မိမိနိုင်ငံသည် တံခါးဖွင့်ပြီး ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးကဏ္ဍအသီးသီး တိုးတက်ရန်အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံခြားရောက် မြန်မာနိုင်ငံသားများလည်း နိုင်ငံသို့ ပြန်လည်ဝင်ရောက်ပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ ပြည်ပနိုင်ငံများရှိ သံရုံးများသည် မြန်မာနိုင်ငံကိုဝင်ရောက်လိုသော နိုင်ငံခြားသားများ မြန်မာနိုင်ငံသား နိုင်ငံခြားသားအဖြစ် ခံယူထားသူများသည် မြန်မာနိုင်ငံသို့ဝင်ရောက်ရန် သံရုံးများတွင် ဗီဇာကြေးပေးဆောင်ပြီး ဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ သို့သော် တချို့သံရုံးများသည် ဗီဇာကြေးကောက်ခံမှု မတူညီကြောင်းနှင့် နိုင်ငံခြားသားများအား ကောက်ခံသော ဗီဇာကြေးထက် မြန်မာနိုင်ငံသား နိုင်ငံခြားသား ခံယူထားသူများကို ဗီဇာကြေး ပို၍ကောက်ခံကြောင်းကိုလည်း ကြားသိရပါကြောင်း၊ ပိုမိုကောက်ခံမှု မှန်ကန်ပါက မြန်မာနိုင်ငံသား နိုင်ငံခြားသားများအတွက် ဂုဏ်သိက္ခာပိုင်းနှင့် ခွဲခြားဆက်ဆံခြင်း ခံရသကဲ့သို့ ဖြစ်နေသည့်အတွက် မြန်မာနိုင်ငံသား နိုင်ငံခြားသားများအပေါ် ဗီဇာကြေးပိုမိုကောက်ခံနေသည်မှာ မှန်ကန်မှု မရှိ/မရှိ၊ ပိုမိုကောက်ခံပါက မည်သည့်အတွက်ကြောင့် ကောက်ခံရသည်ပို ရှင်းလင်းစွာသိရှိလိုပါကြောင်းနှင့် ယခုလိုဆောင်ရွက်ခြင်းအား ယနေ့အခြေအနေနှင့် ကိုက်ညီအောင် အခြားနိုင်ငံခြားသားများနည်းတူ ကောက်ခံရန် အစီအစဉ် ရှိ/မရှိ သိလိုပါကြောင်းနှင့် မြန်မာနိုင်ငံသား နိုင်ငံခြားသားများအပါအဝင် ပြည်တွင်း၌ နေထိုင်ခွင့် ဗီဇာအခွင့်အရေးအား မည်သည့်အချိန်အခါများတွင် စတင်နိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ပရှိ မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံးများ အနေဖြင့် မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် လာရောက်လိုကြသော နိုင်ငံခြားသား များအား အောက်ပါအတိုင်းပြည်ဝင် ဗီဇာအမျိုးအစား ၆ မျိုးဖြင့် တရားဝင်သတ်မှတ် ထားသော အခကြေးငွေများကောက်ခံ၍ ဝင်ခွင့်ပြု လျက်ရှိပါကြောင်း၊ ကမ္ဘာ့လှည့်ဗီဇာ အခငွေဒေါ်လာ ၂၀ ကို ၂၈ ရက်ခွင့်ပြုပြီး လုပ်ငန်းဗီဇာ ၃၆ ဒေါ်လာ ကို ၇၀ ရက်၊ ပြည် ဝင်ဗီဇာ (Entry Visa)ကို ၃၆ ဒေါ်လာကောက်ပြီး ၂၈ ရက် ခွင့်ပြုပါကြောင်း၊ ပြည်ဝင်ဗီ ဇာကို အစည်းအဝေးနှင့် အလုပ်ရုံဆွေးနွေးပွဲများ၊ လူမှုရေးအလည်အပတ်ဗီဇာ (Social Visa)၊ သာသနာရေးဆိုင်ရာ ဗီဇာများဟူ၍ ခွဲထားပါကြောင်း၊ အစည်းအဝေးနှင့် အလုပ် ရုံဆွေးနွေးပွဲအတွက် ၃၆ ဒေါ်လာဖြင့် ၂၈ ရက်၊ သာသနာရေးဆိုင်ရာ ဗီဇာအတွက် ၃၆ ဒေါ်လာကို ရက်ပေါင်း ၉၀ သတ်မှတ်ထားရှိပါကြောင်း၊ ဖြတ်သန်းခွင့်ဗီဇာ (Transit Visa) ကို ၁၈ ဒေါ်လာကောက်ခံပြီး ၂၄ နာရီ နေခွင့်ရှိပါကြောင်း၊ သံတမန်၊ သံအဖွဲ့ဝင်ဗီဇာ အခမဲ့ဖြစ်ပြီး သာမန် ထမ်းဆောင်သည့်ကာလအတွင်း ခွင့်ပြုခြင်းဖြစ်ပြီး အကြိမ်ကြိမ် ပြည်ပြန်ဝင်ခွင့်ဗီဇာကို ၁၈၀ ဒေါ်လာသတ်မှတ်ပြီး ရက်ပေါင်း ၇၀ ဖြစ်ပါကြောင်း။
ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံရှိ မြန်မာသံရုံးများတွင် ဗီဇာရယူရန် အခက်အခဲရှိသူများအား အပြည်ပြည်ဆိုင်ရာလေဆိပ် (နေပြည်တော်၊ ရန်ကုန်၊ မန္တလေး) တို့တွင် နိုင်ငံပေါင်း ၅၁ နိုင်ငံမှ နိုင်ငံခြားသားများ အားအောက်ပါအတိုင်း ဗီဇာအမျိုးအစား ၃ မျိုးဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တရားဝင် သတ်မှတ်ထားသော အခငွေများ ကောက်ခံ၍ ဆိုက်ရောက်ဗီဇာ (Visa of Arrival) ထုတ်ပေးလျက်ရှိပါကြောင်း၊ ၎င်းနောက် Business Visa ကိုဒေါ်လာ ၅၀ ကောက်ခံပြီး ရက်ပေါင်း ၇၀၊ Entry Visa ကို ဒေါ်လာ ၄၀ ကောက်ခံပြီး ၂၈ ရက်၊ Transit Visa ကို ၂၀ ဒေါ်လာကောက်ခံပြီး ၂၄ နာရီခွင့်ပြုပါကြောင်း။
သို့ဖြစ်ပါ၍ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ပရှိ မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝင်ချုပ်ရုံးများနှင့် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့အနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုသော ပြည်ပနိုင်ငံသား အဖြစ်ခံယူထားသည့် မြန်မာနိုင်ငံသားဟောင်း နိုင်ငံခြားသားများအား ပြည်ဝင်ဗီဇာကြေးကောက်ခံရာ၌ အခြားနိုင် ငံခြားသားများထက် ပိုမိုကောက်ခံမှုမရှိပါကြောင်းနှင့် အခြားနိုင်ငံခြားသားများအား ကောက်ခံသည့်နည်းတူ တူညီသော သတ်မှတ်ပြည်ဝင်ဗီဇာကိုသာ ကောက်ခံဆောင်ရွက်ရှိပါကြောင်း။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများ အမြဲနေထိုင်ခွင့်စနစ် (Permanent Residence System-PR) နှင့်ပတ်သက်၍ အမေရိကန်၊ အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျ၊တောင်အာ ဖရိက၊ ဥပရောပနိုင်ငံအချို့၏ PR စနစ်အားလေ့လာ၍ နိုင်ငံတော်သမ္မတရုံးသို့ ၁၉-၉-၂၀၁၂ ရက်စွဲပါစာအမှတ်၊ ၁၀၀/၂(၃) (၄၂၉၁)ဖြင့် စီမံချက်မူကြမ်းအား တင်ပြခဲ့ပါကြောင်း၊ နိုင်ငံတော်သမ္မတကြီးသည် (၆၇) ကြိမ်မြောက် ကုလ သမဂ္ဂအထွေထွေညီလာခံ တက်ရောက်ခဲ့သည့် ခရီးစဉ်အတွင်း မြန်မာနိုင်ငံ၌ PR စနစ် အကောင် အထည်ဖော်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပြီးနောက် ၂၂-၁၀-၂၀၁၂ ရက်နေ့မှစတင် ၍ နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ်၊ (၇၆/၂၀၁၂) ဖြင့် ဒုတိယသမ္မတ(၂) ဦးဆောင်၍ အဖွဲ့ ဝင် ပြည်ထောင်စုဝန်ကြီး ၁၀ ဦးပါဝင်သော မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများ အမြဲနေထိုင်ခွင့်စနစ် (Permanent Residence System) စီမံခန့်ခွဲရေး ကော်မတီအား အောက်ပါအတိုင်းဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း -
(က) နိုင်ငံတော်ဒုတိယသမ္မတ(၂) ဥက္ကဋ္ဌ
(ခ) ပြည်ထောင်စုဝန်ကြီး(ပြည်ထဲရေး) အဖွဲ့ဝင်
(ဂ) ပြည်ထောင်စုဝန်ကြီး(နိုင်ငံခြားရေး) အဖွဲ့ဝင်
(ဃ) ပြည်ထောင်စုဝန်ကြီး(ပညာရေး) အဖွဲ့ဝင်
(င) ပြည်ထောင်စုဝန်ကြီး(ဘဏ္ဍာရေး) အဖွဲ့ဝင်
(စ) ပြည်ထောင်စုဝန်ကြီး(စီမံကိန်း) အဖွဲ့ဝင်
(ဆ) ပြည်ထောင်စုဝန်ကြီး(ဆောက်လုပ်ရေး) အဖွဲ့ဝင်
(ဇ) ပြည်ထောင်စုဝန်ကြီး(အလုပ်သမား) အဖွဲ့ဝင်
(ဈ) ပြည်ထောင်စုရှေ့နေချုပ် အဖွဲ့ဝင်
