နိုင်ငံတော်အစိုးရမှ ဘဏ္ဍာနှစ်အလိုက် ငွေလုံးငွေရင်းဘဏ္ဍာငွေ၊ ဖြည့်စွက်ဘဏ္ဍာငွေ၊ ခွဲဝေလျာထားမှုများဖြင့် သက်ဆိုင်ရာမြို့နယ်အလိုက် တည်ဆောက်ရေးလုပ်ငန်းများဖြစ်သည့် ကျောင်း၊ ဆေးရုံ၊ လမ်းတံတား၊ ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများ ကို ဖော်ဆောင်လျက် ပြည်သူများ၏ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေးအစရှိသည့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဘတ်ဂျက်လျာထားမှုများအရ ရရှိသည့်လုပ်ငန်းများအလိုက် တင်ဒါပေး၍ ဆောင်ရွက်စေပြီး ပွင့်လင်းမြင်သာစွာဖြင့် တင်ဒါရွေးခဲ့ကြပါကြောင်း၊ လုပ်ငန်းအလိုက် တင်ဒါအောင် ကန်ထရိုက်တာကုမ္ပဏီများ ရရှိခဲ့ပါကြောင်း၊ မြို့နယ်အလိုက် တည်ဆောက်ရေးလုပ်ငန်းများ ဖော်ဆောင်ရာ၌ အထူးသဖြင့် ကျေးလက်ဖွံ့ဖြိုး ရေးဦးစီးဌာနမှ ဖော်ဆောင်မည့် လမ်းတံတားများအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ကြီးကြပ်ရေးကော်မတီများ ရရှိခဲ့ပါကြောင်း၊ သက်ဆိုင်ရာဌာန လုပ်ငန်းလုပ်ဆောင်ရာ ဒေသရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ကော်မတီတာဝန်ရှိသူများ အစည်းအဝေးပြုလုပ်ကာ လုပ်ငန်းလုပ်မည့် သတ်မှတ်ဘဏ္ဍာငွေ လျာထားမှု၊ လုပ်ငန်းအခြေအနေ ဆောင်ရွက်မည့် အချိန်၊ BP၊ BQ ကစ၍ ဆွေးနွေးခဲ့ကြရပါကြောင်း၊ သို့သော် ကုမ္ပဏီအနေဖြင့် တင်ပြသည်မှာ ၎င်းတို့ကွင်းဆင်းသည့်အခါ လုပ်ငန်းနှင့် ခွင့်ပြုဘဏ္ဍာငွေလျာထားမှုမှာ မဖြစ်နိုင်၍ အထက်သို့ ညှိနှိုင်းအုံးမည်ဟု တင်ပြမှုများလည်း ရှိပါကြောင်း၊ ထို့ကြောင့် ယင်းလုပ်ငန်းနှင့် တင်ဒါအောင်မြင်ပြီးသော ကန်ထရိုင်တာများအနေဖြင့် အလျော့အတင်းရှိနေ၍ အဂတိလိုက်စားမှုများ ရှိနေနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ တင်ဒါအောင် မြင်ပြီးသော ကန်ထရိုက်တာအနေဖြင့် လုပ်ငန်းအခြေအနေများကို ပြန်လည်ညှိနှိုင်းခွင့် ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၌ တင်ဒါ လုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံပိုင်သတင်းစာများတွင် တင်ဒါကြော်ငြာခြင်း၊တင်ဒါစည်းကမ်းချက်များ ရှင်းလင်းခြင်း၊ တင်ဒါပိတ်ရက်တွင် နည်းပညာအဆိုပြုလွှာနှင့် ဈေးနှုန်း အဆိုပြုလွှာများ စစ်ဆေးခြင်းတို့ကို သတ်မှတ်လမ်းညွှန်ချက်များအတိုင်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့က ဖွဲ့စည်းပေးထားသည့် တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့က ညွှန်ကြားချက်များနှင့်အညီ ပွင့်လင်းမြင်သာစွာ ရွေးချယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းများ အတွက် တင်ဒါစည်းကမ်းချက်မှာ လျှောက်ထားသည့် ကုမ္ပဏီများနှင့် မိမိဆောင်ရွက်ရမည့် လုပ်ငန်း တည်နေရာကို မြေပြင်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ခန့်မှန်းတွက်ချက်တင်ပြစေရန်လည်း ထည့်သွင်းထားခဲ့ပါကြောင်း။
