(ဃ)-နိုင်ငံတကာလေကြောင်းလိုင်းများမှ မြန်မာနိုင် ငံ ဝေဟင်လေပိုင်နက်များတွင် ဖြတ်သန်းမောင်းနှင် လျက်ရှိသော အပြည်ပြည်ဆိုင်ရာ လေယာဉ်များ မှ ကောက်ခံရရှိသော အခွန်ဘဏ္ဍာများအား မည် သည့် နေရာများတွင် သုံးစွဲသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၇.၂.၂၀၁၇)

ဦးထွန်းထွန်း(ပွင့်ဖြူမဲဆန္ဒနယ်)တိုင်းပြည်တည်ဆောက်ရန်၊ တည့်မတ်ရန်၊ စီးပွားရေးတောင့်တင်းရန် ဝင်ငွေ၊ ထွက်ငွေ မျှတအောင် ကြိုးစားရမည်ဖြစ်ပါကြောင်း၊ ဘတ်ဂျက်လိုငွေများ လျော့နည်းစေရန် အခွန်အကောက်များကို ဥပဒေနှင့်အညီ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ကောက်ခံနိုင်ရန်လည်း လိုအပ်ပါကြောင်း၊ ပြည်တွင်း/ပြည်ပဝင်ငွေများ ရရှိရန်လည်းလိုအပ်ပါကြောင်း၊ ပြည်တွင်းမှ သဘာဝသယံဇာတများ ရောင်းချရရှိသော ပြည်ပဝင်ငွေထက် ပြည်ပမှလာရောက်ရင်းနှီးမြှုပ်နှံမှု ရရှိသောအခွန်အကောက် များနှင့် ပြည်ပဝင်ငွေများမှာ ပို၍ တိုင်းပြည်အတွက်၊ နိုင်ငံအတွက် အကျိုးအမြတ်ရှိမည်ဖြစ်ပါကြောင်း၊

လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ ခုနှစ် နှစ်သစ်မိန့်ခွန်း၌ ပြောကြားခဲ့ရာတွင် တိုင်းပြည်ထူထောင်ရေးအတွက် ပစ္စည်းလိုပါကြောင်း၊ အခြားတိုင်းပြည်က ပစ္စည်းရရန် မြန်မာငွေဖြင့် ဝယ်မရပါကြောင်း၊ သက်ဆိုင်ရာ နိုင်ငံခြားငွေဖြင့်မှ ရသဖြင့် ယင်းငွေရရန် ထွက်ကုန်/ဝင်ကုန် ပစ္စည်းချင်းမျှအောင်လုပ်ရမည်ဟု ပြောကြားခဲ့ပါကြောင်း၊ နိုင်ငံခြားငွေသည် တိုင်းပြည်အတွက် မည်မျှအရေးကြီးသည်မှာ ပေါ်လွင်နေပါကြောင်း၊

နိုင်ငံတကာမှ ပင်လယ်ကူးသင်္ဘောများ မြန်မာဆိပ်ကမ်းတွင် ဝင်ရောက်မှုမှ ရရှိသော အခွန်အကောက်များ၊ မြန်မာရေပိုင်နက်မှ ဖြတ်သန်းခုတ်မောင်းရာတွင် ရရှိသောအခွန် အကောက်များသည် တိုင်းပြည်အတွက် များစွာအကျိုးဖြစ်ပါကြောင်း၊ ထိုနည်းတူ မြန်မာဝေဟင်ပိုင်နက် တွင်လည်း အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းမှ လေယာဉ်များသည် အရှေ့မှအနောက်၊ တောင်မှ မြောက်သို့ ဥဒဟိုပျံသန်းသွားလာနေသည်ကို မြင်တွေ့နေရပါကြောင်း၊ ယခုကဲ့သို့ ဖြတ်သန်းသွားလာနေသော လေယာဉ်များမှ  အခွန်ကောက်ခံမှုနှုန်းထားများ  လေယာဉ်တစ်စင်းကို မည်မျှရသည်၊ တစ်နှစ်ကို မည်မျှရသည်၊ ရရှိသော အခွန်အကောက်များကို ကိုယ်ကျိုးစီးပွားအတွက် အသုံးမပြုဘဲ မှန်မှန်ကန်ကန် တိုင်းပြည်ဘဏ္ဍာထဲစီးဝင်မည်ဆိုပါက တိုင်းပြည်၏ စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အဆင်ပြေမည်ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ မည်သည့်ဝန်ကြီးဌာနမှ မည်မျှစည်းကြပ် ကောက်ခံပါသနည်း။ မည်သည့်ခုနှစ်မှ စတင်၍ ကောက်ခံခဲ့ပါသနည်း။ ကောက်ခံရရှိသော အခွန်ဘဏ္ဍာများအား အလေအလွင့်မရှိ မည်သည့်နေရာတွင် သုံးစွဲမည်ကိုသိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံ ဝေဟင်ပိုင်နက်အတွင်းသို့ ဖြတ်သန်းမောင်းနှင်သွားသော နိုင်ငံတကာ လေကြောင်းလိုင်းများ၏ အပြည်ပြည်ဆိုင်ရာ လေယာဉ်များအား လေယာဉ်ဖြတ်ကျော်ပျံသန်း ဝန်ဆောင်ခ (Air Navigation Facility Charges) ကို ကောက်ခံပေးလျက်ရှိပါကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် လေယာဉ်ဖြတ် ကျော်ပျံသန်းဝန်ဆောင်ခကို ၁၉၃၄ ခုနှစ် လေကြောင်းဥပဒေကိုအခြေခံ၍ ၁၉၄၈ ခုနှစ်မှ စတင်ကောက်ခံခဲ့ပြီး ကောက်ခံခဲ့သည့်နှုန်းထားမှာ လေယာဉ်၏ အများဆုံးအလေးချိန် (Maximum Take-Off Weight) ပေါ်အခြေခံ၍ အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ် (ICAO) ၏ လမ်းညွှန်သတ်မှတ်ချက်များနှင့်အညီ ကောက်ခံလျက်ရှိပါကြောင်း၊