(ည) အတွင်းရေးမှူး အဖွဲ့ဝင် (မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်)
(ဍ) ပြည်ထောင်စုဝန်ကြီး
(လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန) အတွင်းရေးမှူး
အဖြစ် ဖွဲ့စည်းဆောင်ရွက်ထားရှိပါကြောင်း။
ဒုတိယသမ္မတ(၂)ဦးဆောင်သော PR စီမံခန့်ခွဲရေးကော်မတီဝင်များသည် ၃၁-၁၀-၂၀၁၂ ရက်နေ့တွင် ပထမအကြိမ်၊ ၃၁-၁-၂၀၁၃ ရက်နေ့တွင် ဒုတိယအကြိမ် အစည်းအဝေးပွဲများ ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ ထို့အပြင် Focal Ministry အဖြစ် တာဝန်ယူထားသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ဝန်ကြီးဌာန အတွင်း၌လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်လည်းကောင်း အကြိမ်ကြိမ် အစည်းအဝေးများကျင်းပပြု လုပ်ခဲ့သည့်အပြင် ဝန်ကြီးဌာန၏ PR လုပ်ငန်းကော်မတီမှလည်း သက်ဆိုင်ရာဘာသာရပ် တာဝန်ခံများဖြင့် အစည်းအဝေးများကျင်းပပြုလုပ်ပြီး အကြံပြုချက်များ၊ သဘောထားမှတ်ချက် များဆွေးနွေးခဲ့ကြပါကြောင်း၊ ၎င်းဆွေးနွေးပွဲများမှ ညှိနှိုင်းရရှိသော အချက်အလက်များကိုအခြေခံ၍ နိုင်ငံခြားသားများ အမြဲနေထိုင်ခွင့်စနစ် စီမံချက်မူကြမ်း ရေးဆွဲနိုင်ခဲ့ပါကြောင်း၊ အဆိုပါမူကြမ်းအား သက်ဆိုင်ရာအဖွဲ့အစည်းများ၏ သဘောထားမှတ်ချက် များ၊ ပြင်ဆင်ချက်များနှင့် ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ပြီးနောက် ညွှန်ကြားချက်နှင့်အညီ အမျိုးသားလွှတ်တော် ဥပဒေ ကြမ်းကော်မတီသို့ ပဏာမအဆင့် တင်ပြညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါ PR စနစ် စီမံချက်မူကြမ်းကို အခြေခံ၍ ရေးဆွဲထားသော နည်းဥပဒေမူကြမ်းအား ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ပေးပို့စိစစ် ဆောင်ရွက်ပြီးဖြစ် ပါကြောင်း။
မြန်မာနိုင်ငံတွင် တည်ဆဲဥပဒေအရ နှစ်နိုင်ငံ၏ နိုင်ငံသားခံယူခွင့်ကို ခွင့်ပြုထားခြင်းမရှိပါသဖြင့် နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ပြည်ပရှိ အခြားနိုင်ငံသားခံယူထားသော မြန်မာနိုင်ငံ သားဟောင်းများသည် မြန်မာနိုင်ငံက လက်ကမ်းကြိုဆိုနေသည့် စီးပွားရေးအခွင့်အလမ်းများကို ရယူ၍ မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံလိုကြသော်လည်း အချို့မှာပြည်ပတွင် ရရှိခံစားပြီးသောခံစားခွင့်၊ ရပိုင်ခွင့်များကြောင့် တုံ့ဆိုင်း မှုများရှိနေကြပါကြောင်း၊သို့ဖြစ်ပါ၍ နှစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် တစ်ချိန်တည်း ရယူခွင့်ပြုသည့်စနစ် အား မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအရ ခွင့်မပြုနိုင်သော်လည်း နိုင်ငံတော်၏အကျိုး၊ မြန်မာနိုင်ငံသားဟောင်းများ၏ အကျိုးနှစ်ရပ်လုံး ကိုဖော်ဆောင်နိုင်ရန်အတွက် အမြဲတမ်းနေထိုင်ခွင့်အား ခွင့်ပြုသည့်စနစ်ကို ချမှတ်ကျင့်သုံးဆောင် ရွက်သွားမည်ဖြစ် ပါကြောင်း၊ မိမိတို့လက်ခံယူထားသည့် နိုင်ငံသားဖြစ်မှုကို စနစ်အရစွန့်လွှတ်ရန်လို အပ်ခြင်းမရှိစေဘဲ မြန်မာနိုင်ငံတွင် ကာလအပိုင်းအခြားဖြင့် နေထိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်များ ရရှိမည်ဖြစ်ပါကြောင်း။
