(ဂ)-မြန်အောင်မြို့နယ်ရှိလျှပ်စစ်မြစ်ရေတင်စီမံကိန်း (၃)ခုနှင့်ကညင်ဆည်၊မမြဆည်ဆည်ကြီးတို့၏ ရေ သွင်းရေထုတ်စနစ်များကောင်းမွန်မှုမရှိပါသဖြင့်နိုင် ငံတော်မှဖြည့်ဆည်းဆောင်ရွက်ပေးရန်အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၃၃)ရက်မြောက်နေ့ (၂၅.၃.၂၀၁၅)

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်မိမိတို့ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးတိုင်းပြည်ဖြစ်ပြီး နိုင်ငံတော်အစိုးရ၏ မူဝါဒဖြစ်သော ဆင်းရဲနွမ်းပါးမှုလျော့ချရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးပါကြောင်း၊ ကျေးလက်ဒေသများသည် စိုက်ပျိုးရေးကို အဓိကထားပြီး လုပ်ကိုင်ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် စိုက်ပျိုးရေးအောင် မြင်စေရန် အဓိကထားပြီး လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးလောကတွင် No Water၊ No Agric  ဆိုသကဲ့သို့ ရေမရှိဘဲ စိုက်ပျိုးရေး လုပ်၍ မရပါကြောင်း၊ ရေများပိုလျံပြီး အလဟသ ဖြစ်နေပါကလည်း ရေကြောင့်ဒုက္ခဖြစ်ပြီး စိုက်ပျိုးရေးသည် မဖြစ်ထွန်းပါကြောင်း၊ နိုင်ငံတော်တွင် စိုက်ပျိုးရေးရရှိစေရန် ဆည်မြောင်းကြီးများ၊  မြစ်ရေတင်စီမံကိန်းကြီးများ ပြုလုပ်ပေးပါကြောင်း၊ ရေများကို စိုက်ပျိုးရေးတွင် ထိထိရောက်ရောက် အသုံးချနိုင်ရန် Water management မှ ရေကို စနစ်တကျစီမံခန့်ခွဲရန် လိုအပ်ပါကြောင်း၊ ရေသွင်းမြောင်းများ၊ ရေသွင်းစနစ်များ၊ လက်တံမြောင်းများ၊ ကောင်းမွန်ရန် လိုအပ်သကဲ့သို့ ရေတံခါးများ၊ ရေထုတ်မြောင်းများကောင်းမွန်ရန်လည်း အရေးကြီးပါကြောင်း၊ ထိုကဲ့သို့ အရေးကြီးသော လုပ်ငန်းများကို မိမိတို့မြို့နယ်တွင် ကြည့်ရှုစစ်ဆေးအခါ  ပိုလျံရေများ အလဟသဖြစ်ကာ စိုက်ပျိုးရေးတွင် တောင်သူများ စိတ်ပျက်ဝမ်းနည်းပြီး စိုက်ပျိုးရေးကိုမလုပ်ချင်ဘဲ လုပ်နေရသည့်အဆင့်အထိ ဖြစ်နေပါကြောင်း၊ ရေများ အလဟသဖြစ်ခြင်းသည် နိုင်ငံတော်အတွက် ဆုံးရှုံးသကဲ့သို့ ပြည်သူများအတွက်လည်း နစ်နာနေပါကြောင်း၊ တောင်သူလယ်သမားများ စိုက်ပျိုးရေးကိုလုပ်ကိုင်သည့်နေရာတွင်  စိုက်ပျိုးသီးနှံအလိုက် လိုအပ်သောရေကို ထိန်းချုပ်ပြီး ပေးနိုင်မှသာလျှင် စိုက်ပျိုး‌ရေးသည် အောင်မြင်ပါကြောင်း၊ နိုင်ငံတော်မှ နည်းပညာများ ပံ့ပိုးစီစဉ်ပြီး ကူညီမည်ဆိုပါက စိုက်ပျိုးရေးကဏ္ဍ တစ်ဟုန်ထိုး တိုးတက်လာမည်ဖြစ်ပါကြောင်း။

