(ဂ)-တမူးမြို့မှအိန္ဒိယနိုင်ငံ၊ အင်ဖာမြို့ထိ တရားဝင် သွားလာခွင့်ရရှိနိုင်ရန်မည်သည့်အချိန်တွင်စီမံဆောင် ရွက်ပေးမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ (၂၀.၁၀.၂၀၁၄)

ဦးခင်မောင်ရွှေ (တမူး)စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်သည် အိန္ဒိယ-မြန်မာနယ်စပ်မြို့ဖြစ်ပြီး တစ်ဖက်နိုင်ငံ မိုးရေးမြို့နှင့် နေ့စဉ် သွားလာလုပ်ကိုင်ဆောင်ရွက်နေကြပါကြောင်း၊ အိန္ဒိယနိုင်ငံ၊ အင်ဖာမြို့သည် တမူးနယ်စပ် မိုးရေးမြို့မှ မိုင် ၉၀ ခန့် ဝေးပါကြောင်း၊ ၎င်း မြို့နယ်၏ ဆေးရုံ၊ ဆေးခန်း၏အဆင့်အတန်းသည် မန္တလေးမြို့၊ ရန်ကုန်မြို့မှာရှိသော ဆေးရုံအဆင့်အတန်းနီးပါးမှရှိပြီး စက်ပစ္စည်းကိရိယာများ၏ စမ်းသပ်မှုသည်လည်း အဆင့်မြင့်မားပါကြောင်း၊ ထို့ကြောင့် တမူးမြို့မှ ဆေးကုသမှု ခံယူလိုသူများသည် အင်ဖာမြို့ကို နည်းလမ်းအမျိုးမျိုးဖြင့် သွားရောက် နေကြရသည့်အတွက် သွားရေးလာရေး အဆင်မပြေကြပါကြောင်း၊

သို့သော်လည်း တရားဝင်ခွင့်ပြုခြင်းဖြင့် သွားရောက်ရခြင်း မဟုတ်သည့်အတွက် လမ်းတွင်အခက်အခဲ အမျိုးမျိုး နှင့် တွေ့ရပြီး ဆေးကုသမှုမသွားရောက်နိုင်ဘဲ လမ်းခုလတ်မှာပင် ပြန်လာရပြီးမှ အစစ်အဆေး၊ အမေးအမြန်းထူခြင်း အပြင်မလိုလားအပ်သည့် ပြဿနာများလည်း ဖြစ်ပွားလာကြောင်း တွေ့ရှိခဲ့ရပါသည်။ မိမိတို့ တမူးမြို့နယ်ရှိ အငြိမ်းစားကျောင်းဆရာကြီးတစ်ဦး အိမ်ပေါ်မှပြုတ်ကျ၍ ဦးခေါင်းဒဏ်ရာ ရသည့်အခါတွင် အင်ဖာဆေးရုံကို မည်သို့သွားရမည်နည်းဆိုသည့် နည်းလမ်းလည်း မသိခြင်း၊ မည်သည့် အဆက်အသွယ်နှင့် သွားရမည်ဆိုသည်ကိုလည်း မသိတာကတစ်ကြောင်းကြောင့် တမူးဆေးရုံမှာတွင် ၃ ရက်လောက်ကြာပြီးမှ ဆေးကုသပါကြောင်း၊ တစ်ဖက်နိုင်ငံ အင်ဖာမြို့ကိုသွားရန် မိုးရေးမြို့ကိုသွားပါကြောင်း၊ အချိန်မကြန့်ကြာ သင့်ဘဲနှင့် ကြန့်ကြာပြီးမှ အင်ဖာဆေးရုံကိုသွားရသည့်အတွက် ယခုလို တရားဝင် သွားလာခွင့်များ ဆောင်ရွက်ပေးရန် အချိန်ယူရမည်ဆိုပါက မိမိတို့ဘက်မှတာဝန်ရှိ ဆက်စပ် အဖွဲ့အစည်းများသည် တစ်ဖက်နိုင်ငံနှင့် အပြန်အလှန်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီး တရားဝင်သွားလာခွင့် ကျန်းမာရေးဆေးကုသမှု အဆင်ပြေစေရေးအတွက် မြန်မာနိုင်ငံ၊ တမူးမြို့မှ အိန္ဒိယနိုင်ငံ၊ အင်ဖာမြို့သို့ တရားဝင်သွားလာခွင့်ရရှိရေး မည်သည့်အချိန်တွင် စီမံဆောင်ရွက်ပေးရန် လျာထားသည် သို့မဟုတ် ဆေးကုသသွားလိုသူများ အဆင်ပြေစွာသွားလာခွင့် ရရှိနိုင်ရေးအတွက် အောက်ခြေအဆင့်တွင် မည်သို့စီမံ ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမြင့်
အဖြေ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမြင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသ ဖြတ်သန်းခွင့်သဘောတူစာချုပ် (MOU)အား တရားဝင်ချုပ်ဆိုထားခြင်း မရှိသေးပါကြောင်း၊ တရားဝင် နယ်စပ်ဖြတ်သန်းသွားလာနိုင်ရေးတွင် ခွင့်ပြုမိန့်ရရှိပါက သံတမန်လမ်းကြောင်းမှ တစ်ဆင့် နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ပြီးမှသာ တရားဝင် ဝင်/ထွက်သွားလာရေးကိစ္စများအား ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံ၊ အင်ဖာမှမြန်မာနိုင်ငံ၊ မန္တလေးမြို့အထိ ဘတ်စ်ကားလိုင်း ပြေးဆွဲနိုင်ရေးကို ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ယူ၍ ညှိနှိုင်းဆောင်ရွက်လျက်ရှိသဖြင့် သဘောတူညီချက်ရရှိပါက အိန္ဒိယနိုင်ငံ၊ အင်ဖာမှ ခရီးသည်များကို မြန်မာနိုင်ငံ၊ မန္တလေးမြို့အထိ လည်ပတ်ခွင့်ပြုပြီး ၎င်း ဂိတ်မှပင် ပြန်လည်ထွက်ခွာခွင့် ပြုမှာဖြစ်ပါကြောင်း၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်နေပြည်သူများ သွားလာမှုလွယ်ကူစေရန်အတွက် သက်ဆိုင်ရာဒေသအာဏာပိုင်များ အစီအစဉ်ဖြင့် အောက်ပါအတိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

