စမာရေလွှဲဆည်သည် ဆည်စဆောက်သည့်အခါ မဖြစ်မနေ လုပ်ဆောင်ရမည့်ဆည်ကြောင့် သဘာဝ ပတ်ဝန်းကျင်အပေါ်၊ ဂေဟစနစ်များအပေါ်၊ သက်ရှိမျိုးစိတ်များအပေါ်၊ ဒေသခံလူမှုဘဝအပေါ်၊ ဒေသခံများ၏ ကျန်းမာရေးအပေါ် မည်သို့ သက်ရောက်မည်ဆိုသည့် စစ်တမ်းများ ဖြစ်သော EIA, SIA, HIA စသည့် စစ်တမ်းများ လုံးဝ ကြိုတင်ကောက်ယူခြင်းမရှိခဲ့ပါကြောင်း၊ ထို့ကြောင့် မြစ်သားမြို့ပေါ် ၆ ရပ်ကွက်အပါအဝင် အနီးရှိရွာများရှိ ဒေသခံများ ဒုက္ခရောက်ကြရပါကြောင်း၊ ဆည်တွင် လှောင်သည့်ရေသည် သဘာဝအတိုင်း စီးဆင်းသည့်ရေမဟုတ်ဘဲ စိုက်ပျိုးရေ၊ စွန့်ပစ်ရေများကို ပြန်လည်သိုလှောင်သည့်အတွက် မြေဩဇာ၊ ဘိလပ်မြေ၊ ပိုးသတ်ဆေးများ စသည့် ဓာတုဗေဒ ပစ္စည်းများစွာ ပါသည့်အတွက် အနီးတစ်ဝိုက်က သောက်ရေ၊ သုံးရေအားလုံး ညစ်ညမ်းကုန်ပါကြောင်း၊ မသန့်သည့်ရေကြောင့် ကူးစက်ရောဂါအပါအဝင် နာတာရှည်ရောဂါများစွာ ခံစားရပါကြောင်း၊
မြို့ဘေးတည့်တည့် ဆည်ရောက်လာသည့်အတွက် မြစ်သားမြို့ပေါ်အပါအဝင် အနီးအနားရွာများက စွန့်ထုတ်သည့်ရေများက မထွက်နိုင်ရာ အထူးသဖြင့်မိုးရာသီတွင် ရေကြီးရေလျှံ၊ ရေဝပ်မှုများ အကြိမ်ကြိမ်ဖြစ်ခဲ့ပါကြောင်း၊ မြစ်သားမြို့တွင် ဆည်မတည်ခင်က ယခုကဲ့သို့ တစ်ခါမှ မဖြစ်ခဲ့ဖူးပါကြောင်း၊ ထို့နောက် နုန်းထိုင်ပြီး ဆည်ရေမျက်နှာပြင် မြင့်တက်လာသည့်အခါ ဘေးနားကပ်လျက်ရပ်ကွက်များ၊ ရွာများတွင် ရေတွင်း၊ အိမ်သာကျင်း၊ အဆောက်အဦဆောက်ရန် ဖြစ်စေ တွင်းတူးပါက သုံးပေခန့်တွင် ရေထွက်လာပါကြောင်း၊ သို့သော် ထွက်လာသည့်ရေက မသန့်ရှင်းပါကြောင်း၊
မြို့ဘေးဆည်ရောက်လာသည့်အခါ ဂရန်ပေါက်မြေကွက်များ အပါအဝင် တော်တော်များများ ပြောင်းရွှေ့ပေးရပြီး လက်ရှိက လက်မဲ့ဖြစ်ပါကြောင်း၊ မြို့ပတ်လည်က မြေကွက်များအကုန်လုံး ရေဝပ်ဆုံးရှုံးကြရပါကြောင်း၊ စိုက်ပျိုးမြေဧက ၃၀ ကျော်က ရေဝပ်ဧရိယာထဲတွင် ပါသွားပါကြောင်း၊ ထို့အပြင် မိုးရာသီ၌ ဆည်ရေထောက်၌ ရေကြီးပြီး ဧကရာနှင့်ချီပြီး သီးနှံများ ပျက်စီးဆုံးရှုံးရပါကြောင်း၊
အထက်ပါအချက်များကြောင့် စမာရေလွှဲဆည်ကို မြစ်သားတစ်မြို့လုံးအပါအဝင် အနီးအနားရွာများက လုံးဝမထောက်ခံကြပါကြောင်း၊ နည်းမျိုးစုံဖြင့် အမျိုးမျိုး ကန့်ကွက်ခဲ့ကြပါကြောင်း၊ အကျိုးဖြစ်ထွန်းမှု မရှိသလောက်နည်းသော၊ ဒုက္ခပေါင်းစုံပေးသည့် ဆည်ကြီးကို ဖျက်သိမ်းရန်အတွက် မြို့က ဆန္ဒပြတောင်းဆိုသည်အထိ ဖြစ်ခဲ့ပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ ငြိမ်းစုစီဥပဒေပြဋ္ဌာန်းပြီးကာစ မြန်မာနိုင်ငံ၏ ပထမဆုံးလူထုဆန္ဒပြပွဲဟု ပြော၍ရသည့် စမာရေလွှဲဆည် အပြီးတိုင်ဖျက်သိမ်းရေးဆန္ဒပြပွဲကို မြစ်သားတစ်မြို့လုံးက တစ်ခဲနက် ထောက်ခံဝိုင်းဝန်းပေးခဲ့ကြပါကြောင်း၊