သို့ပါ၍ မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်စနစ် ကျင့်သုံးဆောင်ရွက်နိုင်ရေးနှင့် အာဆီယံဒေသအတွင်း ၅ နိုင်ငံနှင့် အမေရိကန်၊ အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျ၊ တောင်အာဖရိကနိုင်ငံများ၏ အမြဲနေထိုင်ခွင့်ပြုသည့် စနစ်များအပေါ်လေ့ လာသုံးသပ်၍ မြန်နိုင်ငံနှင့်ဆီလျော်သော အစီအမံများကိုရေးဆွဲ ထားခြင်းဖြစ်ပါကြောင်း၊ အဓိအားဖြင့်အမြဲနေထိုင် ခွင့်လျှောက်ထားသူများအတွက် အမျိုးအစား ၄ မျိုးဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ပထမအမျိုးအစားမှာ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အသီးသီးတွင် လုပ်ငန်းခွင်အတွေ့အကြုံရှိပြီး နိုင်ငံတော် လိုအပ် ချက်နှင့်ကိုက်ညီသော နိုင်ငံအကျိုးကိုဆောင်ရွက်နိုင်သူ ပညာရှင်ဖြစ်ပြီး သက်ဆိုင်ရာလုပ်ငန်းအလိုက် ကျွမ်းကျင် ပညာရှင်ဖြစ်ကြောင်း မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနမှ လက်ခံအတည်ပြုသည့် တရားဝင်အသိအမှတ်ပြု လက်မှတ် သို့မဟုတ် အထောက်အထား တင်ပြနိုင်ရမည် ဖြစ်ပါကြောင်း။
ဒုတိယအမျိုးအစားမှာ ရင်းနှီးမြှုပ်နှံရေး စီးပွားရေးလုပ်ကိုင်လိုသူများသည် ကုန်ထုတ်လုပ်ငန်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည်ဆိုပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သော ဥပဒေများနှင့် အညီ ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏနှင့်ညီမျှသော ငွေကြေးပမာဏကို ပိုင်ဆိုင်ကြောင်း တရားဝင်အထောက် အထား တင်ပြနိုင်ရမည် ဖြစ်ပါကြောင်း။
တတိယအမျိုးအစားမှာ ကျွမ်းကျင်ပညာရှင်နှင့် ရင်းနှီးမြှုပ်နှံမှု မပြုလုပ်နိုင်သော နိုင်ငံတော်၏ရေရှည် အကျိုးစီးပွား အတွက် အထောက်အကူပြုနိုင်သူ မြန်မာနိုင်ငံသားဟောင်း များဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်းနေထိုင်စဉ်နေထိုင် စားသောက်ရေးအတွက် ငွေကြေးအလုံအလောက်ရှိသူ သို့မဟုတ် ၎င်း၏နေထိုင်စားသောက်ရေး အတွက် မြန်မာနိုင် ငံအတွင်း အခြေချနေထိုင်သော မြန်မာနိုင်ငံသားက တာဝန်ယူကြောင်း အာမခံချက်တင်သွင်းနိုင် သူဖြစ်ရမည်ဖြစ် ပါကြောင်း၊ နိုင်ငံ၏ရေရှည်အကျိုးစီးပွားအတွက် အထောက်အကူပြုဆောင်ရွက်နိုင်မည့် လုပ်ငန်းနယ်ပယ်အား တင်ပြနိုင်သူဖြစ်ရမည် ဖြစ်ပါကြောင်း။
စတုတ္ထအမျိုးအစားမှာ မြန်မာနိုင်ငံသားနှင့် ဆက်စပ်သော နိုင်ငံ၏ရေရှည် အကျိုးစီးပွားအတွက် အထောက်အကူပြုနိုင် သူ နိုင်ငံခြားသားများအတွက်ဖြစ်ပြီး မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ ဗုဒ္ဓဘာသာမဟုတ်သည့် မြန်မာ့နိုင်ငံသားများ၏ လက်ထပ်ထိမ်းမြားခြင်းနှင့် သက်ဆိုင်သည့် အခြားတည်ဆဲဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ လက်ထပ် ထားသော အိမ်ထောင်သက်တမ်း အနည်းဆုံးနှစ်နှစ်ရှိပြီး လက်ရှိမြန်မာနိုင်ငံသား ဇနီး သို့မဟုတ် ခင်ပွန်းမှအခြား တစ်ပါး တရားဝင်ဇနီး သို့မဟုတ် ခင်ပွန်းရှိသူ မဟုတ်ကြောင်း ကိုယ်တိုင်ကတိကတိဝတ်ပြုပြီးသော နိုင်ငံခြားသား ဇနီး