မြန်မာနိုင်ငံသားများအား တမူးမြို့မှ အိန္ဒိယနိုင်ငံ မိုးရေးမြို့သို့ ဝင်/ထွက်သွားလာခြင်းကို မှတ် တမ်းစာရင်းရေးသွင်းပြီး ထိန်းသိမ်းထားရှိပါကြောင်း၊ ထိုသို့သွားလာခြင်းအတွက် မိမိနိုင်ငံနှင့် တစ်ဖက်နိုင်ငံတို့မှ ငွေကြေးကောက်ခံခြင်းမရှိဘဲ ဝင်/ထွက်ခွင့်ပြုပါကြောင်း၊ အိန္ဒိယနိုင်ငံသားများအား မိုးရေးမြို့မှ မြန်မာနိုင်ငံ၊ တမူးမြို့သို့ လာရောက်လည်ပတ်လျှင် ၎င်းတို့၏ နိုင်ငံသားကတ်(Citizen Card (သို့) Election Card)ကို ခေတ္တသိမ်းဆည်း၍ မှတ်တမ်းဖြင့် စာရင်းရေးသွင်းပြီး အိန္ဒိယနိုင်ငံသုံးငွေ ရူပီး ၁၀ ကောက်ခံ၍ ငွေလက်ခံဖြတ်ပိုင်းဖြင်‌့ နေ့ချင်းပြန် ဝင်/ထွက်ခွင့်ပြုလျက်ရှိ ပါတယ်။ အဆိုပါ အိန္ဒိယနိုင်ငံသားများ သတ်မှတ်ချိန်အတွင်း မိမိနိုင်ငံအတွင်းမှ ပြန်လည်ထွက်ခွာ မှုရှိ။မရှိ စောင့်ကြည့်၍ ပြန်လည်ထွက်ခွာချိန်၌ ငွေလက်ခံဖြတ်ပိုင်း (Free Receipt) ကို ပြန်လည် ထုတ်ပေးပြီး တမူးမြို့မှ ပြန်လည်ထွက်ခွာစေပါကြောင်း၊ အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့မှ တမူးမြို့တွင်ရှိသော နမ့်ဖာလုံဈေး (နယ်စပ်ဈေး) သို့ လာရောက်သည့် အိန္ဒိယနိုင်ငံသားများအား ငွေကြေးကောက်ခံမှုမရှိဘဲ ဝင်/ထွက်ခွင့်ပြုလျက်ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသ ဖြတ်သန်းခွင့်သဘောတူစာချုပ် (MOU)အား လက်မှတ်ရေးထိုးချုပ်ဆိုပြီးမှသာလျှင် သဘောတူစာချုပ်ပါ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် သို့မဟုတ် ခိုင်လုံသော နိုင်ငံကူးလက်မှတ်များဖြင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံရှိသော နိုင်ငံသားများအတွက် တရားဝင် ဝင်/ထွက် သွားလာနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးခင်မောင်ရွှေ (တမူးမဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

