(ခ)-မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး၌ ဂမ်ဘီယာနိုင်ငံက တရားလိုပြုလုပ်၍ တရားစွဲဆိုမှု ကို ရင်ဆိုင်ဖြေရှင်းရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဦးစီးဌာနမှ လုပ်အားအတွက် ကုန်ကျစရိတ်အဖြစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ဖြည့်စွက်ခွင့်ပြုငွေတောင်းခံသည့် လိုငွေကျပ်သန်း ၆၈၀ တောင်းခံရာတွင် ကျွမ်းကျင်ပညာရှင်ရှေ့နေများ ငှားရမ်းခြင်း၊ သီးသန့်တရားသူကြီးငှားရမ်း ခြင်း၊ ဥပဒေအကြံပေးများ ခန့်အပ်ခြင်းများအား တစ်ဦးချင်းစီအလိုက် မည်မျှကုန်ကျသည်ကို အသေးစိတ်ရှင်းလင်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် ခရီးစရိတ်ကုန်ငွေနှင့် လေးလံပစ္စည်းသယ်ယူစရိတ် များအတွက် ကျပ် ၃၅၁.၆၀၀ သန်းကိုလည်း စနစ်တကျ အသေးစိတ်စိစစ်ရှင်းလင်းပေးရန် အစီအစဉ်ရှိ/မရှိတို့နှင့်စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး၌ ဂမ်ဘီယာနိုင်ငံက တရားလိုပြုလုပ်၍ တရားစွဲဆိုမှု ကို ရင်ဆိုင်ဖြေရှင်းရာတွင် ကျွမ်းကျင်သည့်ပြင်ပ ပညာရှင်ရှေ့နေများ ငှားရမ်းခြင်း၊ မြန်မာဘက်မှ သီးသန့်တရားသူကြီးငှားရမ်းခြင်း၊ အကြံပေးပုဂ္ဂိုလ်များ ခန့်အပ်ခြင်း၊ အမှုကြားနာရင်ဆိုင်ရန် ပြင်ဆင် ခြင်း၊ ကိုယ်စားလှယ်အဖွဲ့ဝင်များဖွဲ့စည်းခြင်း၊ ကျွမ်းကျင်ပညာရှင်များ ငှားရမ်းခြင်းနှင့် အကြံပေး၊ ဥပဒေအကြံဉာဏ်ရယူခြင်း၊ ပြည်တွင်း၊ပြည်ပညှိနှိုင်းအစည်းအဝေးများ ကျင်းပခြင်းစသည့် ကုန်ကျ စရိတ်၊ အသုံးစရိတ်များအတွက် လိုငွေကျပ်သန်း ၆၈၀ အား နိုင်ငံခြားရေးဝန်ကြီးဌာန ဖြည့်စွက်ခွင့်ပြုငွေဖြင့်တောင်းခံထားခြင်းဖြစ်ကြောင်းတောင်းခံသည့်စာရင်းတွင်ဖော်ပြထားပါသည်။ထို့အတူ တရားစွဲဆိုမှု ကို ရင်ဆိုင်ဖြေရှင်းရန်အတွက် နိုင်ငံတော်အကြီးအကဲများနှင့်အဆင့်မြင့်ကိုယ်စားလှယ် များ၊ နယ်သာလန်နိုင်ငံ The Hague မြို့သို့ ရှေ့ပြေးကြိုတင်ရောက်ရှိနေရခြင်း၊ အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ရောက်ရှိစဉ် ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်ကူညီပေးရန် မြန်မာသံရုံး၊ Brussels မြို့မှ သံအမတ်ကြီးနှင့် အရာထမ်းများ၊ နယ်သာလန်နိုင်ငံ The Hague မြို့သို့ ရောက်ရှိရခြင်း၊ ထို့အတူ မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနအသီးသီးမှ နိုင်ငံခြားသို့ အစည်းအဝေး တက်ရောက်ခြင်းမရှိသည့် ဝန်ထမ်းများကိုယ်စား သက်ဆိုင်ရာသံရုံးများမှ ကိုယ်စားလှယ်များက သွားရောက်တက်ရောက်ရခြင်းကြောင့် နှစ်စဉ်ပေးချေရသည့် ခရီးစရိတ်ကုန်ကျငွေများနှင့် လေးလံ ပစ္စည်းသယ်ယူစရိတ် ကုန်ကျငွေနှုန်းထားများ မြင့်မားလာခြင်း၊ သံအမတ်ကြီးများ ပူးတွဲတာဝန် ထမ်းဆောင်ရသောနိုင်ငံများတွင် သံအမတ်ခန့်အပ်လွှာ သွားရောက်ပေးအပ်ရခြင်းများ၊ နိုင်ငံအချင်းချင်း ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရခြင်းများအတွက် ကုန်ကျသည့် ခရီးစရိတ်ငွေနှင့် လေးလံ ပစ္စည်း သယ်ယူစရိတ်များအတွက် ကျပ် ၃၅၁.၆၀၀ သန်းကိုလည်း ဖြည့်စွက်တောင်းခံထားကြောင်း ဝန်ကြီးဌာနက တင်ပြထားသည့်စာရင်းတွင် ဖော်ပြထားပါကြောင်း၊
