(စ)-အခြေခံလူတန်းစားများနှင့်ကျေးလက်နေပြည် သူများ၏လူမှုဘဝအထောက်အကူပြုနိုင်သည်အထိ ငါးသယံဇာတရှားပါးနေသော အင်းအိုင်များသို့ငါး မျိုးစိတ်စိုက်ထည့်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ် လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၇.၁၀.၂၀၁၇)

U Lamar Naw Aungမြန်မာနိုင်ငံသည် မြစ်ချောင်း အင်းအိုင်ပေါများပြီး ငါးသယံဇာတအလွန်ပေါများသောနိုင်ငံ ဖြစ်ပါ ကြောင်း၊ ကျေးလက်နေပြည်သူများအနေဖြင့် မြစ်ချောင်းအင်းအိုင်များတွင် သဘာဝ အလျှောက် ရှင်သန်ပေါက်ဖွားနေသော ငါး၊ ပုစွန်များကို  ဖမ်းယူပြီး ကျေးလက်နေ လူနေမှုဘဝ၏ ဟင်းလျာ အဖြစ်စားသောက်နေထိုင်သော ဓလေ့များရှိကြပါကြောင်း၊

ယခုအခါ လူဦးရေထူထပ်လာခြင်း၊ စီးပွားရေး ကြပ်တည်းလာခြင်းတို့ကြောင့် ငါး၊ ပုစွန်များကို နည်းမျိုးစုံဖြင့် ဖမ်းယူစားသောက်လာကြပါကြောင်း၊ အထူးသဖြင့် ငါးသယံ ဇာတရှားပါးလာခြင်း၏ အဓိကအကြောင်းအရင်းဖြစ်သည့် ဘတ်ထရီဖြင့် ရှော့တိုက် ဖမ်းဆီးခြင်းကို ကချင်ပြည်နယ် တွင်သာမက မြန်မာနိုင်ငံအနှံ့တွင် ပြုလုပ်လာကြပါကြောင်း၊  

ပညာပေးဟောပြောခြင်း၊ စည်းကမ်းချက်ထုတ်ပြန်ပြီး တားမြစ်ခြင်းပြုသော်လည်း လိုက်နာမှု အားနည်းသည်ကို တွေ့ရှိရပါကြောင်း၊ စည်းကမ်းသတ်မှတ်ချက်များသာ ထုတ်ပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းမရှိပါက စည်းကမ်းလိုက်နာမှု အားနည်းနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ငါးသားပေါက် ချိန်၊ ငါးသားပေါက်များစိုက်ထည့်ပေးခြင်းနှင်‌့အတူ ပညာပေးစည်းရုံးခြင်း နှင်‌့ စည်းကမ်းချက်များကိုပါ ထုတ်ပြန်ပါက ရှော့တိုက်မှုနည်းပါးလာကာ လိုက်နာမှုလည်း ရှိလာမည် ဖြစ်သည့်အပြင် စစ်ဆေး တားမြစ်ရန်လည်း အထောက်အကူဖြစ်စေမည်ဟု ယူဆပါကြောင်း၊

သို့ဖြစ်ပါ၍ နိုင်ငံတစ်ဝန်းရှိ ကျေးလက်နေပြည်သူများ၏ လူမှုဘဝအထောက်အကူပြုနိုင်သည်အထိ ရည်ရွယ်ပြီး ငါးသယံဇာတရှားပါးနေသော မြစ်ချောင်းအင်းအိုင်များသို့ ငါးမျိုးစိတ်များကို နှစ်စဉ်စိုက်ထည့်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင်‌့ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ

u hla kyawမြန်မာနိုင်ငံအတွင်းရှိ ရေချိုငါးလုပ်ငန်းရေပြင်များတွင်  ရာသီဥတုဖောက်ပြန်မှုများကြောင့် လည်းကောင်း၊ လူများ၏ ပယောဂများကြောင့်လည်းကောင်း၊ ငါးသယံဇာတများသည် လျော့နည်း လာပါကြောင်း၊ လျော့နည်းလာသည့် ငါးသယံဇာတများကို ပြန်လည်ဖြည့်တင်းနိုင်ရန်နှင်‌့ ရေရှည်ငါး ထုတ်လုပ်နိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင်‌့ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ရေချိုငါးလုပ်ငန်းရေပြင်များဖြစ်သည့် ဂရန်အင်းများနှင်‌့ မြစ်၊ ချောင်း၊ အင်းအိုင်၊ ဆည်ကန် ရေလှောင်တမံများအတွင်း ငါးမျိုးစိုက်ထည်‌့မှုလုပ်ငန်းကို ၁၉၉၁-၉၂ ခုနှစ်မှစ၍  ၂၀၁၁ ခုနှစ် မတ်လအထိ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊

ထိုသို့ ငါးမျိုးတွေစိုက်ထည့်ရာတွင် ငါးလုပ်ငန်းဦးစီးဌာနပိုင် ငါးသားဖောက်စခန်းများက ထုတ်သည့် ငါးမြစ်ချင်း၊ ငါးခုံးမ၊ ရွှေဝါငါးကြင်း၊ ခေါင်းကြီးငါးကြင်း၊ မြက်စားငါးကြင်း၊ ငါးကြင်းဖြူ၊ တီလာ ပီးယား၊ ငါးခေါင်းပွစသည့် ငါးများကို နှစ်စဉ်လျာထားချက်များသတ်မှတ်ပြီး ငါးမျိုးစိုက်ထည့်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၁ ခုနှစ် ဧပြီလမှစ၍  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အ‌ခြေခံ ဥပဒေ ပုဒ်မ ၁၈၈ ဇယား(၂)အရ ရေချိုးငါးလုပ်ငန်း၏ စီမံခန့်ခွဲမှုကို တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့အား လွှဲပြောင်းပေးပြီးဖြစ်သည့်အတွက် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်  သက်ဆိုင်ရာ ရေချိုငါးလုပ်ငန်းဥပဒေကို အသီးသီးရေးဆွဲပြဋ္ဌာန်းပြီး တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ရေချိုငါးလုပ်ငန်းဥပဒေနှင့်အညီ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိကြပါကြောင်း၊

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၆(က)နှင့် (ခ)တို့အရ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအနေဖြင့် ယင်းတို့၏ ဒေသအသီးသီးတွင်ရှိသော လက်အောက် အစိုးရဌာန/အဖွဲ့အစည်းများနှင်‌့ လုပ်ငန်းဆောင်ရွက်မှုများကို စီမံခန့်ခွဲကြီးကြပ်ခြင်း၊ လမ်းညွှန်းခြင်း၊ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငါးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် ဂရန်အင်းနှင်‌့ မြစ်ချောင်းအင်းအိုင် ဆည်၊ ကန်၊ ရေလှောင်တမံများအတွင်း သဘာဝငါးမျိုး ထိန်းသိမ်းခြင်းနှင့် ငါးမျိုးကောင်းမျိုးသန့်များ စိုက်ထည့်ခြင်း၊ ငါးနေငါးထိုင်များ ပြုပြင်ထိန်းသိမ်းခြင်း များကို ဆက်လက်ကြီးကြပ်ဆောင်ရွက်လျက် ရှိကြပါကြောင်း၊

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၁၃-၂၀၁၄ ခုနှစ်မှ  ၂၀၁၇-၂၀၁၈ ခုနှစ်အထိ သဘာဝမြစ်ချောင်းများ ဧရာဝတီမြစ်၊ ဆည်/ရေ လှောင်ကန် တာတမံ၊ စပါးခင်းများ၊ ဌာနဆိုင်ရာနှင်‌့ ဂရန်အင်းများအတွင်း စုစုပေါင်းငါးသားပေါက်ကောင်ရေ သိန်း ၇၀၄၁ သိန်းအား ငါးမျိုးစိုက်ထည့်ခဲ့မှုကို ဆောင်ရွက်ခဲ့ပါ ကြောင်းနှင့် ယင်းလုပ်ငန်းစဉ်အား ဆက်လက်စီမံဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။