သို့မဟုတ် ခင်ပွန်းအတွက် လျှောက်ထားခြင်းဖြစ်ရမည် ဖြစ်ပါကြောင်း၊ ၎င်းနိုင်ငံခြားသားသည် လက်ရှိ ဇနီး သို့မဟုတ် ခင်ပွန်းမှအပ အခြားတရားဝင် ဇနီး သို့မဟုတ် ခင်ပွန်းရှိသူ မဟုတ်ကြောင်း ၎င်းနိုင်ငံခြားသား၏ နိုင်ငံရှိ တရားရုံးတွင် ကျမ်းကျိန်လွှာ သို့မဟုတ် တရားဝင် အထောက်အထားကို သက်ဆိုင်ရာအစိုးရ အသိအမှတ်ပြု နယူးထွီ Public မှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုတင်ပြရမည်ဖြစ်ပါကြောင်း၊ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့် ပတ်သက်သည့် တည်ဆဲ ဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ မြန်မာနိုင်ငံသားနှင့် လက်ထပ်ထားသော နိုင်ငံခြားသား ဇနီး သို့မဟုတ် ခင်ပွန်း တို့မှ တရားဝင် မွေးဖွားသော သို့မဟုတ် တရားဝင်မွေးစားသော အိမ်ထောင်မပြုသေးသည့် အသက် ၁၈ နှစ်အောက် တရားဝင်သားသမီးများအတွက် လျှောက်ထားခြင်းဖြစ်ရမည် ဖြစ်ပါကြောင်း။
နိုင်ငံ၏ ရေရှည်အကျိုးစီးပွားအတွက် အထောက်အကူပြုဆောင်ရွက်မည့် လုပ်ငန်းနယ်ပယ်အား တင်ပြနိုင် သူဖြစ်ပြီး မြန်မာနိုင်ငံသားနှင့်ဆက်စပ်သော နိုင်ငံ၏ရေရှည်အကျိုးစီးပွားအတွက် အထောက်အကူ ပြုနိုင်သူ နိုင်ငံခြား သားများအတွက် အမြဲနေထိုင်ခွင့်လျှောက်ထားရာတွင် ခွင့်ပြုချက်မရမီတာဝန်ခံလျှောက်ထားသူ မြန်မာနိုင်ငံသား သည် အောက်ပါဖြစ်စဉ်များဖြစ်ပေါ်ပါက အမြဲနေထိုင် ခွင့်လျှောက်ထားမှု ပျက်ပြယ်စေရမည် ဖြစ်ပါကြောင်း၊ သေ ဆုံးခြင်း၊ နိုင်ငံသားအဖြစ်မှရပ်စဲခြင်း သို့မဟုတ် ရုပ်သိမ်းခံရခြင်း အမြဲတမ်းနေထိုင်ခွင့်ရရှိသူအား တရားဝင်ဇနီး သို့မဟုတ် ခင်ပွန်း ကွာရှင်းပြတ်စဲခြင်း၊ အမြဲတမ်း နေထိုင်ခွင့်ရရှိသူအား တရားဝင်သားသမီးအဖြစ်မှ စွန့်လွှတ်ခြင်း တို့ဖြစ်ပါကြောင်း။
အမြဲနေထိုင်ခွင့် သတ်မှတ်ချက်များနှင့်ကိုက်ညီသည့်အတွက် (၅) နှစ်သက်တမ်း ခွင့်ပြုမည်ဖြစ်ပါကြောင်း၊ ခွင့်ပြုချက်ရရှိပြီး အမြဲနေထိုင်ခွင့် (၅) နှစ်သက်တမ်းကာလအတွင်း တစ်နှစ်လျှင် တစ်ကြိမ် သက်တမ်းအတည်ပြု မှတ်ပုံတင်နိုင်ရေးအတွက် တစ်နှစ်ပြည့်သည့်နေ့မှစပြီး ရက်ပေါင်း ၃၀ အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ဆိုင်ရာ ဌာနစိပ်ကို ကာယကံရှင်ကိုယ်တိုင် လာရောက်၍ မှတ်ပုံ တင်ရမည်ဖြစ်ပြီး အမြဲနေထိုင်ခွင့်သက်တမ်း (၅) နှစ်ပြည့်ပြီးပါက ထပ်မံ၍တစ်ကြိမ်လျှင် (၅) နှစ်သက်တမ်း တိုးလျှောက်ထားနိုင်ပါကြောင်း၊ အမြဲနေထိုင်ခွင့်ရရှိသူ လိုက်နာရမည့်တာဝန်များမှာ မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာ နိုင်၍ ကောင်းမွန်စွာနေထိုင်ရမည်ဖြစ် ပါကြောင်း၊ မြန်မာနိုင်ငံ အတွင်း ကျူးလွန်သော ပြစ်မှုများအတွက် မြန်မာနိုင်ငံ၏တရားဥပဒေအရ စီရင်အပြစ်ပေးခြင်းခံရမည်ဖြစ်ပါကြောင်း၊ အမြဲတမ်းနေထိုင်ခွင့် ခွင့်ပြုကြောင်း စတင်အကြောင်းကြားသည့်နေ့မှ၍ ရက်ပေါင်း ၆၀ အတွင်း ကာယကံရှင်ကိုယ် တိုင် အမြဲနေထိုင်ခွင့်လက်မှတ်ကို လာရောက်ထုတ်ယူရမည်ဖြစ်ပြီး ထုတ်ယူနိုင်ခြင်းမရှိက ခိုင်လုံသော အကြောင်းပြ ချက်ကို အချိန်မီ တင်ပြရမည်ဖြစ်ပါကြောင်း၊ အမြဲနေထိုင်ခွင့်တစ်နှစ်ပြည့်ပြီးတိုင်း