၂၀၁၉-၂၀ ပညာသင်နှစ်တွင် တာဝန်ကျဆရာ၊ဆရာမများ စေလွှတ်ပေးခြင်းမရှိသည့်အတွက် နစ်နာနေရသည့် ကျောင်းများဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့ခေါင်လန်ဖူးမြို့နယ်တွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် တရားဝင် ကျောင်းဖွင့်လှစ်သင်ကြားနေသည့် အခြေခံပညာကျောင်း ပေါင်း (၇၅) ကျောင်းရှိသည့်အနက် အ.မ.က(ခွဲ) ခီဆီဒီကျောင်း၊ အ.မ.က(ခွဲ) ကျီးဒူကျောင်းနှင့် အ.မ.က(ခွဲ) ဇာလင်းကျောင်းများအား ၂၀၁၈-၁၉ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် လူထုကျောင်းမှ အ.မ.က(ခွဲ)အဆင့် တိုးမြှင့်ဖွင့်လှစ်ခွင့် ရရှိခဲ့သည့်ကျောင်းများဖြစ်ပါကြောင်း၊ သို့သော် ဝန်ကြီးဌာနမှ တရားဝင်ဖွင့်လှစ်ခွင့်ရရှိသည့်ကျောင်းများဖြစ်သော်လည်း ၂၀၁၉-၂၀ ပညာသင်နှစ်တွင် တာဝန်ကျဆရာ၊ဆရာမများ ခန့်ထားပေးနိုင်ခြင်းမရှိသည့်အတွက် ဒေသခံ ကျောင်းသား၊ကျောင်းသူများ များစွာနစ်နာဆုံးရှုံးမှုရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊
မိဘများက အဆိုပါကျောင်းများတွင် စာသင်ကြားပေးနိုင်သည့် ဆရာ၊ဆရာမများ ငှားရမ်းရန် ကုန်ကျစရိတ်မတတ်နိုင်ပါသဖြင့် အခက်အခဲများစွာကြုံတွေ့နေသည်ကို တွေ့ရှိနေရပါကြောင်း၊ မိမိအနေဖြင့် ခေါင်လန်ဖူးမြို့နယ်တွင် ရှိသည့်စာသင်ကျောင်းများမှာ တစ်ကျောင်းနှင့်တစ်ကျောင်း အလွန်ဝေးကွာသည့်အပြင် လမ်းခရီးမှာလည်း များစွာခက်ခဲမှုရှိသဖြင့် ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခွင့် ရရှိသည့်ကျောင်းများအတွက် တာဝန်ကျဆရာ၊ဆရာမများ အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံးခန့်ထား ပေးသင့်သည်ကို တင်ပြလိုပါကြောင်း၊ အဆိုပါ အ.မ.က(ခွဲ) ခီဆီဒီကျောင်း၊ အ.မ.က (ခွဲ) ကျီးဒူ ကျောင်း နှင့် အ.မ.က(ခွဲ) ဇာလင်းကျောင်းများတွင် တက်ရောက် ပညာသင်ကြားကြမည့် ကျောင်းသူ၊ ကျောင်းသားများ၏ မိဘများက လာမည့်ပညာသင်နှစ်တွင် ယခင်နှစ်ကဲ့သို့ စာသင်ကြားပေးမည့် တာဝန်ကျဆရာ၊ ဆရာမများ မရောက်ရှိဘဲ မိမိ၏သားသမီးများ စာသင်ကြားခွင့် ဆုံးရှုံးမည်ကို စိတ်ပူ လျက်ရှိကြောင်း တင်ပြလာသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဝေးလံခက်ခဲပြီး ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေသည့်ဒေသရှိ ကျောင်းသူ၊ ကျောင်းသားများ ပညာရည်မြင့်မားလာစေရန်အတွက် အဆိုပါ အ.မ.က(ခွဲ)ကျောင်း (၃) ကျောင်းအား လာမည့်ပညာသင်နှစ်တွင် တာဝန်ကျဆရာ၊ ဆရာမများ ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ အ.မ.က(ခွဲ) ခီဆီဒီးကျောင်း၊ အ.မ.က (ခွဲ) ကျီးဒူ ကျောင်းနှင့် အ.မ.က(ခွဲ) ဇာလင်းကျောင်း (၃) ကျောင်းအတွက် ၂၀၁၉-၂၀ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ဆရာအသစ် ဖြည့်ဆည်းခန့်ထားနိုင်ခြင်း မရှိသော်လည်း ခီဆီဒီ အခြေခံပညာမူလတန်းကျောင်းခွဲအတွက် ရှီလမ်ဒမ်း အခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြဆရာ (၁)ဦး၊ ကျီးဒူ အခြေခံပညာမူလတန်းကျောင်းခွဲအတွက် ရပ်မားအခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြဆရာ (၁)ဦးနှင့် ဇာလင်း အခြေခံပညာမူလတန်းကျောင်းခွဲအတွက် ဆရမ်ဖာ အခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြဆရာ (၁)ဦးစီကို ယာယီတွဲဖက်သင်ကြားရေး ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ လာမည့် ၂၀၂၀-၂၁ ပညာသင်နှစ် ဆရာ၊ ဆရာမများ အပြောင်းအရွှေ့ ဆောင်ရွက်ချိန်တွင် ပြောင်းရွှေ့တာဝန်ချထားပေးမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ပညာရေးကောလိပ် များမှ PPTT နှင့် PPET သင်တန်းဆင်းများကို ခန့်ထားရန်ရှိပါကြောင်း၊ ဤခန့်ထားရေး ဆောင်ရွက်ချိန်တွင် ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ခီဆီဒီ အခြေခံပညာမူလတန်းကျောင်းခွဲ၊ ကျီးဒူ အခြေခံပညာမူလတန်းကျောင်းခွဲနှင့် ဇာလင်း အခြေခံပညာမူလတန်းကျောင်းခွဲတို့အတွက် ဆရာ၊ဆရာမများ ခန့်ထားနိုင်ရေးကို ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
