ဘ
ဏ္ဍာရေးဝန်ကြီး ဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနသည် ပြည်ထောင်စုအစိုးရ၏ အခွန်အကောက်ရငွေများအနက်မှ အချို့ကို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များသို့ မိမိသဘောအလျောက် ခွဲဝေပေးခွင့်ရှိ/မရှိ၊ မရှိပါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်လည်းကောင်း၊ တည်ဆဲဥပဒေအရပ်ရပ်နှင့်လည်းကောင်း ညီညွတ်စေရေး အတွက် မည်ကဲ့သို့ ပြင်ဆင်ဆောင်ရွက် စေမည်ကို သိရှိလို ပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၅၄တွင် ပုဒ်မ (က)၊(ခ) နှစ်ခုပါရှိရာ ၂၅၄(က) က တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ဇယား ၅ ပါ အခွန်အခများကို ဥပဒေနှင့်အညီကောက်ခံ၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ပေးသွင်းရမည်။ ၂၅၄(ခ)တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေများကို ဥပဒေနှင့်အညီ သုံးစွဲခွင့်ရှိသည်ဟု ပုဒ်မ ၂၅၄ တွင် ပြဋ္ဌာန်းထားပါသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ရန်လည်း PAC သည် လပေါင်း ၂၀ ခန့်တွင်မှ စာရင်းစစ်ဥပဒေကို အနည်းငယ်ပြင် လို့ရသည့်အပြင် အဆိုပါ ပြဋ္ဌာန်းချက်အရ ဖွဲ့စည်းပုံအခြေခံ ဥပဒေပေါ်တွင်သာ အလုပ်လုပ်ရမည် ဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါသည့် ၂၅၄မှအပဟု ဆိုသည့်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ဆိုင်သည့် ယခုကဲ့သို့သော ကိစ္စရပ် မြောက်မြားစွာ ပေါ်လာနိုင်ဦးမှာဖြစ်ပါသည်။ ၂၅၄ မှအပဆိုသည်အတွက် ဇယား ၅ မှအပ မိမိတို့က ဆောင်ရွက်ရမည်ဖြစ်ပါသည်။ တိုင်းဒေသကြီးနှင့် ပတ်သက်၍ ပုဒ်မ ၂၃၀ (က)၊ ပုဒ်မ ၂၃၀တွင် ဘဏ္ဍာရေး ကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်ဟုဆိုထားပါသည်။ ပုဒ်မ ၂၃၀ (ခ) တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အရအသုံးစာရင်းများကို နိုင်ငံတော် သမ္မတက တာဝန်ပေးအပ်သော ကျန်ဒုတိယသမ္မတတစ်ဦးက ဦးဆောင်စိစစ်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အရအသုံးငွေ စာရင်း လျာထားချက်ကို ဘဏ္ဍာရေးကော်မရှင်သို့ တင်ပြရမည်ဟုဖော်ပြထားပါကြောင်း၊ ထို့ကြောင့် အမတ်တွေ အတွက် ပုဒ်မ ၁၂၁ ကအရေးကြီးသကဲ့သို့ အခွန်ကိစ္စတွင် တိုင်းဒေသကြီး၏ အသက်က ပုဒ်မ ၂၃၀ ဖြစ်ပါသည်။ ထို့ကြောင့် ယခုအခွန်ကိစ္စတွင် အဆိုပါ ပုဒ်မ ၂၃၀ ညီညွတ်ချင်းရှိ/မရှိကို သိရှိ လိုကြောင်းမေးမြန်းပါသည်။
မိမိတို့ ယခင်က အမြတ်ခွန် ဥပဒေပုဒ်မ ၃၁တွင် မြို့နယ်အလိုက်ကောက်ခံ ရရှိသည့် အခွန်များအနက် ဝန်ကြီးအဖွဲ့က မြို့နယ်အလိုက်သတ်မှတ်သော ရာခိုင်နှုန်းအချိုးနှင့် ညီသည့်ငွေကို သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာရေး ရန်ပုံငွေသို့ လွှဲပြောင်းပေးသွင်းနိုင်ကြောင်း ပြဋ္ဌာန်းခဲ့ပါသည်။ အဆိုပါ ပြဋ္ဌာန်း ချက်နှင့် အညီ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် ဝန်ကြီးအဖွဲ့မှ ၁၈-၁၁-၁၉၇၆ ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ်၊ ၁၁ ဖြင့် မြန်မာနိုင်ငံတော် အတွင်း မြို့နယ်အလိုက် ကောက်ခံရရှိသော အမြတ်ခွန်ရငွေမှ ယင်းငွေပမာဏ၏ ၅ ရာခိုင်နှုန်း အချိုးနှင့်ညီမျှသော ငွေကို သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေး ရန်ပုံငွေကို လွှဲပြောင်းပေးသွင်းရမည်ဟု ထုတ်ပြန်ကြေညာခဲ့ပြီး၏ ၁၉၇၇-၁၉၇၈ ဘဏ္ဍာရေးနှစ် စတင်ကာလွှဲပြောင်းပေးသွင်းခဲ့ပါသည်။၂၀၀၈ ခုနှစ် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ပြည်တွင်းအခွန်များ ဦးစီး ဌာနက စီမံ ခန့်ခွဲလျက်ရှိသော ဥပဒေများကို ရုပ်သိမ်း၊ ပြင်ဆင်သည့် ဥပဒေများကို လွှတ်တော်၏ အတည်ပြုချက်ဖြင့် အမြတ်ခွန်ဥပဒေကို ရုပ်သိမ်းသော ဥပဒေကို ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၁ အဖြစ် ၂၉-၉-၂၀၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ထိုသို့ ရုပ်သိမ်းခဲ့သော်လည်း ဝင်ငွေခွန်ဥပဒေ အခန်း (၁၈)၊ ပုဒ်မ ၅၉ တွင် မြို့နယ်အလိုက် ပုဂ္ဂိုလ် တစ်ဦးချင်းထံမှ ကောက်ခံရရှိသော အခွန်အနက် ကျပ်ငွေဖြင့်ကောက်ခံရရှိငွေကို ပြည်ထောင်စုအစိုးရအဖွဲ့က မြို့နယ် အလိုက်သတ်မှတ်သည့် ရာခိုင်နှုန်းအချိုးအတိုင်း သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေ အဖွဲ့သို့ လွှဲပြောင်းပေး သွင်းနိုင်ကြောင်း သတ်မှတ်ပြဋ္ဌာန်းထားပါသည်။ အဆိုပါ ပြဋ္ဌာန်းချက်နှင့် အညီ ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၂-၇-၂၀၁၂ ရက်စွဲပါအမိန့်ကြော်ငြာစာ အမှတ် ၄၉/၂၀၁၂နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ နှင့်နိုင်ငံတော်အတွင်း မြို့နယ်အလိုက်ကောက်ခံရရှိသော ဝင်ငွေခွန်များ အနက် ပုဂ္ဂိုလ်တစ်ဦးချင်းထံမှ ကျပ်ငွေဖြင့်ကောက်ခံရရှိငွေ၏ ၅ ရာခိုင်နှုန်းကို သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေသို့ ဝင်ငွေခွန်ဥပဒေပုဒ်မ ၅၉ ပါပြဋ္ဌာန်းချက်နှင့် အညီ လွှဲပြောင်းပေးသွင်းရန်နှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှစ၍ အကျိုး သက်ရောက်စေရမည်ဟု ထုတ်ပြန်ခဲ့ပါကြောင်း၊ အမိန့်ကြော်ငြာစာနှင့်အညီ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှာရှိသော သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့များကို စည်ပင်သာယာဝေစုများအဖြစ် လွှဲပြောင်းပေးလျက် ရှိပါသည်။
မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ၊ ဇယား ၁၊ အမှတ်စဉ် (၂၃) ပစ္စည်းလွှဲ စာချုပ်၊ အမှတ်စဉ် (၃၃) မေတ္တာဖြင့် ပစ္စည်းပေးကမ်းသည့်စာချုပ်၊ အမှတ်စဉ် (၄၀) အပေါင်စာချုပ်တို့အပေါ် ပြည်တွင်းအခွန်များဦးစီးဌာနမှ တံဆိပ်ခေါင်းခွန် ကောက်ခံရာတွင် 1920 The Yangon Development Trust Act, ပုဒ်မ ၆၈ (၁)၊ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ ဥပဒေပုဒ်မ ၃၁(က) နှင့် နေပြည်တော် စည်ပင်သာ ယာရေးကော်မတီ ဥပဒေပုဒ်မ ၃၆(က) တို့အရ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များမှာ အပိုတံဆိပ်ခေါင်းခွန် ၂ ရာခိုင်နှုန်းကို ထပ်ဆောင်း ကောက်ခံပြီးတော့မှ သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့များကို လွှဲပြောင်းပေးသွင်း လျက်ရှိပါသည်။