သို့ဖြစ်ပါ၍ (၁) EIA, SIA, HIA စစ်တမ်းကောက်ယူခြင်းမရှိခဲ့သော ဒေသခံများ၏ သဘောတူညီချက် လုံးဝမရှိသော ဆည်ရေလှောင်မှုကြောင့် ဒုက္ခမျိုးစုံပေးသော ပြည်သူမလိုလားသည့် စမာရေလွှဲဆည်အား အပြီးတိုင်ဖျက်သိမ်းရန် အစီအစဉ်ရှိ/မရှိ၊ (၂) ဖျက်သိမ်းရန်အစီအစဉ်မရှိပါက အဆိုပါရေလွှဲဆည်ရေတံခါးအား ၁၂ ရာသီပတ်လုံးဖွင့်ထားပြီး ရေသိုလှောင်ခြင်း မပြုလုပ်ရန် အစီအစဉ်ရှိ/မရှိ၊ (၃) အထက်ပါအစီအစဉ်များ မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ပန်းလောင်မြစ်ပေါ်တွင် တည်ရှိသော စမာရေလွှဲဆည်သည် ပန်းလောင်မြစ်အထက်ရှိ ယခင်တည်ဆောက်ထားခဲ့သော ကင်းတားရေလှောင်တမံနှင့် ရေလွှဲဆည် အဆင့်ဆင့်တို့က ပိုလျှံလာသည့်ရေများကို ထပ်မံစုဆောင်းပြီး ဒေသတွင်း ၁၈၉၁ ခုနှစ်ကတည်းက တည်ဆောက်ခဲ့သော ကျီးမဲရေလွှဲဆည်နှင့် စမာတူးမြောင်းကြီး၏ ပထမ တူးမြောင်းကနေ ကျောက်ဆည်နှင့် မြစ်သားမြို့နယ်အတွက် ဆည်ရေသောက်ဧရိယာ ၁၉၉၁၆ ဧကကို ရေလုံလောက်စွာ ပေးဝေနိုင်ရန် ရေကူဖြည့်တင်းနိုင်ရေးဆောင်ရွက်သည့် အခြေအနေလည်း ရှိပါကြောင်း၊ ဒုတိယတူးမြောင်းကနေပြီး မြစ်သားမြို့နယ်အတွင်းရှိ ဆည်ရေသောက်လယ်မြေဧက ၁၈၀၀ ဧက တိုက်ရိုက်ရေပေးဝေနိုင်ရန် တတိယမြောင်းကနေတစ်ဆင့် မြစ်သားမြို့နယ်အတွင်း၌ ဆည်ရေသောက်ဧရိယာ ၁၅၂၇ ဧကကို ရေလုံလောက်စွာ ပေးဝေနိုင်ရန် ရည်ရွယ်ချက်များနှင့် ၁၉၉၇-၁၉၉၈ ခုနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါကြောင်း၊ ထိုစဉ်က စုစုပေါင်းရန်ပုံငွေ ကျပ် ၃၆ သန်း ကုန်ကျခဲ့မှုရှိကြောင်း သိရှိရပါကြောင်း၊
စမာရေလွှဲဆည်မှာ မိုးရာသီမှာ မိုးသည်းထန်စွာရွာသည့်အတွက် ပန်းလောင်မြစ်အတွင်း၌ စီးဝင်ရေများပြားလာသည့်အခါ မြစ်သားမြို့နယ် အနီးပတ်ဝန်းကျင်ရှိရွာများသည် ရေကြီးရေလျှံမှု ဖြစ်ပေါ်လာ ခဲ့လျှင် ရေကြီးရေလျှံမှု လျော့ပါးသက်သာစေရန်အတွက် ရေလွှဲဆည်၏ လက်ယာဘက် ရေထိန်းတာပေါင်ကို အရေးပေါ်ချိုးဖောက်ပေးရလေ့ရှိခဲ့ပါကြောင်း၊ ထိုကဲ့သို့ ရေကြီးရေလျှံမှုဖြစ်ပေါ်ခြင်း နှင့်အတူ ကျန်းမာရေးထိခိုက်မှု၊ သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးထိခိုက်မှုများလည်း အထိုက်အလျောက် ဖြစ်ပေါ်လေ့ရှိသည့်အတွက် ရေကြီးရေလျှံမှုကို လိုအပ်သလို ထိန်းညှိနိုင်ရန် ရေလွှဲဆည်အနီးမှာ သဲထုတ် ရေတံခါးတစ်ခုကို ၂၀၁၂ ခုနှစ်မှာ တည်ဆောက်ခဲ့ရာ စုစုပေါင်း ကျပ်သန်းပေါင်း ၇၀၀ ကုန်ကျခဲ့ပါကြောင်း၊
သဲထုတ်ရေတံခါးမတည်ဆောက်မီက စမာရေလွှဲဆည်၏ ရေအမှတ် Sea Level ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၀၀ ပေထက်ကျော်ပါက မြစ်သားမြို့နှင့်အနီး ပတ်ဝန်းကျင်ကျေးရွာများ ရေကြီးနစ်မြုပ်မှုရှိခဲ့ပါကြောင်း၊ သဲထုတ်ရေတံခါးတည်ဆောက်ခဲ့သည့် ၂၀၁၂ ခုနှစ် နောက်ပိုင်းမှစပြီး ပန်းလောင်မြစ်ရေကြီးရေလျှံပါက သဲထုတ်ရေတံခါးမှ အချိန်နှင့်တစ်ပြေးညီ ရေထိန်းညှိ လျော့ချပေးနိုင်သည့်အတွက်ကြောင့် အမြင့်ဆုံးရေမှတ် Sea Level သည် ပင်လယ်ရေ မျက်နှာပြင်အထက် ၃၀၀ အောက်သာရှိခဲ့သည့်အတွက် ရေကြီးရေလျှံမှုလျော့ပါးသက်သာမှု အခြေအနေရှိပါကြောင်း၊
ဆည်ရေပေးဝေခြင်း၏ ရေလှည့်သဘောတရားအရ သဲထုတ်ရေတံခါးအားပိတ်ပြီး စမာဒုတိယမြောင်းမှ ရေပေးဝေခြင်းဆောင်ရွက်သောကာလသည် ၅ ရက်မှ ၇ ရက် ကြာမြင့်ပါကြောင်း၊ ရေလှည့်တစ်ကြိမ် ပေးပြီးလျှင် ၃ ရက်မှ ၄ ရက်ခန့် ရေဖွင့်ထုတ်ထားသည့်အတွက်ကြောင့် ရေစီးဆင်းရာလမ်းကြောင်းရှိ ချောင်း၊ မြောင်းများတွင် ခြင်၊ ယင်များပေါက်ဖွားပြီး ကျန်းမာရေး ထိခိုက်ခြင်း၊ သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးထိခိုက်ခြင်းကိုလည်းပဲ ဖြေရှင်းပေးနိုင်သည့်အခြေအနေ ရှိခဲ့ပါကြောင်း၊ စမာရေလွှဲဆည် အတွင်း ရေသိုလှောင်မှုကြောင့် မြစ်သားမြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ ရေတွင်းများသည် လည်း လူကိုအန္တရာယ်ဖြစ်စေသည့် အာဆင်းနစ်နှင့် အခြားဓာတ်ပေါင်း များပါဝင်မှုရှိ/မရှိကိုလည်း ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်းက မြစ်သားမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနက ဒေသတွင်းရှိ ရေတွင်းများ၏ ရေနမူနာ ၃၄ ခုကိုကောက်ယူ စုဆောင်းခဲ့ပါကြောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနကလည်း ၂၀၁၆ ခုနှစ် မေလအတွင်း၌ ဒေသတွင်းရှိ ရေတွင်းများမှ ရေနမူနာ ၁၅ ခု ကောက်ယူစုဆောင်းပြီး သက်ဆိုင်ရာ ဓာတ်ခွဲခန်းများတွင် ရေ၏ အရည်အသွေးများကို စိစစ်ခဲ့ပါကြောင်း၊