ရက်ပေါင်း ၃၀ အတွင်းနေခွင့် သက် တမ်း အတည်ပြုမှတ်ပုံတင်နိုင်ရေး ဆောင်ရွက်ရပါမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်သည့်အခါတွင် တည်ဆဲအခွန် ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ အခွန်ကင်းရှင်းကြောင်း သက်သေခံလက်မှတ်ကို တစ်ပါးတည်းတင်ပြရမည်ဖြစ်ပါကြောင်း၊ အမြဲနေထိုင်ခွင့် သက်တမ်းတိုးမြှင့်လျှောက် ထားလိုပါက သက်တမ်း (၅) နှစ်မကုန်ဆုံးမီ အနည်းဆုံးရက်ပေါင်း ၉၀ အလိုတွင်သက်တမ်းတိုး လိုကြောင်းလျှောက် ထားရပါမည်ဖြစ်ပါကြောင်း၊ ယခင်လျောက်ထားစဉ်က တင်ပြခဲ့သည့် စာရွက်စာတမ်း အထောက်အထားများနှင့် ကာယကံရှင်ကိုယ်တိုင် လာရောက်လျှောက်ထားရမည် ဖြစ်ပါကြောင်း။
အမြဲနေထိုင်ခွင့် (၅) နှစ်သက်တမ်းအတွင်း မြန်မာနိုင်ငံပြင်ပတွင် တစ်နှစ်နှင့်အထက် နေထိုင်လိုပါက ခိုင်လုံသော အကြောင်းပြချက်နှင့် တင်ပြရပါမည်ဖြစ်ပြီး နောက်တစ်ကြိမ် သက်တမ်းတိုးသည့်အခါ ငြင်းပယ်ခြင်း ခံရမည်ဖြစ် ပါကြောင်း၊ မြန်မာနိုင်ငံအတွင်း ရရှိသည့်ဝင်ငွေပေါ် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အခွန်ပေးဆောင် ရပါမည်ဖြစ်ပါကြောင်း၊ အမြဲနေထိုင်ခွင့်ရရှိထားသူတစ်ဦး၏ ခံစားခွင့်ရရှိသော အခွင့်အရေးများမှာ စုပေါင်းပိုင် အဆောက်အအုံ၊ တိုက်ခန်းများ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာဥပဒေနှင့်အညီ ဆောင်ရွက်ပိုင်ခွင့်ရှိပြီး အမြဲနေ ထိုင်ခွင့် ရရှိထားသူအမည်ဖြင့် ဝယ်ယူထားသည့် စုပေါင်းအဆောက်အအုံတိုက်ခန်းတွင် အမြဲနေထိုင်ခွင့် အိမ်ထောင်စု လူဦးရေ စာရင်း ပြုလုပ်ခွင့်ရှိပါကြောင်း၊ အိမ်ထောင်စုဝင်များသည် အမြဲနေထိုင်ခွင့်ရရှိသူများဖြစ်ပါက တည်ဆဲ လူဝင် မှုကြီးကြပ်ရေး ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အမြဲနေထိုင်ခွင့်ရရှိထားသူ သည် မြန်မာနိုင်ငံအတွင်းသို့ အမြဲနေထိုင်ခွင့်သက်တမ်းမကုန်ဆုံးမီအချိန်အထိ အမြဲနေထိုင်ခွင့်လက်မှတ်ဖြင့် အကြိမ်ကြိမ်ဝင်ထွက်ခွင့်ရှိသည်ဆိုရာတွင် သက်ဆိုင်ရာနိုင်ငံ၏ သက်တမ်းရှိသော နိုင်ငံကူးလက်မှတ် ပတ်စ်ပို့နှင့် ပူးတွဲကိုင်ဆောင်ရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသားဟောင်းများသည် အမြဲနေထိုင်ခွင့်ဖြင့် မြန်မာနိုင်ငံတွင် (၅) နှစ်နေထိုင်ပြီးက နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူအဖြစ် သတ်မှတ်ပေးနိုင် ပါရန် လျှောက်ထားခွင့်ရှိပါကြောင်း၊ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူခွင့်ပြုခြင်း ခံရပါက အခြားနိုင်ငံသားအဖြစ်ကို စွန့်လွှတ်ရပါမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူခွင့်ပြုခြင်း မခံရပါက၎င်း၏ အမြဲနေထိုင်ခွင့် ရရှိမှုကို ဆက်လက်ခံစားခွင့်ပြုရန် ထပ်မံ လျှောက်ထားနိုင်ပါကြောင်း။
