုံးဖြစ်စေရန် ဆန်းစစ်ချက်များပြုလုပ်ရေးကိစ္စ၊  မြေပြင်အနေအထားဆိုင်ရာစစ်တမ်း (Geographical Survey) ဆောင်ရွက်မည့်ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ MICT Park အစည်းအဝေးခန်းမတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၊ မြန်မာအများပိုင်ကုမ္ပဏီတွင်ပါဝင်မည့် ကုမ္ပဏီများနှင့် CITIC Group မှ တာဝန်ရှိပုဂ္ဂိုလ်များ ဆွေးနွေး ခဲ့ကြပြီး ဆွေးနွေးပွဲရလဒ်များကိုလည်း ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီရုံးတွင် ထပ်မံ ဆွေးနွေးခဲ့ကြပါကြောင်း၊

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီအနေဖြင့် CITIC Group ကုမ္ပဏီ၊ မြန်မာ အများပိုင် ကုမ္ပဏီတို့နှင့် ငွေကြေးထည့်ဝင်မှု၊ အစုရှယ်ယာပိုင်ဆိုင်မှု အချိုးဆိုင်ရာကိစ္စရပ်များ၊ ဘဏ်ချေးငွေဆိုင်ရာ ကိစ္စရပ်များ၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ချက်၊ လူမှုရေးထိခိုက်မှုဆန်းစစ်ချက်၊ မြေပြင်အနေအထား ဆိုင်ရာစစ်တမ်းတို့ကို ဆောင်ရွက်ရန်ကိစ္စများ၊ မူဘောင်သဘောတူညီချက် ဆိုင်ရာကိစ္စများကို အသေးစိတ်ညှိနှိုင်းဆွေးနွေးလျက်ရှိပါကြောင်း၊ ဆွေးနွေးဆောင်ရွက်မှုရလဒ်များပေါ် မူတည်ပြီး စီမံကိန်းလုပ်ငန်းအဆင့်ဆင့် သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊

          လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းထားသော လုပ်ငန်းဆောင်ရွက်ရန် မည်သည့်အစီအမံများ ပြုလုပ်နေသည်နှင့်ပတ်သက်၍ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်း အဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေး နှင်‌့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဆောင်သော အဖွဲ့သည် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် စစ်တွေမြို့သို့လည်းကောင်း၊ ၃၀ ရက်နေ့တွင် ကျောက်ဖြူမြို့သို့လည်းကောင်း၊ မေလ ၁ ရက်နေ့တွင် မဒေးကျွန်းသို့လည်းကောင်း သွားရောက်ကာ ဒေသခံပြည်သူများ၊ လူမှုအဖွဲ့အစည်းများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးတင်ပြခြင်း၊ စက်မှုဇုန်တည်ဆောက်မည့်နေရာကို ကွင်းဆင်းစစ်ဆေး ခြင်းများကို ပြုလုပ်ခဲ့ပါကြောင်း၊ ထို့အပြင် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့သည် ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၈ ရက်၊ ၁၉ ရက်နေ့တို့တွင် ကျောက်ဖြူမြို့သို့ သွားရောက်၍ သက်ဆိုင်ရာ၊ ဌာနဆိုင်ရာများ၊ ဒေသခံများကို တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးချက်များကို အများမြင်သာထင်သာရှိစေရန် တရားဝင်ထုတ်ပြန်အသိပေးရာတွင် ဒေသခံပြည်သူများနှင်‌့ ထိတွေ့ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

