မြင်းခြံမြို့နယ်မှ နည်းပညာကောလိပ်ကို နည်းပညာ တက္ကသိုလ်အဖြစ် အဆင့်မြှင့် ပေးနိုင်ခြင်း ရှိ/မရှိ သိလိုခြင်းနှင့် ပတ်သက်သည့်အတွက် မေးမြန်းသွားမည်ဖြစ်ကြောင်း၊ အစိုးရ နည်းပညာ ကောလိပ် (မြင်းခြံ)ကို ၂၀၀၄-၂၀၀၅ ပညာသင်နှစ်ကစပြီး စက်မှုလက်မှု သိပ္ပံ(မြင်းခြံ)အဖြစ် စတင် ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀-၁-၂၀၁၇ ရက်နေ့တွင် အစိုးရနည်းပညာ ကောလိပ်(မြင်းခြံ)အဆင့်သို့ တိုးမြှင့် ဖွင့်လှစ်ခဲ့ပါကြောင်း၊ စတင်ဖွင့်လှစ်ခဲ့သည့် အချိန်တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အထိ B.E သင်တန်းများ အထိ ဖွင့်လှစ် သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစ၍ AGTI သင်တန်းသားများကို ဖွင့်လှစ်သင်ကြားပေးခဲ့ပါကြောင်း၊ လက်ရှိအချိန်တွင် ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနအောက်တွင် AGTI ဒီပလိုမာ သုံးနှစ် သင်တန်းများကိုသာ ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါကြောင်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် B.E သင်တန်းသား ၃၈၇ ယောက်၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် B.E သင်တန်းသား ၂၃၉ ယောက် တို့ကို ဆက်လက် ပညာသင်ကြားပေးလျက် ရှိပါကြောင်း၊ အစိုးရ နည်းပညာ ကောလိပ်(မြင်းခြံ)သည် ၂၀၀၇-၂၀၀၈ ပညာသင်နှစ်မှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အထိ B.E ဘွဲ့ရ ၂၂၇၄ ဦး၊ B.Tech ဘွဲ့ရ ၂၆၀၉ ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် M.E ရှစ်ဦး ကိုလည်း မွေးထုတ် ပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၀၃-၂၀၀၄ ပညာသင်နှစ်မှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အထိ AGTI ၈၄၀၈ ဦးကို ပညာသင်ကြား ပေးခဲ့ပါကြောင်း၊ အစိုးရ နည်းပညာ ကောလိပ်၏ မြေနေရာ အကျယ်အဝန်းသည် ၃၀.၇၁ ဧကရှိပြီး အခန်း ၄၄ ခန်းပါသည့် နှစ်ထပ်ခွဲ ပင်မစာသင်ဆောင်၊ အခန်း ၃၄ ခန်းပါ နှစ်ထပ်တိုးချဲ့ စာသင်ဆောင်၊ ဆရာ/ဆရာမအဆောင် တစ်ထပ်ဆောင် သုံးဆောင်၊ ဆရာ/ဆရာမ အဆောင် လေးထပ်ဆောင် သုံးဆောင်၊ ကျောင်းသားအဆောင် သုံးထပ် နှစ်ဆောင်၊ ခြောက်ခန်းတွဲ ဝန်ထမ်းအိမ်ရာ တစ်ထပ်ဆောင် သုံးဆောင် စသဖြင့် ရှိကြပါကြောင်း၊ သင်ကြား၊ စီမံဝန်ထမ်းအင်အား စုစုပေါင်း ၁၄၁ ဦး ရှိပါကြောင်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မြင်းခြံ၊ ခရမ်းက ကျောင်းသား ကျောင်းသူ ၃၀၀ ခန့်သည် နည်းပညာ ကောလိပ်၊ တက္ကသိုလ် မရှိသည့်အတွက် တခြားမြို့များရှိ နည်းပညာ တက္ကသိုလ်ကို သွားပြီး ပညာသင်ကြား ခဲ့ကြရပါကြောင်း၊ သို့ဖြစ်ပါ၍ မြင်းခြံခရိုင်မှ နည်းပညာ တက္ကသိုလ်သို့ တက်ရောက်ခွင့်ရှိသူများ မိမိဒေသတွင် ပညာ ဆက်လက်သင်ကြားနိုင်ရန် ဆရာ၊ ဆရာမ ဦးရေ ပြည့်စုံခြင်း၊ ဆရာ၊ ဆရာမအဆောင်၊ ကျောင်းသားအဆောင်နှင့် ဝန်ထမ်းအိမ်ရာများ ပြည့်စုံမှု ရှိခြင်း၊ စာသင်ဆောင် ပြည့်စုံမှု ရှိခြင်း၊ လက်တွေ့သင်ကြားသည့် အလုပ်ရုံ ပြည်စုံမှုရှိခြင်း တို့ကြောင့် နည်းပညာ၊ အသက်မွေးပညာနှင့် လေ့ကျင့်ရေး ပညာဦးစီးဌာနအောက်ရှိ နည်းပညာ ကောလိပ်ကို နည်းပညာ တက္ကသိုလ် (မြင်းခြံ) အဖြစ် တိုးမြှင့်ဖွင့်လှစ်နိုင်ခြင်း ရှိ/မရှိနှင့် တိုးမြှင့်ပေးပါက မည်သည့် ပညာသင်နှစ်တွင် တိုးမြှင့်ဖွင့်လှစ်ပေးမည်၊ တိုးမြှင့် မပေးနိုင်ပါက မည်သည့်အတွက်ကြောင့် တိုးမြှင့် မပေးနိုင်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
မန္တလေး တိုင်းဒေသကြီးတွင် ခရိုင် ၇ ခု ရှိပါကြောင်း၊ မြင်းခြံခရိုင်တွင် အစိုးရ နည်းပညာ ကောလိပ်(မြင်းခြံ)၊ အစိုးရနည်းပညာ အထက်တန်းကျောင်း (မြင်းခြံ)၊ မန္တလေးခရိုင်တွင် အစိုးရ စက်မှုလက်မှု သိပ္ပံ (မန္တလေး)၊ အစိုးရနည်းပညာ အထက်တန်းကျောင်း (မန္တလေး)၊ ပြင်ဦးလွင်ခရိုင်တွင် အစိုးရ စက်မှုလက်မှု သိပ္ပံ (ပြင်ဦးလွင်)၊ ညောင်ဦးခရိုင်တွင် အစိုးရ စက်မှုလက်မှု သိပ္ပံ(ကျောက်ပန်းတောင်း)၊ ကျောက်ဆည်ခရိုင်တွင် အစိုးရ စက်မှုလက်မှု သိပ္ပံ (ကျောက်ဆည်)၊ မိတ္ထီလာခရိုင်တွင် အစိုးရနည်းပညာ အထက်တန်းကျောင်း (မိတ္ထီလာ)တို့ကို ဖွင့်လှစ်ထားပြီး သက်မွေးပညာရပ်များကို ပုံမှန်သင်တန်းနှင့် ဒေသနှင့်ကိုက်ညီသည့် ကာလတို သက်မွေးပညာသင်တန်းများ လေ့ကျင့် ဆောင်ရွက်ပေးနေပါကြောင်း၊
မန္တလေးတိုင်းဒေသကြီးအတွင်းတွင် မန္တလေးတက္ကသိုလ် အပါအဝင် ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ် လေးခု၊ နိုင်ငံခြား ဘာသာသင် တက္ကသိုလ် တစ်ခု၊ စီးပွားရေး တက္ကသိုလ် တစ်ခု၊ နည်းပညာနှင့် ကွန်ပျူတာ တက္ကသိုလ် ၁၁ ခု၊ ဒီဂရီကောလိပ် နှစ်ခု၊ အဝေးသင် တက္ကသိုလ် တစ်ခုနှင့် ပညာရေးကောလိပ် နှစ်ခုတို့ကို အဆင့်မြင့်ပညာကဏ္ဍဖြစ် ဖွင့်လှစ် သင်ကြားပေးနေပါကြောင်း၊ ကိုယ်စားလှယ်တော် ကြီး တင်ပြသည့် မြင်းခြံ နည်းပညာကောလိပ်သည် နည်းပညာနှင့်သက်မွေး၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်တွင် နည်းပညာနှင့်သက်မွေးအတွက် သီးသန့်ဖွင့်လှစ်ဆောင်ရွက် လျက်ရှိသဖြင့် နည်းပညာတက္ကသိုလ်ဖြင့် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားပါသည်။