အမြဲနေထိုင်ခွင့်ရရှိထားသူတစ်ဦး၏ ကိုယ်ပိုင်သုံးပစ္စည်းများ အမြဲနေထိုင်ခွင့်ရရှိပြီး ရက်ပေါင်း ၉၀ အတွင်း တင်သွင်းပါက အကောက်ခွန်ဦးစီးဌာန ၁၀-၈-၂၀၁၂ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ်၊ ၅၇ (က) ၂၀၀၇ နှင့်အညီ အကောက်ခွန်ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ တရားဝင်ထုတ်ပြန်ထားသော ကန့်သတ်နယ်မြေ သို့မဟုတ် တားမြစ်နယ်မြေများမှ ကျန်နယ်မြေများသို့ တည်ဆဲလုပ်ထုံးလုပ်နည်းများနှင့်အညီ သွားရောက်နေထိုင် အလုပ်လုပ်ကိုင်လျက်ရှိပါကြောင်း၊ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုနှင့်သက်ဆိုင်သော ဥပဒေများနှင့်အညီ မိမိအားခွင့်ပြုထားသည့် လုပ်ငန်းများ၌ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ခွင့်၊ မြန်မာနိုင်ငံ အတွင်း နိုင်ငံသားများ နည်းတူ ကျန်းမာရေးဆိုင်ရာ ဆေးဝါးကုသခွင့်၊ ပညာရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်နှင့်အညီ ပညာသင်ခွင့်များ ရှိပါကြောင်း၊ တားမြစ်ချက်များမှာ အမြဲနေထိုင်ခွင့်နှင့် လာရောက်နေထိုင်သူများသည် လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ်အဖြစ်သော်လည်းကောင်း၊ ပြည်ပရှိ ပြည်သူမှ ရွေးချယ်တင်မြှောက်သော ကိုယ်စားလှယ်အဖြစ် သို့လည်းကောင်း ရွေးချယ်ခံပိုင်ခွင့်မရှိစေရ၊ မဲဆန္ဒနယ်မြေများနှင့် လွှတ်တော်တစ်ရပ်ရပ်အတွက် ဆန္ဒမဲပေးပိုင်ခွင့် မရှိစေရ၊ နိုင်ငံတော်အစိုးရ၏ လုပ်ငန်းများတွင် နိုင်ငံတော်ဘဏ္ဍာငွေရယူခံစားသည့် အမြဲတမ်းဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်မှု မရှိစေရတို့နှင့် အမြဲနေထိုင်ခွင့်ရုပ်သိမ်းခြင်းတို့ ဖြစ်ပါကြောင်း၊ အမြဲနေထိုင်ခွင့်ရရှိသူများသည် စီမံခန့်ခွဲမှုကော်မတီမှ နိုင်ငံတော်အကျိုးငှာ အခါအားလျော်စွာ ထုတ်ပြန်သည့် တားမြစ်ချက်တစ်ရပ်ရပ်ကိုဖြစ်စေ အားလုံး ကိုဖြစ်စေ ကျူးလွန်ဖောက်ဖျက်ခြင်း၊ နိုင်ငံရေးပါတီအဖွဲ့အစည်းများတွင် ပါဝင်ခြင်း၊ လှုပ်ရှားဆောင် ရွက်ခြင်း၊ ထောက်ပံ့ကူညီခြင်း၊ လူမျိုးရေး၊ ဘာသာရေး သွေးကွဲစေရန် လှုပ်ရှားခြင်း၊ ထောက်ပံ့ ကူညီခြင်း၊ မူ လလျှောက်ထားချက်တွင်ပါဝင်သည့် အချက်အလက်များမမှန်ကန်ကြောင်း၊ လိမ်လှည် ဖော်ပြကြောင်း၊ အတုပြုလုပ်ကြောင်း၊ တရားမဝင်ဖန်တီးကြောင်း တွေ့ရှိရခြင်း၊ အမြဲနေထိုင်ခွင့် လျှောက်ထားရည်ရွယ်၍ လက်ထပ်ခြင်းဖြစ်သည်ဟု စစ်ဆေးတွေ့ရှိရခြင်း၊ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ ဗုဒ္ဓဘာသာဝင်မဟုတ်သည့် မြန်မာနိုင် ငံသားများ၏ လက်ထပ်ထမ်းမြားခြင်းနှင့်သက်ဆိုင်သည့် အခြား တည်ဆဲ ဥပဒေများ၊ ညွှန်ကြားချက်များနှင့် အညီ မြန်မာနိုင်ငံသားနှင့် လက်ထပ်ထားသောဇနီး သို့မဟုတ် ခင်ပွန်းအတွက် အမြဲနေထိုင်ခွင့် ခွင့်ပြုချက် ရရှိပြီးနောက် မြန်မာနိုင်ငံသား ဇနီး သို့မဟုတ် ခင်ပွန်းသည် နိုင်ငံသားအဖြစ်မှ ရပ်စဲ သို့မဟုတ် ရုပ်သိမ်းခံရခြင်း၊ တရားဝင်ဇနီး သို့မဟုတ် ခင်ပွန်း အဖြစ်မှ ကွာစဲပြတ်စဲခြင်း အမြဲနေထိုင်ခွင့် ရရှိသူနောက် အိမ်ထောင်ပြုခြင်း၊ မြန်မာ့ ဓလေ့ထုံးတမ်း ဥပဒေ ဗုဒ္ဓဘာသာဝင်မဟုတ်သည့် မြန်မာနိုင်ငံသားများများ၏ လက်ထပ်ထိမ်းမြားခြင်းများနှင့် သက်ဆိုင်သည့် အခြားတည်ဆဲဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ မြန်မာနိုင်ငံသားနှင့် လက်ထပ် ထားသော နိုင်ငံခြားဇနီး၊ ခင်ပွန်းတို့မှတရားဝင်မွေးဖွားသော