ထို့အပြင် ကျောက်ဖြူအထူးစီးပွားရေးဇုန်ကိစ္စနှင့်ပတ်သက်၍ အချက်အလက်များကို စီးပွားရေးနှင်‌့ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနတွင်လည်းကောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီရုံးတွင် လည်းကောင်း၊ CITIC ကုမ္ပဏီတွင်လည်းကောင်း၊ မြန်မာအများပိုင်ကုမ္ပဏီတွင်လည်းကောင်း တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းသည် အရင်းအနှီး ကြီးမားပြီး ရေရှည်ဆောင်ရွက်ရမည့် စီမံကိန်းဖြစ်သော်လည်း ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးနှင်‌့ လူမှုစီးပွားရေးဘဝများ ပိုမိုမြင့်မားတိုးတက်ရေးအပါအဝင် ရခိုင်ပြည်နယ်နှင်‌့ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက်၊ အရေးပါသောစီမံကိန်းတစ်ခုဖြစ်သည့်အတွက် ယင်းစီမံကိန်းအောင်မြင်စေရန် ပွင့်လင်းမြင်သာစွာဖြင့် အစွမ်းကုန်အားထုတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးဘရှိန်(ကျောက်ဖြူ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မူလ မေးခွန်းတွင်ပါသည့် ဒုတိယပိုင်းဖြစ်သော CITIC ကုမ္ပဏီအနေဖြင့် လုပ်ငန်းစတင်ဆောင်ရွက်ရန် မည်သည့်အစီအမံများပြုလုပ်နေသည်ကို စီမံခန့်ခွဲရေးကော်မတီအနေဖြင့် ဒေသခံများအား ရှင်းလင်း ပေးနိုင်ခြင်း ရှိ/ မရှိ၊ အထူးစီးပွားရေးဇုန်၏ ပထမအဆင့်ဆောင်ရွက်မည့် စီမံချက်များကို ပြည်သူများ သိရှိစေရန် ဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ၊ မြေပြင်အခြေအနေကို တာဝန်ရှိပုဂ္ဂိုလ်များက သွားရောက် ကွင်းဆင်းပြီး ဒေသခံပြည်သူများကို အသေးစိတ်ရှင်းလင်းနိုင်ခြင်း ရှိ/ မရှိတို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အထူးစီးပွားရေးဇုန်များ အကောင်အထည် ဖော်မှုတွင် ဆက်သွယ်ရန်ဗဟိုဌာနအဖြစ် ဆောင်ရွက်သော ဝန်ကြီးဌာနဖြစ်ပါကြောင်း၊ အထူးစီးပွားရေးဇုန် သုံးခုကိုလည်း အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် ရေရှည် ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်က အကျိုးအမြတ်များကို ၂၀၃၉ ခုနှစ်မှ ရရှိမည်ဟု ခန့်မှန်းထားပါကြောင်း၊ အရင်းအနှီး ပမာဏကလည်း ကြီးမားပြီး အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါ မဟာဗျူဟာအရ အရေးပါသည့်အတွက် မြင်သာထင်သာရှိ စွာဖြင့် တိုင်ပင်ညှိနှိုင်းမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးအနေဖြင့် ၎င်းဒေသကို စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌအနေဖြင့်လည်း သွားရောက်ဆွေးနွေးခဲ့ပြီး ဖြစ်ပါကြောင်း၊  မြေယာလျော် ကြေးများနှင့် ပတ်သက်ပြီး သီလဝါစက်မှုဇုန်တွင် မြေယာလျော်ကြေးကို ရန်ကုန်နှင့်အနီးဆုံးနေရာတွင် ယခုကာလအတွင်း သိန်း ၂၅၀ ပေးသော်လည်း ယခုကျောက်ဖြူဒေသတွင် မြေတစ်ဧကကို သိန်း ၉၀၀ အထိ တောင်းယူနေသည့်အတွက် မိမိတို့အနေဖြင့် ဒေသခံများနှင့် တွေ့ဆုံညှိှ နှိုင်းပြီး ဆက်လက်ထိတွေ့ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိမိ တင်ပြခဲ့သည့်အထဲတွင် ထပ်မံသိရှိ လိုသည်များရှိခဲ့ပါက ၎င်းဌာနသုံးခုကိုလည်း ဆက်သွယ်နိုင်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်သူများထင်သာမြင်သာရှိစွာ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။