ထို့ကြောင့် မိမိတို့ မြန်အောင်မြို့နယ်တွင် လျှပ်စစ်မြစ်ရေတင်စီမံကိန်းကြီး ၃ ခုနှင့် မမြဆည်တို့၊ ကညင်ဆည်ကြီးများရှိသော်လည်း ရေပေးဝေသည့်စနစ်များ ပြီးပြည့်စုံမှု၊ ကောင်းမွန်မှု မရှိပါသဖြင့် နိုင်ငံတော်မှ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
အဖြေ

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ရှိ မြစ်ရေတင်စီမံကိန်း ၃ ခုအနက် ကန်ဇွန်းခုံမြစ်ရေတင်စီမံကိန်း၊ အကျိုးပြုဧက ၅၀၀၀ အား ၂၀၀၉-၁၀ ခုနှစ်နှင့် ငပိတ်ဆိပ်မြစ်ရေတင်စီမံကိန်း၊ အကျိုးပြုဧက ၇၀၀၀ အား ၂၀၀၉-၁၀ ခုနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်း၊ မြစ်ကျိုးမြစ်ရေတင်စီမံကိန်း၊ အကျိုးပြုဧက ၁၀၀၀၀ အား ၂၀၀၄-၂၀၀၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး စီမံကိန်းလုပ်ငန်းတစ်ခုလုံး၏ ၅၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီး ဆောင်ရွက်ဆဲစီမံကိန်းဖြစ်ပါကြောင်း၊ ၂၀၁၀ ခုနှစ်တွင် ပင်မရေတင်စခန်းတည်နေရာ၌ ဧရာဝတီမြစ် သဲသောင်ထွန်း၍ ရေလမ်းကြောင်းပြောင်းလဲမှုကြောင့် စီမံကိန်းအား ရပ်နားထားခဲ့ပြီး ဆောင်ရွက်ပြီးစီးသည့်အပိုင်းအား ရေပေးဝေနိုင်ရန်အတွက် သဲသောင်တူးဖော်ခြင်း၊ ဖယ်ရှားရှင်းလင်းခြင်း၊ ရေလမ်းကြောင်းပြန်လည် ကောင်းမွန်စေရေးအတွက် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင်‌့ ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း။

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်အတွင်းရှိ မြစ်ရေတင်စီမံကိန်း ၃ ခုအနက် ဆောင်ရွက်ပြီးသော ကန်ဇွန်းခုံမြစ်ရေတင်စီမံကိန်းနှင့် ငပိဆိပ်မြစ်ရေတင်စီမံကိန်းများအား ၂၀၁၂-၁၃ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အုပ်ချုပ်မှုအောက်သို့ လွှဲပြောင်းပေးအပ်ပြီးဖြစ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ရေပေးဝေခြင်းနှင့် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ပြင်ဆင်ထိန်းသိမ်းခြင်း၊ ဖြည့်စွက်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြစ်ရေတင်စီမံကိန်း များ၏ ရေပေးမြောင်းများသည် မြေသားမြောင်းများ ဖြစ်ခြင်းနှင့် မိုးရွာသွန်းမှုများပြားသည့် ဒေသဖြစ်ခြင်းတို့ကြောင့် မြေသားရေပေးမြောင်းများ ပျက်စီးခြင်းနှင့် ရေပေးမြောင်းများအတွင်း ချုံနွယ်များ ထူထပ်စွာပေါက်ရောက်ခြင်း များ ဖြစ်ပေါ်ခဲ့ပါကြောင်း။