၎င်းကိစ္စနှင့်ပတ်သက်၍ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၆)ကြိမ်မြောက်ပုံမှန် အစည်း အဝေး ပဉ္စမနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြန်လည်ရှင်းလင်းသွားခဲ့ပါကြောင်း၊ရှင်းလင်းရာတွင် ဝန်ကြီးဌာနအနေဖြင့်ကျွမ်းကျင်ပညာရှင်ရှေ့နေများငှားရမ်းခြင်း၊ သီးသန့်တရားသူကြီး ငှားရမ်းခြင်း၊ ဥပဒေအကြံပေးများခန့်အပ်ခြင်းစသည်တို့အား တစ်ဦးချင်းစီအလိုက်မည်မျှကုန်ကျသည်ကိုအသေး စိတ် ရှင်းလင်းသွားခြင်းမရှိပါကြောင်း၊ ခရီးစရိတ်ကုန်ကျငွေနှင့် လေးလံပစ္စည်းသယ်ယူစရိတ် ကိုလည်း အသေးစိတ်ရှင်းလင်းသွားခြင်းမရှိခဲ့ပါကြောင်း၊ ထိုကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးရာ ဦးစီးဌာနမှ လုပ်အားအတွက်ကုန်ကျငွေတောင်းခံသည့် ကျပ်သန်း ၆၈၀ တောင်းခံရာတွင် ကျွမ်းကျင် ပညာရှင်ရှေ့နေငှားရမ်းခ မည်မျှ၊ သီးသန့်တရားသူကြီးငှားရမ်းခမည်မျှ၊ ဥပဒေအကြံပေး ခန့်အပ် ထားခြင်း တစ်ဦးချင်းစီအတွက် မည်ရွှေ့မည်မျှကုန်ကျသည်ကို အသေးစိတ်သိရှိလိုခြင်းနှင့် ခရီးစရိတ် ကုန်ကျငွေနှင့် လေးလံပစ္စည်းသယ်ယူစရိတ်တို့အတွက်လည်း ကျပ် ၃၅၁.၆၀၀ သန်းကိုလည်း အသေးစိတ်သိရှိလိုကြောင်းမေးမြန်းပါသည်။
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်
ပထမအချက်ဖြစ်သည့် ICJ တွင် တရားရင်ဆိုင်ခြင်းကိစ္စသည် နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွား၊ နိုင်ငံတော်၏ပုံရိပ်တို့နှင့်သက်ဆိုင်သည့် အရေးကြီးကိစ္စဖြစ်သည့်အတွက် တရားရင်ဆိုင်ရာတွင် ကုန်ကျရသည့် ကျွမ်းကျင်ပညာရှင်ရှေ့နေများငှားရမ်းခြင်း၊ ဥပဒေအကြံပေးများခန့်အပ်ခြင်းစသည့်အသုံးစရိတ်များသည် နိုင်ငံတော်၏ ဘဏ္ဍာငွေမှ ကျခံသုံးစွဲခွင့်ရှိသည့် ကိစ္စဖြစ်ပါကြောင်း၊ ၎င်းအသုံးစရိတ်များသည် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သာမန်အသုံးစရိတ်များဖြစ်သည့်အပြင် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာနအောက်တွင်ရှိသည့် ကော်မတီသုံးရပ်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယသမ္မတအဆင့်အထိ တစ်ဆင့်ပြီးတစ်ဆင့် စိစစ်စစ်ဆေးပြီး ထိုမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီတို့မှ အသေးစိတ် အဆင့်ဆင့် စိစစ်အတည်ပြုခွင့်ပြု ပေးခဲ့သည့် အသုံးစရိတ်များ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုကို ဖြေရှင်းရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးရားဦးစီးဌာနများ လုပ်အားခအတွက် ကုန်ကျငွေအဖြစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ် ဖြည့်စွက်ခွင့်ပြုငွေ ကျပ်သန်း ၆၈၀ တောင်းခံခဲ့သည့် ကိစ္စနှင့်စပ်လျဉ်း၍ မေလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ယင်းသို့ဖြည့်စွက်တောင်းခံခဲ့ရခြင်း ကိစ္စသည် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်းကိုလည်း အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏သာမန်အသုံးစရိတ်ခေါင်းစဉ်အောက်မှ သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွင်း ကျခံသုံးစွဲခဲ့သည့် အသုံးစရိတ်ဖြစ်သည့်အတွက် ဌာန၏အတွင်း စာရင်းစစ်အဖွဲ့နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ စာရင်းစစ်အဖွဲ့တို့မှ ဘဏ္ဍာရေးစည်းမျဉ်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးစွဲခြင်းရှိ/မရှိ၊ ရှေ့နေခအသေးစိတ်အပါအဝင် အသုံးစရိတ်များသည် မှန်ကန်မှုရှိ/မရှိတို့ကိုလည်း အစစ်ဆေးခံသွားမည် ဖြစ်ပါကြောင်း၊
ဒုတိယအချက်ဖြစ်သည့် ခရီးစရိတ်ကုန်ကျငွေနှင့် လေးလံပစ္စည်း သယ်ဆောင်မှုစရိတ်စကများအတွက် ကျပ် ၃၅၁.၆၀၀ သန်းကို စနစ်တကျအသေးစိတ်ရှင်းလင်းပေးရန် အစီအစဉ်ရှိ/မရှိ သိလိုခြင်းကိစ္စနှင့်ပတ်သက်ပြီး ဖြေကြားသွားမည် ဖြစ်ပါကြောင်း၊ ၎င်းကိစ္စတွင် ယခုကုန်ကျစရိတ်များသည် ICJ ကိစ္စနှင့်သက်ဆိုင်ခြင်းမရှိပါကြောင်း၊ နိုင်ငံခြားရေးဝန်ထမ်းများပြောင်းရွှေ့ခြင်း၊ တာဝန်အရခရီးထွက်ခွာခြင်း၊ လေးလံပစ္စည်းများသယ်ယူပို့ဆောင်ခြင်းအပါအဝင် ပို့ဆောင်ရေး ဆိုင်ရာအသုံးစရိတ်များနှင့် သက်ဆိုင်ခြင်းဖြစ်ပါကြောင်း၊ ၎င်းအသုံးစရိတ်များသည် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သာမန်အသုံးစရိတ်ဖြစ်သည့်အပြင် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာနအောက်ရှိ ကော်မတီသုံးရပ်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယသမ္မတတို့မှ ပထမအဆင့် အဆင့်ဆင့်စိစစ်စစ်ဆေးပြီး ထိုမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီတို့က အသေးစိတ်အဆင့်ဆင့်စိစစ်အတည်ပြုခွင့်ပြုခဲ့ပြီးဖြစ်သည့် အသုံးစရိတ်များ ဖြစ်ပါကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သာမန်အသုံးစရိတ်ခေါင်းစဉ်အောက်တွင် သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွင်း ကျခံသုံးစွဲခဲ့သည့် အသုံးစရိတ်များဖြစ်သည့်အတွက် ဝန်ကြီး ဌာန၏ အတွင်းစာရင်းစစ်အဖွဲ့နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ်အဖွဲ့မှ ဘဏ္ဍာရေးစည်းမျဉ်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးစွဲခြင်းရှိ/မရှိနှင့် အသုံးစရိတ်များမှန်ကန်မှုရှိ/မရှိကို