ထိုသို့ စိစစ်ရရှိ လူကိုအန္တရာယ်ဖြစ်စေသော အာဆင်းနစ်နှင့် အခြားဓာတ်ပေါင်းများပါဝင်ခြင်းမရှိဘဲ သောက်သုံးရန် သင့်တော်သောရေဖြစ်ကြောင်း ပြန်ကြားခဲ့သည့်အတွက် ဒေသခံပြည်သူများသိရှိစေရန် ထုတ်ပြန်အသိပေးပြီးလည်း ဖြစ်ပါကြောင်း၊ စမာရေလွှဲဆည်တည်ဆောက်စဉ်က အခြေအနေ၊ အချိန်အခါအရ ထိုစဉ်ကာလက တစ်လကို ဆည်တစ်ဆည်ဖွင့်လှစ်နိုင်ရေးကို တွန်းအားပေး ဆောင်ရွက်သည့်အလျောက် EIA, SIA ဟုခေါ်သည့် Economic Impact Assessment နှင့် Social Impact Assessment စာတမ်းများ၊ စစ်တမ်းများ ကောက်ယူခြင်းမရှိခဲ့သည်ကို တွေ့ရပါကြောင်း၊ ဒေသတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရှိရင်းစွဲရေအရင်းအမြစ်များ အလဟဿ လေလွင့်ဆုံးရှုံးခြင်း မရှိစေအောင် ထိန်းသိမ်းသိုလှောင်နိုင်ရေး ရည်ရွယ်ချက်နှင့် စမာရေလွှဲဆည်ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ စမာရေလွှဲဆည်က ရေကြီးရေလျှံမှုမဖြစ်အောင် သဲထုတ်ရေတံခါးဖြင့် ထိန်းညှိထုတ်လွှတ်ပေးပြီး မြစ်သားမြို့နှင့် ကျောက်ဆည်မြို့နယ်အတွင်းရှိ လယ်ယာမြေဧရိယာ ၂၃၂၄၃ ဧကကို စိုက်ပျိုးရေပေးဝေ အကျိုးပြုလျက်ရှိသည့် အနေအထားနှင့် ရေတွင်းများမှာ မြေအောက်ရေမြင့်တက်ပြီး သောက်သုံးရေ အဆင်ပြေစေမှု၊ မီးဘေးအန္တရာယ်အတွက် ရေအရန်သင့်ရှိခြင်း စသည့် အထောက်အကူများရှိသည့်အတွက် စမာရေလွှဲဆည်သည် ဖျက်သိမ်းရန် အစီအစဉ်မရှိပါကြောင်း၊
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနအနေဖြင့် စမာရေလွှဲဆည်နှင့်ပတ်သက်သော စီမံဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လိုအပ်သလို စီမံဆောင်ရွက်လျက်ရှိသည့်အပြင် စမာရေလွှဲဆည်၏ အကျိုးဖြစ်ထွန်းမှု အခြေအနေများကိုလည်း တင်ပြပါ အတိုင်း ဒေသနေပြည်သူများကို ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ပါကြောင်း၊ ၆-၁၁-၂၀၁၆ ရက်နေ့တွင် မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဆည်ရေသောက် ဧရိယာအတွင်းရှိ ဒေသခံတောင်သူလယ်သမားများနှင့်တွေ့ဆုံပြီး ဆည်မြောင်းနှင့် ရေအသုံးချရေး စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ၊ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် ပွင့်လင်းမြင်သာစွာ စီမံဆောက်ရွက်ပေးလျက် ရှိပါကြောင်း ရှင်းလင်းဆွေးနွေး တင်ပြခဲ့ပြီးလည်းဖြစ်ပါကြောင်း၊