တင်ဒါအောင်မြင်သူအနေဖြင့် မူလဈေးနှုန်း (သို့မဟုတ်) တင်ဒါဆိုင်ရာ အခြားသတ်မှတ်ချက်များကို ပြုပြင်ပြောင်းလဲရန် တောင်းဆိုခြင်းများ မပြုရန်အပြင် တင်ဒါအောင်မြင်သူများသည် တင်ဒါ ခေါ်ယူစဉ်က ထည့်သွင်းဖော်ပြထားခြင်းမရှိသော လုပ်ငန်းများကို တာဝန်ယူလုပ်ကိုင်စေခြင်း (သို့မဟုတ်) ယင်းတာဝန်ကို ယူစေရန် မူလတင်သွင်းသော တင်ဒါကို ပြောင်းလဲပြင်ဆင်ခြင်းများ မရှိအောင် ထည့်သွင်း ပြဋ္ဌာန်းထားပါကြောင်း၊ ထို့ကြောင့် တင်ဒါအောင်ပြီးသော ကုမ္ပဏီများအနေဖြင့် တင်ဒါ စိစစ်ရွေးချယ်ရေး အဖွဲ့က ရွေးချယ်အတည်ပြုသော လုပ်ငန်းအမျိုးအစား၊အတိုင်းအတာ၊ စံချိန်စံညွှန်းနှင့် လုပ်ငန်းတန်ဖိုးအစရှိသည့် လုပ်ငန်းအခြေအနေများကို ပြန်လည်ညှိနှိုင်းခွင့်၊ ပြောင်းလဲဆောင်ရွက်ခွင့်မရရန် တင်ဒါလုပ်ငန်းရရှိသူသည် တင်ဒါဆိုင်ရာ စည်းကမ်း ချက်များနှင့် အညီ အရည်အချင်းပြည့်ဝစွာ ဆောင်ရွက်ရန် တာဝန်ရှိပါကြောင်း၊သို့သော် သဘာဝဘေးအန္တရာယ်ကြောင့် သော်လည်းကောင်း၊ အရေးပေါ်အခြေအနေအရ အဖွဲ့အစည်းတစ်ခုခုမှ ကြိုတင်ဆောင်ရွက် ခဲ့ခြင်း ကြောင့်သော် လည်းကောင်း၊ ဆောင်ရွက်မည့် အချိန်တွင် အခြေအနေအရဆောင်ရွက်၍ မရသဖြင့်လည်းကောင်း (ဥပမာအားဖြင့် မူလသတ်မှတ်ချက်အတိုင်း ဆောင်ရွက်၍မရခြင်း၊ ဆောင်ရွက်ပြီးဖြစ်သဖြင့် အခြားနေရာသို့ ပြောင်းရွှေ့ဆောင်ရွက်ရန် လိုအပ်ခြင်း၊ မြေသား လမ်းများ၊ မြေသားရေကန်များ ဆောင် ရွက်ရာတွင် ဖြတ်သန်းခံရသော လယ်မြေပိုင်ရှင်တို့နှင့် ညှိနှိုင်းမရခြင်း၊စက်ရေတွင်းများ တူးဖော်ရာမှာ မြေအောက် ရေကြောမကောင်းသည့်အတွက် ရေထွက်နည်းခြင်း စသည့် ဖွံ့ဖြိုးမှုလုပ်ငန်းများအတွက်) လုပ်ငန်းများ ပြောင်းဆောင်ရွက်ရန် လိုအပ်ပါက သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသဆိုင်ရာအာဏာပိုင်များ၊ ကျေးလက်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒေသခံကျေးရွာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖတို့က ကွင်းဆင်းစစ်ဆေးညှိနှိုင်းဆုံးဖြတ်ပြီး ပြောင်းလဲဆောင်ရွက်လိုသည့် လုပ်ငန်းကို သက်ဆိုင်ရာ ကျေးလက် ဦးစီးဌာနမှတစ်ဆင့် ခရိုင်/တိုင်းဒေသကြီး ကျေးလက်ဦးစီးဌာနသို့ အဆင့်ဆင့် တင်ပြအကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါကြောင်း။
လုပ်ငန်းပြောင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး၏ ဦးစီးမှူးတစ်ဦးတည်းက ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်၍ မရပါကြောင်း၊ သက်ဆိုင်ရာမြို့နယ်မှ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် တင်ပြလာသော လုပ်ငန်းများကို ခရိုင်/တိုင်းဒေသကြီး ဦးစီးမှူးကစိစစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အတည်ပြုချက်ကို ရယူရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောတူ ထောက်ခံချက် ရရှိပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှတစ်ဆင့် ခွင့်ပြုချက်ရရှိရေး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ဆက်လက်ညှိနှိုင်း ဆောင်ရွက်ရပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စိစစ်ပြီးပါက စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ သဘောထားချက်ကို ရယူခြင်း၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တင်ပြပြီး အဆင့်ဆင့်ဆောင်ရွက်ရပါကြောင်း။
သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းထားသော မေးခွန်းနှင့်စပ်လျဉ်း၍ တင်ဒါ အောင်မြင်သော ကန်ထရိုက်တာများအနေဖြင့် လုပ်ငန်းအခြေအနေများကို ပြန်လည်ညှိနှိုင်းခွင့်ရှိ/မရှိ မေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ညှိနှိုင်းခွင့်မရှိပါကြောင်းနှင့် မဖြစ်မနေ လုပ်ငန်းများ ပြောင်းလဲ ဆောင်ရွက်ရန် လိုအပ်မှသာ အဆင့်ဆင့်အတည်ပြုချက် ရယူဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
