(ခ)အောင်ဘာလေသိန်းဆုလက်မှတ် ပြင်ပရောင်းဈေးမှာ ၅၀%ခန့် ကြီးမြင့်နေသည်ကိုပြုပြင်ရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၁၁.၁၀.၂၀၁၃)

ဦးဝင်းမြင့် (မြင်းခြံ )ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေ သိန်းဆု ဌာနခွဲမှ လစဉ် ၁ ရက် နေ့တိုင်း အောင်ဘာလေထီဆု ဖွင့်ပွဲများကျင်းပရန် ဆုလက်မှတ် တစ်စောင်လျှင် ၂၀၀ ကျပ်နှုန်း၊ (၁၁) စောင်ပါတစ်အုပ်လျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် လစဉ် လဆန်း (၁) ရက်နေ့တိုင်း ထီလက်မှတ်များကို စတင်ရောင်း ချလျက်ရှိပြီး ရောင်းချသူများအား အမြတ်ငွေ ၁၀ ရာခိုင်နှုန်း ရရှိစေသော အခွင့် အလမ်းများပေးထားသည်ကို တွေ့ရှိရပါသည်။  အောင်ဘာလေ သိန်းဆုဌာနခွဲ အနေဖြင့် လက်မှတ်ရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်းကို ဆုအဖြစ်ခွဲဝေပေးပြီး ကျန် ၄၀ ရာခိုင်နှုန်းနှင့် လာရောက်မထုတ်ယူသည့် ဆုငွေများကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် ရယူကြောင်း လေ့လာတွေ့ရှိရပါသည်။ ယင်းအမြတ်ငွေများမှာ တိုင်းပြည်၏ ပညာရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အဦများဖွံ့ဖြိုးတိုးတက်ရေး သုံးစွဲသော ဘဏ္ဍာငွေဖြစ်သည့်အတွက် နိုင်ငံသားများမှလည်း လိုလားစွာ အားပေးနေ ကြပါသည်။ ပြီးခဲ့သော စက်တင်ဘာလ ၁ ရက်နေ့တွင် ဆုအက္ခရာကို ၃၅ လုံး အထိ ထုတ်ဝေရောင်းချခဲ့သော်လည်း ရောင်းဈေးနှုန်း ၂၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ခြင်းမရှိဘဲ ပြင်ပဈေးကွက်တွင် တစ်စောင်ကို ၂၅၀မှ ၃၅၀ ကျပ်အထိ ၅၀ ရာခိုင်နှုန်းခန့် အမြတ်ကြီးပေး ဝယ်ယူနေရကြောင်း၊  ဖြန့်ချိရောင်းချမှု မမှန်သေးကြောင်းကို ပြည်သူ့များထံမှ ကြားသိနေရပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်ဘဏ္ဍာငွေ တိုးတက်ရ ရှိရေး၊ နိုင်ငံသားများ စိတ်ချမ်းမြေ့စွာဖြင့် အောင်ဘာလေသိန်းဆု လက်မှတ်များ ဈေးနှုန်းသက်သာစွာ ဝယ်ယူရ ရှိနိုင်ရေး၊ ပြည်ပဈေးကွက်တွင် နှစ်ပေါင်းများစွာ ကုမ္ပဏီအဖွဲ့အစည်းအချို့မှ ချုပ်ကိုင် ချယ်လှယ်၍ ၅၀ ရာခိုင်နှုန်း ခန့် ဈေးနှုန်း မြှင့်တင်ရောင်းချနေမှုများ ပပျောက်နိုင်ရေး၊ ရိုက်နှိပ်ဖြန့်ချိရောင်းချရာတွင် ကောင်းမွန် မှန်ကန်သော စနစ်တစ်ခုကို ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကျင့်သုံးရန် အစီအစဉ်ရှိ/မရှိတို့ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဘဏ္ဍာရေးဝန်ကြီးဌာန၊ ‌ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်
အဖြေ

ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ အောင်ဘာလေထီ လက်မှတ်များဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်ကို ရန်ကုန်တိုင်း ဒေသကြီး၊ ကျောက်တံတားမြို့နယ် တွင် အောင် ဘာလေသိန်းဆုဌာနခွဲရုံးတွင် ဗဟိုအရောင်းအဖြစ်လည်းကောင်း၊ ရန်ကုန် တိုင်း ဒေသကြီး ပြင်ပရှိမြို့နယ်များအတွက် မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးမှ လည်းကောင်း၊ ဖွင့်လှစ်ရောင်းချပေးပြီး Bank Payment Order စနစ်ဖြင့် လျှောက်ထားသူဦးရေနှင့် ဗဟိုအရောင်း ရောင်းချပေးနိုင်မည့် ထီအုပ်ရေ ပေါ်မူတည်ပြီး အချိုးကျခွဲဝေရောင်းချပေးလျက်ရှိပါကြောင်း၊ ထီရောင်း ရငွေ၏ ၄၀ ရာခိုင်နှုန်းကို နိုင်ငံတော်ကအခွန်အဖြစ်ရယူ၍ကျန် ၆၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ်ခွဲဝေပေးသည့်  စနစ်ကို ကျင့်သုံးဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ထီစာအုပ်ရောင်းချ လိုသူများနှင့် လစဉ်ထီထိုလိုသူများသည် ရန်ကုန်တိုင်းဒေ သကြီးပြင်ပမှဖြစ်ပါက သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနမှူး ရုံးများတွင် မိမိတို့ဝယ်ယူရောင်းချလိုသော ထီစာအုပ်အရေ အတွက် ကို ဖော်ပြလျှောက် ထားပြီး ဝယ်ယူခွင့်ရရှိပါက အဆိုပါဘဏ္ဍာနှစ် တစ်နှစ်လုံးအတွက် လစဉ်ဝယ်ယူ ခွင့်ရရှိမှာဖြစ်ပါသည်။ မိမိရောင်းချလိုသော လအတွက်သာ လျှောက်ထားဝယ်ယူ ခြင်းကို ခွင့်ပြုခြင်းမရှိပါကြောင်း၊ ထီလက်မှတ်များကို လုံခြုံရေးနှင့်သက်ဆိုင်သော ပုံနှိပ်စက်ရုံများသို့ အမှာစာကြိုတင်ပေးပို့ ရိုက်နှိပ်ရသည့်အတွက် ရောင်းချပေးနိုင်သော ပမာဏအနေဖြင့် အကန့်အသတ်ရှိသည့်အပြင် ထီလုပ်ငန်းရှင်များအနေနှင့်လည်း မိမိတို့၏ရောင်း အားကို မြှင့်တင်နိုင်ရန်အတွက် မြို့နယ်အလိုက် အရောင်းကိုယ်စားလှယ်များကို ထားရှိ၍လည်းကောင်း၊ ထိုမှတဆင့် လက်ပွေ့ လက်တွန်းလှည်းများဖြင့် ရောင်းချနေသူများထံသို့ အဆင့်ဆင့်ဖြန့်ဖြူးပြီး ထီဝါသနာရှင်များ ထံ ရောင်းချပေးလျက်ရှိပါသည်။ ထီလုပ်ငန်းရှင်များအနေနှင့် ၎င်းတို့၏လုပ်ငန်းအမည်နှင့် ထီစာအုပ် များ ဖြန့်ချီပေးပို့နိုင်ရန် တွက်ချက်ပြီးမှ အမည်ကောင်းတန်ဖိုး Goodwill ကိုပါ ရောင်းဈေးတွင် ထည့်သွင်းရောင်း ချနေကြခြင်းကြောင့် ထီတစ်စောင်ကို ၂၀၀ ကျပ် ထက် ပိုမိုရောင်းချနေခြင်းဖြစ်ပါကြောင်းလေ့လာတွေ့ရှိရပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အထက်ပါအခြေအနေများကို ပြင်ဆင်နိုင်ရန် နိုင်ငံတကာတွင် ကျင့်သုံးနေသော ကွန်ပျူတာသုံးထီစနစ်ကို လေ့လာမှုများ ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းဆောင် ရွက်နိုင်စွမ်းရှိသော လုပ်ငန်းရှင်များနှင့်လည်း ဆွေးနွေးမှုများပြုလုပ်လျက်ရှိနေပြီ ဖြစ်ပါသည်။ အဆိုပါစနစ်ပေါ်ပေါက် လာပါက နိုင်ငံတော်အတွက် အခွန်ငွေပိုမိုရရှိစေမည့် အပြင် ပြည်သူများအနေနှင့် မိမိကံစမ်းလိုသော ထီအစောင်ရေကို ကန့်သတ်မှု၊ တန်ဖိုးတိုးမြှင့်မှုမရှိဘဲ လွတ်လပ်စွာရောင်း ချပေးနိုင်ဖြစ် ပါသောကြောင့် အောင်ဘာလေထီဆုလက်မှတ်များ ပြင်ပတွင်ရောင်းဈေး ၅၀ ရာခိုင်နှုန်းကြီးမြင့်နေမှု ကို ပြုပြင်ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ကိုပြန်လည်ရှင်းလင်းဖြေကြားပါသည်