(ဂ)-မြန်အောင်မြို့နယ်၊ တောင်ရိုးဒေသ ထိန်သေးကုန်း မြေပြာ အင်ပင်လမ်းပေါ်ရှိ ရေသိုးချောင်းတံတား အား အမာခံတံတားအဖြစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိသိလိုခြင်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၄.၈.၂၀၂၀)

မြန်အောင်မဲဆန္ဒနယ်မြေ တောင်ရိုးဘက်ခြမ်းဒေသသည်ဆယ်စုနှစ်များစွာ ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့သည့်ဒေသဖြစ်ပါကြောင်း၊ ကိုယ်ထူကိုယ်ထ ကျေးရွာ ကျေးရွာချင်းဆက် မြေသားလမ်းများ တစ်တပ်တစ်အား ဒေသခံများက ဖောက်လုပ်ခဲ့ကြသော်လည်း ရာသီမရွေးသွားလာနိုင်ရန် ခက်ခဲသည့် အခြေအနေရှိပါကြောင်း၊ လမ်းများကို ရာသီမရွေး သွားလာနိုင်ရန် နိုင်ငံတော်နှင့် လွှတ်တော် ရန်ပုံငွေများ ဒေသခံပြည်သူတို့၏ ထည့်ဝင်ငွေများဖြင့် ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့သဖြင့် ခွဲကျောက်ခင်းလမ်းများ၊ ချောင်းကျောက်ခင်းလမ်းများ ပေါ်ပေါက်လာနေပါကြောင်း၊ လမ်း အခက်အခဲ အချို့အဆင်ပြေခဲ့သော်လည်း တောင်ရိုးဒေသများမှ ချောင်းဖျားခံစီးဆင်းလာသည့် တောင်ကျချောင်းများကြောင့် လမ်းများရေတိုက်စား ပြတ်တောက် ပျက်စီးခြင်း၊ ဒေသခံပြည်သူတို့၏ ကိုယ်ထူကိုယ်ထ ဝါးနှင့်သစ်သား တံတားများ ရေထဲသို့ မျောပါပျက်စီးဆုံးရှုံးမှုများ ထပ်မံ ကြုံတွေ့နေရပါကြောင်း၊ မြို့နယ်၏ အနောက်ဘက် အနောက်ရိုးမ တောင်ခြေအစွန်းဘက်ရှိ သဲဘိုကျေးရွာ အုပ်စုအတွင်းရှိ ထိန်သေးကုန်းကျေးရွာသည် အိမ်ခြေ ၁၀၆ အိမ်၊ လူဦးရေ ၃၆၉ ဦး ခန့်ရှိပြီး တောင်ရိုးဒေသ ရွာကြီးတစ်ရွာ ဖြစ်ပါကြောင်း၊ ကျောင်းသား ဦးရေ ၇၀ ဦးခန့် ရှိပါကြောင်း၊ ၎င်းမှ မြောင်-ဆုံကုန်း-ဟင်္သာတ လမ်းပေါ်ရှိ အင်ပင်မြို့နှင့် ၇မိုင်ခန့် ကွာဝေးပြီး အင်ပင် တိုက်နယ်ဆေးရုံ၊ အင်ပင် အ.ထ.ကနှင့် အင်ပင် ရဲစခန်းများသို့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးများ အားထားမှီခို နေရပြီး ကျေးလက်ဌာနခွဲ ဆေးခန်းဖြစ်သည့် မြေပြာနှင့် တစ်မိုင်ခန့် ဝေးကွာပါကြောင်း၊ အင်ပင်မြို့သို့ လည်းကောင်း၊ မြေပြာမြို့သို့လည်းကောင်း သွားရောက်နိုင်ရန် ထိန်သေးကုန်း-မြေပြာ-အင်ပင် မြေသားလမ်းပေါ်တွင် ရေသိုးချောင်း ဖြတ်သန်းစီးဆင်းနေပါကြောင်း၊ ရေသိုးချောင်းသည် ရေစီးသန် သည့် တောင်ရွာချောင်း တစ်စင်း ဖြစ်ပါကြောင်း၊ ရိုးမပေါ်ရှိသည့် နတ်မီးတောင် အနောက်ဘက် ကျောက်တောင်၊ ကျော်တောင်၊ သံတောင်တို့မှ ချောင်းဖျား ခံစီးဆင်းပြီး မန်းမြချောင်းအတွင်း စီးဝင်ပါကြောင်း၊ ထိန်သေးကုန်း-မြေပြာ-အင်ပင်လမ်းသည် ဖြတ်လျက်စီးဆင်းသည့် ရေသိုးချောင်း သည် စီးဆင်းရာနေရာတွင် ထိန်သေးကုန်းကျေးရွာ ပြည်သူများမှ ဝါးတံတား၊ ထန်းလုံး တံတားများဖြင့် ဆောက်လုပ်ခဲ့ပြီး ရေစီးအားကြောင့် ပျက်စီးခဲ့ရပါကြောင်း၊ ၂၀၀၀ ခုနှစ်က ထိန်သေးကုန်း ကျေးရွာ ပြည်သူများမှ ကိုယ်ထူကိုယ်ထ အရှည် ၄၆ပေ၊ အကျယ် ၁၂ပေ၊ အမြင့် ၁၂ပေ ရှိသည့် သစ်သားတံတား တစ်စင်း တည်ဆောက်ပြီး ၂၀၁၈ခုနှစ် ဇူလိုင်လတွင် တောင်ကျချောင်းရေကြောင့် ၎င်းတံတား ပျက်စီးခဲ့ရပါကြောင်း၊ ပျက်စီးစဉ်က ကျေးရွာလူ တစ်စု သည် ယာယီဝါးတံတား ထိုးပြီး ဆက်သွယ်ရေး မပြတ်တောက်ရန် ဆောင်ရွက်ခဲ့ပြီး ယခုအခါ မျောပါသွားသည့် တံတားဟောင်းမှ ရနိုင်သမျှ သစ်များဖြင့် သစ်သားတံတား တစ်စင်းကို ကိုယ်ထူ ကိုယ်ထ ဆောက်လုပ်ခဲ့ပါကြောင်း၊ ထိန်သေးကုန်းကျေးရွာသည် တောင်သူလယ်သမား အားလုံး၏ ထုတ်ကုန်များ ဖြစ်ကြသည့် စပါး၊ ပဲမျိုးစုံနှင့် တောင်ယာထွက် ပစ္စည်းများအားလုံးကို ယခုတံတားမှ ဖြတ်သန်း/ သယ်ဆောင်/ ရောင်းဝယ်ရာ ကုန်ထုတ်တံတား တစ်စင်းလည်း ဖြစ်ပါကြောင်း၊ လယ်ယာကုန်ထုတ်လုပ်ငန်းတွင် ပြောင်းလဲလာသည့် အခြေအနေအရ အသုံးပြုလာသည့် စက်ကိရိယာများ ဖြစ်သည့် ရိတ်ချွေစက်များ၊ လက်တွန်း လယ်ထွန်စက်များ၊ သယ်ယူပို့ဆောင်ရေး ယာဉ်ငယ်များသည် ယခုတံတားတွင် ဖြတ်သန်းအသုံးပြုခဲ့ရပါကြောင်း၊ ယခုအခါ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားကုန်ထုတ် လုပ်ငန်းများပါ အသုံးပြုနိုင်သည့် တစ်နှစ်သာခံသည့် တစ်ခါသုံး ယာယီတံတားများအစား ခိုင်မာသည့် အမာခံတံတားတစ်စင်း ပြည်သူများအတွက် မဖြစ်မနေ လိုအပ်ပါကြောင်း၊ သို့ပါ၍ တောင်ရိုးဒေသ လူမှုစီးပွား အဆင်ပြေရန် ထိန်သေးကုန်း-မြေပြာ-အင်ပင်လမ်းပေါ်ရှိ ရေသိုးချောင်း တံတားအား အမာခံ တံတားတစ်စင်း တည်ဆောက်ပေးနိုင် ခြင်း ရှိ/မရှိနှင့် တည်ဆောက်မည်ဆိုပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးမည် ဖြစ်ကြောင်း သိလိုသည့် အတွက် မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်အတွင်းရှိ ရေသိုးချောင်း တံတားသည် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ စီမံခန့်ခွဲသည့် လမ်းအဆင့် သတ်မှတ်ချက် Class(B)၊ ဦးစားပေး အဆင့်(၃)လမ်းဖြစ်သည့် ငှက်ကြီးကွင်း-မှန်တန်း-သဲဘို့ လမ်းပေါ်ရှိ မြေပြာ ကျေးရွာနှင့် ဆက်သွယ်ထားသော ထိန်သေးကုန်း-မြေပြာလမ်းပေါ်တွင် တည်ရှိပါကြောင်း၊ ၎င်းသစ်သား တံတားကို ပေ ၆၀ အရှည် ကွန်ကရစ် တံတားအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ရန် အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်း လျာထားပြီး ရန်ပုံငွေ ရရှိမှုပေါ် မူတည်၍ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။