မိမိတို့ကို ခုနက ဒုတိယဝန်ကြီးဖြေသွားသလိုပါပဲ အိန္ဒိယဘက်မှ မြန်မာနိုင်ငံဘက်ကိုလာလျှင် သတ်မှတ်ထားသည့် နှုန်းထားအတိုင်းပေးပြီးမှ သွားနေခြင်းဖြစ်ပါကြောင်း၊ မိမိဆိုလိုသည်မှာ ၎င်း မိုးရေးမြို့ကနေ အင်ဖာအထိ ဆေးကုသသွားသည့် ကိစ္စဖြစ်ပါကြောင်း၊ (အငြိမ်းစား) ကျောင်းဆရာတစ်ဦး ဟိုဘက် နိုင်ငံရောက်ပြီးမှကြာသည့် အချိန်ဖြစ်ပါကြောင်း၊ အဲ့ဒီကို သွားလာခွင့်ရရှိရန်အတွက် တမူးမှာရှိသည့် DC ခရိုင်အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာပါလျှင် ရရှိပါကြောင်း၊ ကျန်းမာရေးမကောင်းသောပုဂ္ဂိုလ်များ၊ ဆေးကုသသော ပုဂ္ဂိုလ်များကို အင်ဖာမြို့သို့ သွားနိုင်နိုင်သည့်အခြေအနေရရန်အတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများက တစ်ဖက်နိုင်ငံ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့်ညှိနှိုင်းပြီး အရေးပေါ် ကျန်းမာရေးစောင့်ရှောက်ခွင့်ရတဲ့ လူနာများကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးနိုင် မေးမြန်းတင်ပြခြင်း ဖြစ်ပါကြောင်း ကို မေးမြန်းပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမြင့်

မိမိတို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် သတ်မှတ်ထားသော တရားဝင် MOU ကိစ္စသည် G to G နဲ့ဆောင်ရွက်ရမည့်ကိစ္စဖြစ်ပါကြောင်း၊ ဦးခင်မောင်ရွှေ မေးသည့်မေးခွန်းနှင့် ပတ်သက်ပြီး မိမိတို့ဘက်မှ ဆောင်ရွက်ပေးနိုင်ရန် အစိုးရအဖွဲ့ရုံးမှတစ်ဆင့် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ကို အကြောင်းညှိနှိုင်ပြီးမှ တင်ပြဆောင်ရွက်သွားမည်ဆိုရင်လည်း ရနိုင်ပါကြောင်း၊ မိမိတို့က နယ်စပ်ဒေသ ကော်မတီ ဖြစ်ကြသည့်မြို့နယ်အဆင့် TPC သို့မဟုတ် ဒေသအဆင့်ဖြစ်တဲ့ RPC တွေမှလည်းပဲ ဒါကို အောက်ခြေအဆင့်မှာညှိနှိုင်းပြီးတော့မှ ဆောင်ရွက်သွားနိုင်အောင်အတွက်ကိုလည်း ကျွန်တော် တို့ကနေပြီးတော့မှ အစိုးရအဖွဲ့ကို တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။