လက်ရှိတွင် မိုးစပါးရေပေးဝေမှုအရ သဲထုတ်ရေတံခါးက ရေဖွင့်/ပိတ်ခြင်းလုပ်ငန်းစဉ်ကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့ထိတစ်ကြိမ် သဲထုတ်ရေတံခါးအား ပိတ်၍ စိုက်ပျိုးရေ ပေးဝေခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့မှ နိုဝင်ဘာလ ၁၈ ရက်နေ့အထိ ရေပြန်လည် ဖွင့်ထုတ်ပေးထားခဲ့ပါကြောင်း၊ ဆက်လက်ပြီး ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့မှ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ သဲထုတ်ရေတံခါးအား ပြန်လည်ပိတ်ပြီး စိုက်ပျိုးရေပေးဝေခဲ့သည့်အတွက် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့မှ နိုဝင်ဘာလ ၂၉ ရက်နေ့အထိ သဲထုတ် ရေတံခါးအား ပြန်လည်ဖွင့်ထုတ်ပေးခဲ့ပါကြောင်း၊ မိုးစပါးစိုက်ပျိုးရေ ထပ်မံလိုအပ်မှုရှိသေးသည့်အတွက် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့မှ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့အထိ သဲထုတ်ရေတံခါးအားပိတ်ပြီး နောက်ဆုံးအကြိမ်အနေဖြင့် စိုက်ပျိုးရေပေးဝေခဲ့သည့်အလျောက် သဲထုတ်ရေတံခါးအား ပြန်လည် ဖွင့်ထုတ်ပေးထားပြီးဖြစ်ပါကြောင်း၊ ယခုအခါ နွေစပါးရေပေးဝေချိန် ရောက်ရှိလျှင် တင်ပြပါအတိုင်း သဲထုတ်ရေတံခါးအား ဖွင့်/ပိတ်စနစ်ဖြင့် လိုအပ်သလို စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ စမာရေလွှဲဆည်မှာ မြစ်သားနှင့် ကျောက်ဆည်အတွင်းရှိ ဆည်ရေသောက်လယ်မြေဧက ၂၃၂၄၃ ဧကအား စိုက်ပျိုးရေလုံလောက်အောင် ပေးဝေနိုင်ခြင်း၊ ဒေသတွင်းမြေအောက် ရေမြင့်တက်စေခြင်းနှင့် မီးဘေးအန္တရာယ်အတွက် ရေအရန် သင့်ရှိစေခြင်းတို့ကြောင့် ဒေသ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် အကျိုးပြုလျက်ရှိသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှဘဏ္ဍာငွေ မြောက်များစွာ အကုန်အကျခံ တည်ဆောက်ပေးထားသည့် ဆည်မြောင်းနှင့် ရေအသုံးချမှုဆိုင်ရာ ဒေသဖွံ့ဖြိုးရေးအခြေခံ အဆောက်အအုံတစ်ခုဖြစ်သည့်အတွက် အပြီးတိုင် ဖျက်သိမ်းရန် အစီအစဉ်မရှိပါကြောင်းနှင့် မိုးစပါးနှင့်နွေစပါး စိုက်ပျိုးရာသီတွင် ဆည်ရေသောက်စနစ်၏ ရေလှည့်ဇယားအရ စမာရေလွှဲဆည် သဲထုတ်ရေတံခါးဝအား ဖွင့်/ပိတ်စနစ်ဖြင့် လိုအပ်သလို စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ် ဖြေကြားအပ်ပါသည်။