အသေးစိတ်စစ်ဆေးခံ သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါသုံးစွဲစရိတ်များနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်း၊ ဘဏ္ဍာရေး စည်းမျဉ်း၊စည်းကမ်းများနှင့်မညီညွတ်ကြောင်းတွေ့ရှိပါက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှတဆင့် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည့် ၎င်း၏အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြသွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ICJ တွင် ရင်ဆိုင်နေရသည့် အမှုအတွက် မိမိတို့ငှားရမ်းထားသည့် နိုင်ငံတကာရှေ့နေကြီးများ၏ အခကြေးငွေများ၊ အသုံးစရိတ်များကို အသေးစိတ်ထုတ်ဖော် ပြောကြားခြင်း မပြုရန် ကျင့်ဝတ်ကို လိုက်နာရန်တာဝန်လည်းရှိပါကြောင်း၊ ICJတွင် တရားရင်ဆိုင်ရာတွင် ကုန်ကျရသည့် အသုံးစရိတ်ရှင်းတမ်း၊ ခရီးစရိတ်ကုန်ကျငွေနှင့် လေးလံပစ္စည်း သယ်ယူစရိတ်များ၏အသေးစိတ်ရှင်းတမ်းများကို ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စာရင်းစစ်အဖွဲ့တွင် စစ်ဆေးခံသွားမည်ဖြစ်သည့်အတွက် ပြည်သူ့လွှတ်တော်တွင် သီးခြားရှင်းလင်းတင်ပြရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဒေါက်တာမောင်သင်း(မိတ္ထီလာမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ဝန်ကြီး၏ဖြေကြားချက်အရ မိမိတို့ငှားရမ်းထားသည့် နိုင်ငံတကာရှေ့နေကြီးများ၏ အခကြေးငွေ အသုံးစရိတ်များကို အသေးစိတ်ထုတ်ဖော်ခြင်းမပြုရန် ကျင့်ဝတ်သိက္ခာကိုလိုက်နာရမည်ကို နားလည်ပါကြောင်း၊ မိမိတို့နိုင်ငံကို တရားစွဲဆိုခံရ၍ ရှေ့နေကြီးများငှားရမ်းသည်ကို ပြည်သူများက လက်ခံပါကြောင်း၊ သို့သော် ပြည်သူ့ဘဏ္ဍာငွေဖြစ်၍ မည်မျှသုံးသည်ကို ကျင့်ဝတ်အရ ပွင့်လင်းမြင်သာစွာ သိသင့်သိထိုက်သည်ဟု မြင်ပါကြောင်းဆက်စပ်မေးခွန်းမေးမြန်းပါသည်။
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်
နိုင်ငံခြားရေးဝန်ကြီးဌာနမှသုံးစွဲသည့် သာမန်အသုံးစရိတ်များသည် သာမန်အသုံးစရိတ်များကိုသုံးစွဲသည့် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း၊စည်းကမ်းအတိုင်းသာ မိမိတို့အနေဖြင့်အတွင်းစာရင်းစစ်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ်အဖွဲ့တို့ကို အသေးစိတ်အစီရင်ခံမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏တင်ပြသည့် အစီရင်ခံစာကို ထုတ်ပြန်ခြင်း၊ မထုတ်ပြန်ခြင်းသည် သက်ဆိုင်ရာအဖွဲ့အစည်း၏တာဝန် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ဝန်ကြီးဌာန၏ သာမန်ငွေစာရင်း သုံးစွဲမှုလုပ်ထုံးလုပ်နည်း စစ်ဆေးခံယူသည့် လုပ်ထုံးလုပ်နည်းအတိုင်း လိုက်နာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြန်လည်ဖြေကြားပါသည်။