အိမ်ထောင်မပြုရသေးသူ အသက် ၁၈ နှစ်အောက် တရားဝင်သားသမီးများ အမြဲနေထိုင်ခွင့် ခွင့်ပြုချက်ရရှိပြီးနောက် မြန်မာနိုင်ငံသား မိဘသည် နိုင်ငံသားအဖြစ်မှ ရပ်စဲ သို့မဟုတ် ရုပ်သိမ်းခံရခြင်း၊ ၎င်းသားသမီးသည် တရားဝင်သားသမီးအဖြစ်မှ စွန့်လွှတ်ခံရခြင်း၊ ကျွမ်းကျင်ပညာရှင် သို့မဟုတ် ရင်းနှီးမြှုပ်နှံသူဖြစ်ပါက အမြဲနေထိုင်ခွင့် ခွင့်ပြုပြီး (၃) နှစ်အတွင်း မူလအလုပ်ဝင်ခဲ့သော လုပ်ငန်းအား စီမံခန့်ခွဲမှု ကော်မတီ၏ ခွင့်ပြုချက်မရဘဲ ပြောင်းလဲလုပ်ကိုင်ခြင်း၊ အမြဲနေထိုင်ခွင့် (၁) နှစ်သက်တမ်းကုန်ဆုံးပြီးနောက် ရက်ပေါင်း ၁၈၀ ပြည့်သည့်နေ့အထိ လာရောက်မှတ်ပုံတင်မှုမရှိခြင်း၊ အမြဲနေထိုင်ခွင့်တားမြစ်ချက်များ၊ သတ်မှတ်ချက် များ ချိုးဖောက်ခြင်းနှင့် လိုက်နာရမည့်တာဝန်များကို ဆောင်ရွက်ရန်ပျက်ကွက်ခြင်း၊ တည်ဆဲအခွန်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ အခွန်ထမ်းဆောင်ခြင်း မပြုဘဲ အခွန် တိမ်းရှောင်ခြင်း၊ အမြဲနေထိုင်ခွင့် ပြုခြင်း/မပြုခြင်း ရုပ်သိမ်းခြင်းဆိုင်ရာ အခွင့်အာဏာကို စီမံခန့်ခွဲမှုကော်မတီသို့ အပ်နှင်းထားသည်နှင့်အညီ အကြောင်းပြချက်တစ်စုံတစ်ရာ ထုတ်ပြန်ရန်မလိုဘဲ ကော်မတီ၏ဆုံးဖြတ်ချက်သည် ပြီးပြတ်ရမည်ဖြစ်ပါကြောင်း။
အမြဲနေထိုင်ခွင့်ပြုသည့်အရေအတွက်အား ဦးစားပေးအလိုက် သတ်မှတ်နိုင်ရေးအတွက်လိုအပ်သော အရည်အချင်း ကို အကဲဖြတ်အမှတ်ပေးစနစ်နှင့် ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တည်ဆဲဥပဒေ တစ်ခုဖြစ်သည့် ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေးနှင့် လတ်တလော ပြဋ္ဌာန်းချက်များ အက်ဥပဒေပုဒ်မ ၄ (၂) တွင် ဗီဇာကိစ္စများ၊ နေထိုင်ခွင့် ကိစ္စများ ပုဒ်မ ၁၁ တွင် အခငွေကောက်ခံသည့် ကိစ္စများနှင့် ပုဒ်မ ၁၆ တွင် နည်းဥပဒေများ ပြုနိုင်သည်ဟုပါ ရှိပြီးဖြစ်ခြင်းကြောင်း အမြဲနေထိုင်ခွင့်စနစ်ကို အချိန်တိုအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လိုအပ်သည့် နည်းဥပဒေအား ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြုံပြုချက်နှင့်အညီ ထုတ်ပြန်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ အမြဲနေထိုင်ခွင့်လုပ်ငန်းအား အကောင်အထည်ဖော်ရာတွင် စနစ်တကျရှိစေရေးအတွက် အမြဲနေထိုင်ခွင့် စနစ် စီမံခန့်ခွဲမှုကော်မတီမှ လိုအပ်သော အမြဲနေထိုင်ခွင့် စိစစ်ခွင့်ပြုထုတ်ပေးရေးဆိုင်ရာ လုပ်ငန်းကော်မတီများကို ဖွဲ့စည်းတာဝန်ပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ ဖြေကြားချက်ကို ပြည်သူ့ လွှတ်တော် ဥက္ကဌကြီးမှ သုံးသပ်ပြောကြားပါသည်။
ဒုတိယဝန်ကြီး ရှင်းလင်းတင်ပြသွားသည်မှာ ဗီဇာနှင့်ပတ်သက်ပြီး နည်းဥပဒေထုတ်ပြန်ဖို့ကိစ္စဖြစ်ပါကြောင်း၊ လုပ်ထုံး လုပ်နည်းအရ နည်းဥပဒေကို သက်ဆိုင်ရာဝန်ကြီးဌာနက တာဝန်ခံ ထုတ်နိုင်သည့်အပြင် အများမျှော် လင့်နေသော ကိစ္စဖြစ်ခြင်းကြောင့်လည်း သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စု အစိုးရကိုတင်ပြပြီး နည်းဥပဒေ ထုတ်နိုင်ကြောင်းဖြင့် သုံးသပ်ပြောကြားခဲ့ပါသည်။