သတ်မှတ်ထားသော အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ်၏ လမ်းညွှန်မှုများနှင့်အညီ ဖြတ်ကျော်ပျံသန်းသည့် လေယာဉ်၏ အလေးချိန်ပေါ်မူတည်ပြီး နှုန်းထားကို မိမိတို့က သတ်မှတ်ပါကြောင်း၊ ဥပမာအားဖြင့် 25,000 Kg  အောက်ရှိ လေယာဉ်များ၊ ATR လေယာဉ်တွေ၊ MBR လေယာဉ်များကို တစ်ခါဖြတ်လျှင် မိမိတို့က ၃၂ ဒေါ်လာကောက်ခံပါကြောင်း၊ 25,000 Kg  မှ 50,000 Kg အထိ Boeing 717၊ Fokker လေယာဉ် စသည်တို့အတွက် ၅၃ ဒေါ်လာကောက်ခံပါကြောင်း၊ 50,000 Kg မှ 70,000 Kg အထိ Boeing 717 လေယာဉ်၊ Air Bus(320319)လေယာဉ်များအတွက် ၉၉ ဒေါ်လာကောက်ခံပါကြောင်း၊ 75,000 Kg မှ Kg 100,000 အထိရှိသည့် လေယာဉ်များ Boeing 757 ၊ Air Bus(321) ကဲ့သို့သော လေယာဉ်အမျိုးအစားများအတွက်  ၁၁၉ ဒေါ်လာ ကောက်ခံပါကြောင်း၊ ထိုမှတဖန် Kg 100,000  မှ 200,000 အထိရှိသည့် လေယာဉ်များကို ၃၀၄ ဒေါ်လာကောက်ခံပြီး Weight အလိုက် ၆၀၉ ဒေါ်လာအထိ ကောက်ခံလျက်ရှိပါကြောင်း၊

၁၉၈၈ ခုနှစ်မှ ယခုအချိန်ထိ မြန်မာနိုင်ငံ၏ လေယာဉ်ဖြတ်ကျော်ပျံသန်းဝန်ဆောင်ခကို တိုးမြှင့်ကောက်ခံခဲ့သည့် နှုန်းများကိုလည်း တင်ပြလိုပါကြောင်း၊ နှစ်စဉ် ၁၉၈၈ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၉၀ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၀၄ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၀၉ ခုနှစ်တွင် လက်ရှိကောက်ခံသည့် နှုန်းထားကို အဆင့်ဆင့် တိုးမြှင့်ကောက်ခံခဲ့ခြင်းများမှာလည်း မိမိတို့အနေဖြင့် အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်း အဖွဲ့ချုပ်၏ လမ်းညွှန်မှုများနှင့်အညီ လိုအပ်သည့် တွက်ချက်မှုများပြုလုပ်ပြီး ပြင်ဆင်တိုးမြှင့် ကောက်ခံခဲ့ခြင်းဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံအပေါ်တွင် နေ့စဉ်ဖြတ်ကျော်ပျံသန်းသည့် လေယာဉ်စီးရေသည် နှစ်စဉ်တိုးတက်လျက်ရှိပြီး လက်ရှိတွင် တစ်ရက်လျှင် လေယာဉ်ခေါက်ရေ ၆၀၀ ခန့် လေယာဉ်ဖြတ်ကျော်ပျံသန်းခများ ကောက်ခံလျက်ရှိပါကြောင်း၊ လေယာဉ်ဖြတ်ကျော်ပျံသန်းခ ကောက်ခံရရှိမှုအနေဖြင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၃.၂၃၃ သန်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ထိ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၈.၄၉၁ သန်းရရှိခဲ့ပါကြောင်း၊

သို့ဖြစ်ပါ၍ လေယာဉ်ဖြတ်ကျော်ပျံသန်းဝန်ဆောင်ခ ကောက်ခံရရှိငွေများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှတစ်ဆင့် နိုင်ငံတော်သို့ အပတ်စဉ် ပေးသွင်းလျက်ရှိပါကြောင်း၊ ရရှိလာသော ဝန်ဆောင်ခများကို နိုင်ငံတော် အစီအမံဖြင့်သာ စနစ်တကျ ခွဲဝေသုံးစွဲလျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။