မိမိတို့ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနအနေနှင့် ပြည်ထောင်စု အစိုးရ၏ အခွန်ကောက်ခံ ရငွေများအနက်ကနေပြီးတော့ အချို့ကို မိမိသဘောအလျောက် ခွဲဝေပေး နိုင်ခြင်းမရှိပါကြောင်း နှင့် တည်ဆဲအခွန် ဆိုင်ရာ ဥပဒေများနှင့် သက်ဆိုင်ရာစည်ပင်သာယာရေး ကော်မတီဥပဒေများအရ ခွဲဝေပေးခြင်းဖြစ် ပါကြောင်း ရှင်းလင်းဖြေကြား သွားပါသည်။
ဒေါ်တင်နွယ်ဦးမှ ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
နိုင်ငံတော်ထဲတွင် မြို့နယ်အလိုက်ကောက်ခံ ရရှိသောဝင်ငွေများအနက် ပုဂ္ဂလိက ပုဂ္ဂိုလ်တစ်ဦးချင်းထံမှ ကျပ်ငွေဖြင့် ကောက်ခံရငွေ၏ ၅ ရာခိုင်နှုန်း ကို သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေး ရန်ပုံငွေအသီးသီးကို လွှဲပြောင်းပေးသွင်း ထားရန် ပြည်ထောင်စုအစိုးရအဖွဲ့က ၁၉၇၄ ခုနှစ် ဝင်ငွေခွန်ဥပဒေပုဒ်မ ၅၉ ပါပြဋ္ဌာန်းချက်နှင့်အညီ ၂၂-၆-၂၀၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄၉/၂၀၁၂ ကို ထုတ်ပြန်ပေးထားပြီးဖြစ်သည့်အတွက် ယင်းသတ်မှတ်ချက်အတိုင်း လွှဲပြောင်းပေးလျက်ရှိသည်မှာ အသစ်အဆန်း မဟုတ်ပါကြောင်း၊ ယခင်ကတည်းကတည်ရှိခဲ့သော ၁၉၆၂ ခုနှစ် အမြတ်ခွန်ဥပဒေအရ တစ်ဦးချင်းပုဂ္ဂိုလ်များထံမှ အမြတ်ခွန် ကောက်ခံစဉ်ကလည်း ဥပဒေပုဒ်မ ၃၁ အရ အမိန့်ကြော်ငြာစာကို ထုတ်ပြန်ထားခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့ထုတ် ကြေးမုံ အစိုးရသတင်းစာ၏ စာမျက်နှာ ၁၀ တွင် တရားမဝင်တင်သွင်း လာသည့် မော်တော်ဆိုင်ကယ်များအား တရားဝင်လိုင်စင်ထုတ်ပေးရေး စီမံချက်ကာလဖြစ်သော ၂၀၁၂ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့မှ နိုဝင်ဘာလ ၆ ရက်နေ့အထိ ၅ လတာကာလအတွင်း မွန်ပြည်နယ်၌ အခြားအခွန်များအပြင် in bracket ကုန်သွယ်လုပ်ငန်းခွန်ရရှိငွေ ၂၈၅၁ သန်းအနက် ၂၅ ရာခိုင်နှုန်း ဖြစ်သော ငွေကျပ် ၇၁၂.၉၁ ကို မွန်ပြည်နယ်အခွန်ဦးစီးဌာနမှူး ဦးထွန်းထွန်းအောင်က လွှဲပြောင်းပေးရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဒေါက်တာခင်မောင်လွင်က လက်ခံရရှိကြောင်းဆသည့် သတင်းကိုဖတ်လိုက်ရ ပါကြောင်း၊ အဆိုပါသတင်းဖော်ပြချက်အပေါ် မိမိ၏ယူဆချက်မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တွေ ကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ဘဏ္ဍာငွေ သင့်တင့်လျောက် ပတ်စွာ ဖြည့်စည်းပေးခြင်း ကို ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေအရသာ ဆောင်ရွက်ခွင့်ရပြီး အဆိုပါ ပုဒ်မ ၂၃၀ ကိုသာ အတည်ပြုမည်ဖြစ်ပါသည်။ ပြည်ထောင်စု၏ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေကြမ်း ကို ပြည်ထောင်စု လွှတ်တော်သို့ တင်ပြနိုင်ရေးအတွက် နိုင်ငံတော်သမ္မတထံသို့ ဘဏ္ဍာရေးကော်မရှင် က ထောက်ခံတင်ပြရ မည်ဖြစ်ကြောင်းနှင့် သို့မှသာ ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ မိမိဖော်ညွှန်းဆိုသွားသော အကောက်ခွန်ပုဒ်မ ၂၃၀ ညီညွတ်မည်ဟု ယူဆပါကြောင်း တင်ပြမေးမြန်းပါသည်။
ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဒေါက်တာလင်းအောင်
မော်တော်ဆိုင်ကယ် စီမံချက်ကိစ္စသည် မိမိတင်ပြခဲ့သော ဝင်ငွေခွန်အပေါ်တွင် စည်ပင်သာယာရေးအဖွဲ့များကို ဥပဒေရေး အရ လွှဲပြောင်းပေးသည့်ကိစ္စမျိုးမဟုတ်ဘဲ အထူးစီမံချက်အနေနှင့် ဆောင်ရွက်သည့် ကိစ္စဖြစ် ပါကြောင်း၊ထို့ကြောင့် ဥပဒေနှင့်အညီ ဖြစ်စေရန်နှင့် တိုင်းဒေသကြီး / ပြည်နယ်များ၏ ဒေသ ဖွံ့ဖြိုးရေး အတွက်လည်း ပြည်ထောင်စုအနေဖြင့် ရငွေပိုင်းကို ပံ့ပိုးပေးသင့်သည်များကြောင့် ဥပဒေနှင့်ညီအောင် မိမိတို့က ဆောင်ရွက်ခဲ့ခြင်းမျိုးဖြစ်ပါကြောင်း၊ ဆိုင်ကယ်စီမံချက်နှင့် ပတ်သက်၍ ပြည်တွင်းအခွန်များဦးစီးဌာနမှ ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တင်ပြပြီး ထိုမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းသို့ ဆိုင်ကယ်စီမံချက်နှင့် ရရှိသော ငွေများအနက် ၂၅ ရာခိုင်နှုန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်ကို လွှဲပြောင်းပေးရန် တင်ပြခဲ့ပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့အနေနှင့်လည်း ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာပင် သဘောတူ ဆုံးဖြတ်ပြီးမှသာ ၂၀၁၂ ခုနှစ် မေလတွင် မိမိတို့မှ တဆင့် နိုင်ငံတော်သမ္မတအနေဖြင့် အဆိုပါကိစ္စကို မိမိတို့ဆောင်ရွက်ပြီး ရရှိငွေ၏ ၂၅ ရာခိုင်နှုန်းကို တိုင်းဒေသကြီး/ ပြည်နယ် ဘဏ္ဍာရန်ပုံငွေကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သဝဏ်လွှာကို ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ခဲ့ပါကြောင်း၊ ထို့နောက် ယင်းစီမံချက်နှင့်ပတ်သက်သော ကိစ္စရပ်များကို ဆောင်ရွက်ပြီးစီး၍ ရရှိငွေ၏ ၂၅ ရာခိုင်နှုန်းကို တိုင်းဒေသကြီး/ပြည်နယ်ကို ဥပဒေအရ လွှဲပြောင်းပေးရန်အတွက် ပြည်ထောင်စုအစိုးရ အဖွဲ့အနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရသုံးဆိုင်ရာဥပဒေ၊ ဘဏ္ဍာရေးကော်မရှင် သို့ တင်ပြသည့်အချိန်တွင် မိမိတို့မှ အဆိုပါ ၂၅ ရာခိုင်နှုန်းကို တိုင်းဒေသကြီး/ ပြည်နယ် ထောက်ပံ့ငွေအနေဖြင့် ထည့်သွင်းပြီး ပေးပါမည်ဟု တင်ပြခဲ့ရာ ဘဏ္ဍာရေးကော်မရှင်ကလည်း ခွင့်ပြုခဲ့ပါကြောင်း၊ ထိုသို့ခွင့်ပြုခဲ့သော ၂၀၁၃ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေကို ပြည်ထောင်စုလွှတ်တော်ကို တင်ပြပြီး ပြည်ထောင်စု လွှတ်တော်ကလည်း အတည်ပြုပြီးခဲ့ခြင်း ဖြစ်သည့်အတွက် ဆိုင်ကယ်စီမံချက် အခွန်ကောက်ရငွေကို တိုင်းဒေသ ကြီး/ ပြည်နယ် အစိုးရ အဖွဲ့များသို့ ၂၅ ရာခိုင်နှုန်း လွှဲပြောင်းပေးသည့်ကိစ္စသည် ဥပဒေနှင့် အညီ ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြဖြေကြားပါသည်။