အဆိုပါ မြစ်ရေတင်စီမံကိန်း ၂ ခုတွင် နှစ်အလိုက်ခွင်‌့ပြုရန်ပုံငွေဖြင့် ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၄-၁၅ ခုနှစ်အတွင်း တိုင်းဒေသကြီးခွင့်ပြုရန်ပုံ ငွေကျပ် ၅၃.၉၀ သန်းဖြင့် အထိရောက်ဆုံးနှင်‌့ အကျိုးသက်ရောက်မှု အများဆုံးဖြစ်စေမည့် ရေပေးမြောင်းပြင်ဆင်မှုများကို တောင်သူများနှင့် ညှိနှိုင်း၍ ကန်ဇွန်းခုံမြစ်ရေတင်စီမံကိန်းတွင် ဧက ၁၂၀၀ ရေပေးဝေနိုင်မည့် ပင်မမြောင်းနှင့် လက်တံမြောင်းအပါအဝင် ရေပေး‌မြောင်း ၇ မြောင်း၊ ငပိဆိပ်မြစ်ရေတင်စီမံကိန်းတွင် ဧက ၈၀၀ ရေပေးဝေနိုင်မည့် ပင်မမြောင်းနှင့် လက်တံမြောင်းအပါအဝင် ရေပေးမြောင်း ၄ မြောင်း၊ စုစုပေါင်းဧက ၂၀၀၀ ရေပေးဝေနိုင်မည့် ရေပေးမြောင်း ၁၁ မြောင်း ပြုပြင်ခြင်းကို ဆောင်ရွက်ခဲ့ပြီး ကန်ဇွန်းခုံမြစ်ရေတင်စီမံကိန်းတွင် နွေစပါး  ၁၀၀၀ ဧကနှင့် ငပိဆိပ်မြစ်ရေတင်စီမံကိန်းတွင် နွေစပါး ၄၀၀ ဧက၊ စုစုပေါင်းလျာထား ၁၄၀၀ ဧကအား စိုက်ပျိုးရေ ပေးဝေလျက်ရှိပါကြောင်း၊ ကျန်ကာလတွင်လည်း တောင်သူများ၏ စိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင်မှု အပေါ်မူတည်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တိုးချဲ့ရေပေးဝေနိုင်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်နှင့် အင်္ဂပူမြို့နယ်တွင် စိစစ်ပြီး လယ်မြေ ၈၄၀၀ ဧကခန့် ဆည်ရေပေးဝေနိုင်ရန် ရည်ရွယ်၍ မြန်အောင်မြို့နယ်တွင် မမြရေလှောင်တမံစီမံကိန်းကို တည်ဆောက်ခဲ့ရာ တမံတည်ဆောက်ရေးလုပ်ငန်းကို ၂၀၀၇-၂၀၀၈ ခုနှစ်တွင် ပြီးစီးခဲ့ပါကြောင်း၊ ဆည်ရေသောက်စနစ် တည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပြီးစီးပြီဖြစ်၍ စိုက်ပျိုးရေ ပေးဝေနိုင်ပြီဖြစ်ပါကြောင်း၊ နှစ်အလိုက်ဆည်ရေ သောက်စနစ် ပြီးစီးသည့်ဧရိယာကို စိုက်ပျိုးရေ အပြည့်အဝ ပေးဝေနိုင်ပါကြောင်း၊ တောင်သူများ၏ ဆန္ဒအရ နွေစပါးထက် ပဲမျိုးစုံကိုသာ စိုက်ပျိုးလိုကြပါကြောင်း၊ ဆည်ရေပေးဝေနိုင်သောဧကအတိုင်း နွေစပါးနှင်‌့ ပဲမျိုးစုံကို စိုက်ပျိုးလျက်ရှိကြပါကြောင်း၊ မမြဆည်မှ နှစ်အလိုက် ရေပေးဝေစိုက်ပျိုးမှုကို လေ့လာကြည့်ပါက အများဆုံးနွေစပါး ၂၅၀၀ ဧကကျော်သာ စိုက်ပျိုးခဲ့ပြီး၊ ကျန်ရေပေးဝေနိုင်သော ဧကများတွင် ပဲမျိုးစုံ အပြည့်အဝစိုက်ပျိုးခဲ့သည်ကို စိစစ်တွေ့ရှိရပါကြောင်း။

