ပင်လောင်းမြို့နယ်သည် ပင်လယ်ရေမျက်နှာသွင်ပြင် အမြင့်ပေ ၃၀၀၀ မှ ၅၀၀၀ အတွင်း တည်ရှိပြီး အေးမြသောရာသီဥတုရှိကာ ပအိုဝ်း၊
ရှမ်း၊ မြန်မာ၊ တောင်ရိုး၊ ကယားနှင့် ကရင် စသည့် တိုင်းရင်းသားများ အေးအတူပူအမျှ ထာဝရချစ်ကြည် ရင်းနှီးစွာ နေထိုင်ကြပြီး အေးချမ်း သာယာသော မြို့နယ်တစ်မြို့နယ် ဖြစ်ပါကြောင်း၊ပင်လောင်းမြို့နယ် နောင်တရား၊ ပင်မွန်း၊ တီပေါင်း၊ ပေါအစ်နှင့် မြောက်ထီဗွာ စသည့် ကျေးရွာအုပ်စုငါးခုအတွင်းရှိ ကျေးရွာများအား ဆက်သွယ်ပေးထားသော ၁၀ မိုင်ခန့်ရှည်သည့် တကူမို့-လှဲပေ-ပင်မွန်း-ထာငိုလမ်းသည် လွန်ခဲ့တဲ့ ၁၉၆၀ ခုနှစ်ကတည်းက ကျောင်းထိုင်ဆရာတော်များ တစ်ပါးပြီးတစ်ပါး စဉ်ဆက်မပြတ် ဦးဆောင်ပြီး ဒေသခံ ပြည်သူများ၏ လုပ်အားဖြင့် မြေထုမြေသားများကို ဖယ်ရှားခြင်း၊ ကျောက်ဆောင်ကျောက်ကမ်းပါးများကို ဖြိုခွဲခြင်းတို့ဖြင့် ဖောက်လုပ်ခဲ့ရာ ယခုဆလျှင် ကျောက်ချောလမ်း အဖြစ်သို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် လွှတ်တော် ရန်ပုံငွေဖြင့် လမ်းချဲ့ထွင်ခြင်း၊ န.တ.လ ရန်ပုံငွေဖြင့် တံတားများ တည်ဆောက်ပေးခြင်းတို့ကြောင့် ဒေသအတွင်း ထွက်ကုန်များဖြစ်သော လက်ဖက်၊အာလူး၊ လိမ္မော်၊ သစ်တော်၊ဒညင်း၊ ထောပတ်၊ ကြက်သွန်ဖြူနှင့် မီးဖိုချောင်သီးနှံများကို ပင်လောင်းမြို့၊ နောင်တရားမြို့၊ အောင်ပန်း၊ ကလော၊ ညောင်ရွှေ၊ လွိုင်ကော်၊ နေပြည်တော်သို့ ယာဉ်များဖြင့် ရာသီအလိုက် ပို့ဆောင်ပေး လျက်ရှိပါကြောင်း၊ထို့အပြင် ၎င်းလမ်းသည် အရှေ့အနောက်ကို သွယ်တန်းနေသော နေပြည်တော်-ပင်လောင်း-ညောင်ရွှေ-ကျောက်တစ်လုံး စသည့် ပြည်ထောင်စုလမ်းမနှင့်လည်းကောင်း တောင်၊ မြောက်ဆက်သွယ်ပေးသော လွိုင်ကော်-ပင်လောင်း -အောင်ပန်း ပြည်ထောင်စုလမ်းမကြီးနှင့် လည်းကောင်း၊ တြိဂံ၏အနားတစ်ဖက် လိုဆက်သွယ်ပေးနေတဲ့ ကုန်ထုတ်လမ်းမကြီးတစ်ခုလည်း ဖြစ်ပါကြောင်း၊ ထိုလမ်းကြောင့် တောင်သူလယ်သမားများ၏ လူနေမှုလိုအပ်ချက်ဖြစ်သော ပညာရေး၊ ကျန်းမာရေးတို့ကိုလည်း ပြည့်စုံစေသည့် အပြင် ကျေးရွာတိုင်း ကိုယ့်အားကိုယ်ကိုးဖြင့် ၂၄ နာရီမီးလည်း ရရှိနေပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါကုန်ထုတ်လမ်းအား ကတ္တရာ လမ်းအဖြစ်သို့ မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် တွင် ရန်ပုံငွေ ထည့်သွင်းလျာထားခြင်းရှိ/မရှိ သိလိုကြောင်း ပြောကြားပါသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်းရှိ နောင်တရားကျေးရွာ အုပ်စု၊
ပင်မွန်းကျေးရွာအုပ်စု၊ မြောက်ထီဗွာကျေးရွာအုပ်စုနှင့် တီပေါင်းကျေးရွာအုပ်စုတို့ကို ဆက်စပ်လျက်ရှိသော တကူမို့-လှဲပေ-ပင်မွန်း-ထီတမောင်း-ထာငိုကျေးရွာ ချင်းဆက်လမ်း အရှည် ၁၀ မိုင်၏ လက်ရှိအခြေအနေသည် ကျောက်ချောလမ်းဖြစ်ပြီး ကျေးရွာလေးရွာ၊ အိမ်ခြေ ၄၆၀ နှင့် လူဦးရေ ၂၆၆၂ ဦးတို့ကို အကျိုးပြုသည်ဟု သိရှိရပါကြောင်း၊ အဆိုပါ ကျောက်ချောလမ်း အရှည် ၁၀ မိုင်ကို ကတ္တရာလမ်းဆောင်ရွက်ပါက စုစုပေါင်းငွေကျပ် ၉၉၁.၅၂ သန်းခန့် ကုန်ကျမည်ဟု ခန့်မှန်းရပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မိမိ၏ ဌာနဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအောက်ရှိ ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၉၈၃.၃၃၂ သန်းနှင့် လျာထားသည့်နေရာတွင် ကတ္တရာလမ်း ၂.၃ ဖာလုံ၊ ကျောက်ချောလမ်း ၈ မိုင် ၄ ဖာလုံ၊ မြေသားလမ်း ၇ မိုင်၊ ကွန်ကရစ်တံတားလေးစင်းနှင့် Box Culvert ၁၀ စင်းတို့ကို ယခု ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း ဆောင်ရွက်သွားရန် လျာထားပါကြောင်း၊
