(စ)-မိုင်းတုံမြို့နယ်အတွင်းရှိ မိုင်းကန်ကျေးရွာမှ ပြည်ထောင်စုလမ်းမကြီးအထိ လမ်းအရှည် ၂၀ မိုင်အား ရာသီမရွေးလွယ်ကူစွာသွားလာနိုင်သော ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်းခင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့(၂၀.၈.၂၀၂၀)

(စ)-မိုင်းတုံမြို့နယ်အတွင်းရှိ မိုင်းကန်ကျေးရွာမှ ပြည်ထောင်စုလမ်းမကြီးအထိ လမ်းအရှည် ၂၀ မိုင်အား ရာသီမရွေးလွယ်ကူစွာသွားလာနိုင်သော ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်းခင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

မိုင်းကန်ကျေးရွာသည် မိုင်းတုံမြို့နယ်အတွင်းရှိ တိုက်နယ်ကျေးရွာဖြစ်ပြီး မိုင်းတုံမြို့နှင့် ၃၄ မိုင်အကွာတွင် တည်ရှိပါကြောင်း၊ ပြည်ထောင်စုလမ်းမကြီးမှ မိုင် ၂၀ ကွာဝေးပြီး မတ်စောက်သော တောင်ဆင်းတောင်တက်လမ်း များဖြင့် သွားလာရန်ခက်ခဲသည့်ကျေးရွာဖြစ်သည့်အလျောက် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေး အခက်အခဲများနှင့် အဘက်ဘက်နိမ့်ကျလျက်ရှိသော ကျေးရွာဖြစ်ပါကြောင်း၊ လားဟူတိုင်းရင်းသားများ အများစုနေထိုင်ကြပြီး လူဦးရေ ၃၀၀၀ ကျော်ခန့်ရှိပြီး တိုက်နယ်‌ကျေးရွာဖြစ်သည့်အလျောက် အဆိုပါလမ်းသည် ကျေးရွာပေါင်း ၁၄ ရွာအား အကျိုးပြုမည့်လမ်းဖြစ်ပါကြောင်း၊

အဆိုပါလမ်းအား မြန်မာ့သစ်ထုတ်လုပ်ရေးမှ နှစ်စဉ်သစ်ထုတ်လျက်ရှိသည့်အတွက် ပွင့်လင်း ရာသီတွင် ကုမ္ပဏီမှ လမ်းအားအနည်းငယ်ပြုပြင်၍ သစ်ထုတ်သဖြင့် ဖုန်တလုံးလုံးဖြင့်သွားရာတွင် သွားလာရန်အဆင်ပြေသလိုရှိသော်လည်း မိုးရာသီတွင် မြေသားလမ်းဖြစ်သဖြင့် လမ်းပေါ်တွင် ရေစီးမြောင်းများ ဖြစ်ပေါ်ခြင်း၊ တောင်အဆင်း၊ တောင်အတက်မတ်စောက်သဖြင့် လမ်းချော်ခြင်း၊ ယာဉ်တိမ်းမှောက်ခြင်းများ မကြာခဏဖြစ်ပေါ်လျက်ရှိပြီး မော်တော်ယာဉ်များအား တာယာကို ချိန်းပတ်၍ မောင်းနှင်သွားလာရသောလမ်းဖြစ်ပါ၍ မိုင်းတုံမြို့သို့ ၃၄ မိုင်ခရီးအား ၄ နာရီခန့် မောင်းနှင်နေကြရပါကြောင်း၊ ဖော်ပြပါကျေးရွာတွင် ကျန်းမာရေးဌာနအနေ ဖြင့်လည်း ဆေးပေးခန်း သာထားရှိပေးထားနိုင်သည့်အတွက် လမ်းအခက်အခဲ၊ အရေးပေါ်လူနာများ သေဆုံးမှု အများအပြားရှိခဲ့သလို အဓိကလိုအပ်သော ဒေသခံပြည်သူများ၏ စားနပ်ရိက္ခာကိုလည်း အဆိုပါ လမ်းမှ မိုင်းတုံမြို့သို့ သွားရောက်ဝယ်ယူသုံးစွဲနေရသည့်အတွက် ကုန်ဈေးနှုန်းသည် မိုင်းတုံမြို့ထက် နှစ်ဆခန့်ကြီးမြင့်နေပြီး စားစရိတ်ကြီးမြင့်မှု၊ လူမှုရေးအခက်အခဲများဖြင့် ရင်ဆိုင် နေကြရပါကြောင်း၊  ပြည်နယ်ကျေးလက်လမ်းဦးစီးဌာနအနေဖြင့် တစ်နှစ်လျှင် တစ်မိုင်ခန့်သာ ဘတ်ဂျက်လျာထား ပေးနိုင်ပါသဖြင့် အဆိုပါလမ်း မိုင် ၂၀ အား ဒေသတွင်းပြည်သူများ၏ လူမှုဘဝအခက်အခဲများ ဘက်စုံ အဆင်ပြေစေနိုင်ရန် ပြည်ထောင်စု၏ငွေလုံးငွေရင်းရန်ပုံငွေ အကူအညီဖြင့် အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်မှစ၍ ထည့်သွင်းလျာထားပြီး ကာလတိုအတွင်း ဦးစားပေး အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ပေးပါရန်၊ ရာသီမရွေးသွားလာအဆင်ပြေနိုင်ရေးအတွက် ကတ္တရာ သို့မဟုတ် ကွန်ကရစ် လမ်းအဖြစ် ဆောင်ရွက်ပေးပါရန်အစီအစဉ်များအား သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ် ပြည်ထောင်စုလမ်းမကြီးမှ မိုင်းကန်ကျေးရွာဘက်သွား လမ်းအရှည် ၁၈ မိုင်သည် လမ်းအဆင့် သတ်မှတ်ချက်အရ Class(A)အဆင့် ဦးစားပေး အဆင့်(၁) လမ်းတွင် ပါဝင်ပြီး တာဆမ်း၊ မိုင်းတုံ၊ မိုင်းစပ် လမ်းမကြီးနှင့် ဆက်သွယ်ထားတဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်း ပိုင်းတွင် မြေသားလမ်းဖောက်လုပ်ရန် စုစုပေါင်း လမ်းအရှည် ၁၂ မိုင် ၂.၆ ဖာလုံ ကျန်ရှိနေပြီး ကျေးရွာပေါင်း ၁၄ ရွာ၊ လူဦးရေပေါင်း ၃၅၀၀ ကျော်ကိုအကျိုးပြုမည့်လမ်းဖြစ်သည့်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေတွင် မြေသားလမ်းအရှည် လေးမိုင် ဖောက်လုပ်ရန်နှင့် Box Culvert ရှစ်စင်းတည်ဆောက်ရန် ရန်ပုံငွေများတင်ပြတောင်းခံထားပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးအောင်ကျော်ဦး(မိုင်းတုံမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

 ပြည်ထောင်စုအစိုးရရန်ပုံငွေ ငွေလုံးငွေရင်း မှလည်း အကူအညီပေးပြီး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဒေါက်တာကျော်လင်း(ဒုတိယဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန)

ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ရန်ပုံငွေတွင် လေးမိုင်တင်ပြီးသွားပြီဖြစ်သည့်အတွက် ပြည်ထောင်စု ရန်ပုံငွေတွင် မပါရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။