ထို့ပြင် အင်္ဂပူမြို့နယ်နှင့် မြန်အောင်မြို့နယ်ရှိ လယ်မြေဧရိယာ ၂၅၀၀၀ ဧကကို ဆည်ရေပေးဝေနိုင်ရန် ရည်ရွယ်၍ အင်္ဂပူမြို့နယ်တွင် ကညင်ရေလှောင်တမံစီမံကိန်းကို တည်ဆောက်ခဲ့ရာ တမံတည်ဆောက်ရေး လုပ်ငန်းများ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ပြီးစီးခဲ့ပါကြောင်း၊ ဆည်ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်းအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အထိ ၇၃ ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်၍ လယ်ယာမြေ ၁၂၉၀၀ ဧကအား စိုက်ပျိုးရေပေးဝေနိုင်ပြီဖြစ်ပါကြောင်း၊ ဆည်ရေပေးဝေနိုင်သော ဧကအတိုင်း နွေစပါးနှင့် ပဲမျိုးစုံကို စိုက်ပျိုးလျက်ရှိပါကြောင်း၊ ကညင်ဆည်မှ နှစ်အလိုက်ရေပေးဝေစိုက်ပျိုးမှုကို လေ့လာကြည့်ပါက အများဆုံးနွေစပါး ၂၁၀၀ ဧကသာ စိုက်ပျိုးခဲ့ပြီး ကျန်ရေပေးဝေနိုင်သော ဧကများတွင် ပဲမျိုးစုံ အပြည့်အဝစိုက်ပျိုးခဲ့သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ မမြရေလှောင်တမံနှင့် ကညင်ရေလှောင်တမံ ဆည်ရေသောက်စနစ်အတွင်းရှိ တည်ဆောက်ပြီးဖြစ်သော ရေထုတ်ပြွန်၊ ရေတံခါး၊ ရေပေးမြောင်းများနှင့် ရေပေးအဆောက်အဦများအား အရည်အသွေးပြည်‌့မီကောင်းမွန်အောင် တည်ဆောက်ခဲ့ပြီး မိုးစပါး၊ နွေစပါးနှင့် အခြားသီးနှံများ လျာထားဧကအပေါ်မူတည်၍ ရေကိုရေလှည်‌့ဇယားဖြင့် စနစ်တကျပေးဝေလျက် ရှိပါကြောင်းနှင့် ကညင်ဆည်တွင်ဆောင်ရွက်ရန် ကျန်ရှိသော ရေသောက်စနစ် တည်ဆောက်ခြင်း လုပ်ငန်းများကို ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စီမံကိန်းများတွင် ရေသွင်းရေထုတ်စနစ်များ မည်မျှပြည့်စုံစွာ တည်ဆောက်ထားစေကာမူ တောင်သူအချင်းချင်း ညှိနှိုင်းမှုမရှိဘဲ မိမိစိုက်ပျိုးလိုသော သီးနှံများကို ၎င်းတို့ ဆန္ဒအတိုင်း ရောနှောစိုက်ပျိုးထားကြပြီး၊ ရေပေးဝေမှု ပြုလုပ်ရမည်ဆိုပါက ထိရောက်အောင်မြင်သော ရေပေးဝေမှုပြုလုပ်ရန် ခက်ခဲမှုရှိသကဲ့သို့ သီးနှံအောင်မြင်ဖြစ်ထွန်းမှုကိုလည်း များစွာထိခိုက်နိုင်မည် ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကို လိုသလို ထိန်းချုပ် ပေးဝေနိုင်ရန် ရေအသုံးပြုသူ တောင်သူအစုအဖွဲ့အလိုက်၊ မြောင်းစနစ်အလိုက် ညီညွတ်စွာ ပူးပေါင်းဆောင်ရွက် ရန်နှင့် ရေပေးမြောင်းစနစ်အလိုက် သီးနှံမျိုးတူကို အစုအဖွဲ့အလိုက် ချိန်ကိုက်စိုက်ပျိုးရန် အထူးလိုအပ်ပါကြောင်း၊ ထိုသို့ သီးနှံပုံစုံသတ်မှတ်စိုက်ပျိုးသည့်စနစ်နှင့် ရေထိန်းချုပ်ပေးဝေသည့်စနစ်တို့ သဟဇာတဖြစ်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့များမှ တောင်သူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြို့နယ်စိုက်ပျိုးရေး ညှိနှိုင်းမှုအဖွဲ့များ၏ ကြိုးစားမှုနှင့် စွမ်းဆောင်ရည် မြင့်မားမှုအပေါ် မူတည်၍ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးကျော်မြင့် (မြန်အောင်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