ပင်လောင်းမြို့နယ်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ ရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၃၂၅.၉၆ သန်းဖြင့်သာ ဆောင်ရွက်ခွင့်ရရှိပါပြီး ကျောက်ချော လမ်း ၃ မိုင်၊ မြေသားလမ်း ၁ မိုင် ၄ ဖာလုံ၊ ကွန်ကရစ်တံတားနှစ်စင်းနှင့် Box Culvert စင်းတို့ကို ယခု ဘဏ္ဍာရေးနှစ်အတွင်းမှ ဆောင်ရွက်ပေးနိုင်ရန် လျာထားပါကြောင်း၊
ယခုအခြေအနေသည် ပြည်ထောင်စုအဆင့်နှင့် လမ်း၊ တံတားလုပ်ငန်းများနှင့်ပတ်သက်ပြီး လမ်းအမျိုးအစား သတ်မှတ်သော လုပ်ငန်း လမ်းအဆင့်သတ်မှတ်ခြင်း၊ စံချိန်စံညွှန်းများ သတ်မှတ်ခြင်းနှင့် လမ်းနယ်သတ်မှတ်ခြင်းများ နယ်နိမိတ်သတ်မှတ်ခြင်းများနှင့် Strategy and Investment Plan တွေကို ရေးဆွဲစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စု အဆင့်သတ်မှတ်ချက် Criteriaနှင့်အညီ ဦးစားပေးရွေးချယ်ခြင်းကို ပြည်နယ်/တိုင်းဒေသကြီးများမှ သက်ဆိုင်သူအဖွဲ့အစည်းများအားလုံး ပါဝင်ဆွေးနွေးပြီး နှစ်တို /နှစ်ရှည် စီမံကိန်း Master Plan ရေးဆွဲရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ Master Plan အရ ဦးစားပေးရေးဆွဲတင်ပြလာသော လုပ်ငန်းများ အပေါ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှစိစစ်၍ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
တကူမို့-လှဲပေ-ပင်မွန်း-ထီတမောင်း-ထာငို ကျေးရွာချင်းဆက်လမ်းသည် မိမိဝန်ကြီးဌာနရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခြင်းမရှိပါကြောင်းနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခြင်း ရှိ/မရှိနှင့် သက် ဆိုင်သော မေးခွန်းကို နှစ်အလိုက် ပြည်နယ်/တိုင်းဒေသကြီးများ၏ ဦးစားပေးလျာထားသည့် တင်ပြမှုအပေါ် မူတည်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး၏ ပါဝင်လိုသော ဆန္ဒကိုလည်း သက်ဆိုင်ရာပြည်နယ်/ တိုင်းဒေသကြီးများကို အကြောင်းကြားပေး မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဦးခွန်မောင်သောင်း(ပင်လောင်း) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကွန်ကရစ်လုပ်ငန်းအားလုံးသည် မြို့နယ်အသီးသီးရှိ မြို့နယ်အစီအစဉ်၊ ဒေသဦးစီး၏ အစီအစဉ်နှင့် ရှမ်းပြည်နယ်အစိုးရကိုပါ စီမံချက်ရေးဆွဲပြီး တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုလတွင် ပြီးခဲ့သော နှစ်နှစ်တာကာလကတည်းက တင်ပြထား ပြီးဖြစ်သည့်အတွက် လာမည့် ၂၀၁၇-၂၀၁၈ တွင်လည်း ဆက်လက်တင်ပြထားပြီးသားဖြစ် သောကြောင့် ဝန်ကြီးများအနေဖြင့် အဆိုပါလမ်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်း လျာထားပေးရန် တိုက်တွန်းတင်ပြခြင်းဖြစ်ပါကြောင်း မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ
တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဒီအဆိုရှင်က တင်ပြထားသည့်အတွက် ၂၀၁၇-၂၀၁၈ တွင် ထည့်သွင်းပေးနိုင်ပါက ထည့်သွင်းပေးရန် တိုက်တွန်းသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါ သည်။