ဆာဒူဂျောင်ကျေးရွာအုပ်စု၊ လာပေါက်ကျေးရွာအုပ်စု၊ ကွင်းကြီးထောင့်ကျေးရွာအုပ်စုတွင် ဆည်ရေသောက်စနစ်တွင် ရေကိုလိုအပ်သလို မထိန်းချုပ်နိုင်သည့်အတွက်  ရေများထွက်စရာမရှိဘဲ လယ်မစိုက်သဖြင့် ခြုံတောကြီးများဖြစ်သွားသည့်အတွက် ရေသွင်းရေထုတ်စနစ်ကို မှန်မှန်ကန်ကန်ကို စနစ်တကျလုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်

Water management ဆိုသည်မှာ တစ်ဌာနကတည်းက ပြုလုပ်၍ မရပါကြောင်း၊ အဓိကအားဖြင့် စိုက်ပျိုးသည့်တောင်သူများ၊ ရေပေးဝေသည့်ဌာနများ၊ စိုက်ပျိုးရေးဌာနများ ပူးပေါင်းညှိနှိုင်းပြီးပါက သီးနှံစိုက်ပျိုးသော  Trope Purity နှင့်အတူ စိုက်ချိန်အားလုံးကို မြောင်စနစ်ဆို မြောင်းစနစ်အလိုက် သီးနှံကိုအတူစိုက်ပြီး အတူရေယူသည့် စနစ်မျိုးလုပ်မည်ဆိုပါက Water management ကို လွယ်ကူစွာဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့် စိုက်ချင်သလိုစိုက်ပျိုးပါက မိမိတို့အနေဖြင့် ရေပေးဝေရသည်မှာ ခက်ခဲပါသဖြင့် မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းရေးမှုအဖွဲ့နှင့် တောင်သူများ အသီးစိုက်မည့်အချိန်တိုင်းကို ကြိုတင်ညှိနှိုင်းပြီး စိုက်ပျိုးမည်ဆိုပါက ရေထိန်းညှိပေးဝေရန် လွယ်ကူမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဥက္ကဋ္ဌကြီးက သုံးသပ်ပြောကြားသွားပါသည်။

တင်ပြချက်များ မှန်/မမှန်ကို မြေပြင်တွင် စစ်ဆေးပြီး ရလာဒ်အပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မေးပေးယုံဖြင့် လုံလောက်မည့်ကိစ္စ မဟုတ်သဖြင့် မိမိအနေဖြင့် မေးမြန်းချက်သည် မှန်/မမှန် စိစစ်ပြီး မှန်သည်ဆိုပါက မည်သို့ ဖြေရှင်းပေးရမည်ကို အဖြေရှာရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအနေဖြင့် ဆက်လက်ဆောင်ရွက်မှ သိမည်ဟု ထင်မိပါကြောင်း၊ မိမိတို့ လွှတ်တော်ဘက်ကလည်း လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်ပေးသွားပါမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားသွားပါသည်။