(ခ)-ဆောမြို့နယ်တောင်ပိုင်း၊ လောင်းရှည် ကျေးရွာ တွင်မိုးကြီးသည်းထန်စွာရွာသွန်းပြီးစလင်းချောင်းရေ ကြီး တိုက်စားမှုကြောင့်ယခုနှစ်ပွင့်လင်းရာသီအမီ ခိုင်ခံ့သည့် ကျောက်စီ ရေကာ(၂)ခု အမြန်ဆုံး တည်ဆောက်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်း သည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၇.၂.၂၀၁၇)

ဦးကျော်တင် (ဆော)ဆောမြို့နယ်တောင်ပိုင်း၊ လောင်းရှည်ကျေးရွာသည် ၁-၈-၂၀၁၆ နေ့မှ ၁၄-၈-၂၀၁၆ ရက်နေ့ထိ စလင်းချောင်းရေကြီးပြီး တိုက်စားမှုကြောင့် သောက်ရေတွင်း တစ်တွင်း၊ လူနေအိမ်တစ်လုံး ရေစီး မျောပါသွားပါကြောင်း၊ နေအိမ်တစ်လုံးကိုလည်း လူထုလုပ်အားဖြင့် အမြန်ရွှေ့ပြောင်းခဲ့ရပါကြောင်း၊ ရေအားလျှပ်စစ်၊ စပါးကြိတ်ခွဲစက်၊ တာဘိုင် တစ်လုံးလည်း ရေစီးထဲမျောပါခဲ့ပြီး  ကျေးရွာငါးရွာ၏ လယ် ၃၂၅  ဧက စိုက်ပျိုးနေရသည့် ရေသွင်းမြောင်းကြီးမှလည်း ရေတိုက်စားလုနီးပါး အခြေအနေ ဖြစ်နေပါကြောင်း၊ လောင်းရှည်ကျေးရွာအား ရေတိုက်စားမှုမှ ကာကွယ်ပေးရန်နှင့် နိုင်ငံတော်မှ စလင်းချောင်းရေကူး ဘေလီတံတားကြီးကိုလည်း ရေတိုက်စားခြင်းဘေးမှ ကာကွယ်ပေးရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ ကျေးရွာလူထုမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် သစ်သားများ၊ မင်းတုံးများ၊ ကျောက်ခဲများဖြင့် ခက်ခဲပင်ပန်းကြီးစွာ နေ့စဉ်ရက်ဆက်ပြုလုပ်နေခဲ့ကြရပါကြောင်း၊  အမှန်တကယ် အန္တရာယ်ကျရောက်နေသည့် အခြေအနေကို ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ခိုင်ခံ့သည့်ကျောက်စီရေကာနံရံ(၂)ခု အမြန်ပြုလုပ်ပေးမည်ဆိုပါက အန္တရာယ်များမှ လွတ်မြောက် နိုင်ပြီး စိုက်ပျိုးနိုင်မည့် မြေဧက ၁၀၀ ခန့်ပေါ်ထွက်လာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုနှစ် ပွင့်လင်းရာသီအမီ ခိုင်ခန့်သည့် ကျောက်စီရေကာ(၂)ခု အမြန်ဆုံးတည်ဆောက်ပေးနိုင်ခြင်း အစီအစဉ်ရှိ/မရှိကို  သိလိုကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးကျော်မျိုးမကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်(တောင်ပိုင်း)ရှိ လောင်းရှည်ကျေးရွာသည် စလင်းချောင်း တောင်ဘက် ချောင်းစပ်အပြင်ကမ်းပါး (Outer Bank)ပေါ် တွင် တည်ရှိပြီး ပုံမှန်အားဖြင့် မိုးရာသီ ရေများချိန်တွင် ကျေးရွာဘက်သို့ ရေရောက်ရှိသည်ဟု သိရှိရပါကြောင်း၊  စလင်းချောင်း၏  ပုံမှန် ရေကြီးမှုသည် ၈ ပေမှ ၁၀ ပေအထိ ရှိသော်လည်း မုန်တိုင်းမိုးရွာသည့် အချိန်တွင် ချောင်းရေ မျက်နှာပြင်သည် ၁၅ ပေအထိတက်ကြောင်း၊  လောင်းရှည်ကျေးရွာ၊ စလင်းချောင်းရေစား ကမ်းပြိုမှု များသည်  ၂၀၁၃ ခုနှစ်မှ စတင် ဖြစ်ပွားခဲ့ပြီး ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တွေမှာလည်း ရှိခဲ့သည့် အတွက် လူနေအိမ်များ၊ စိုက်ပျိုးမြေဧရိယာများ ဆုံးရှုံးပျက်စီးခဲ့ပါကြောင်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်  ဆောမြို့နယ် တောင်ပိုင်း၊ လောင်းရှည်ကျေးရွာ၊ စလင်းချောင်း ရေတိုက်စားမှု အခြေအနေများကို  ၉-၁၂-၂၀၁၆ ရက်နေ့တွင် ကွင်းဆင်းတိုင်းတာ စစ်ဆေးဆောင်ရွက်ခဲ့ပါကြောင်း၊ စလင်းချောင်းသည် ချောင်းကြမ်း ပြင်မြင့်တက်လာမှုနှင့် ၂၀၁၃ ခုနှစ် ရေလယ်တိုင် ရှစ်လုံးနှင့် တည်ဆောက်ခဲ့သည့် ဘေလီတံတား၏ ရေလယ်တိုင်များကြောင့် ရေများချိန်တွင် ရေစီးကြောင်းများ ပုံမှန်မရှိဘဲ ခွဲထွက်စီးဆင်းမှုတို့ကြောင့် ရေစားကမ်းပြိုခြင်း ဖြစ်သည်ကို တွေရှိရပါကြောင်း၊ ရေတိုက်စားမှုကာကွယ်နိုင်ရန်အတွက် ကျောက်ကြီးဖြည့် Steel Basket ရေလွှဲရေကာ ခြောက်ခုကို တည်ဆောက်ကာကွယ် ပေးရန် လိုအပ်မည်ဖြစ်ပြီး အဆိုပါ ရေလွှဲရေကာ ခြောက်ခု တည်ဆောက်ခြင်းအတွက် ခန့်မှန်းကုန်ကျ စရိတ်မှာ ကျပ်သန်း ၁၅၆.၅၂၅ တိတိဖြစ်ကြောင်၊ ယခုလို အကာအကွယ်များလုပ်ပေးမည်ဆိုပါက ကျေးရွာဘက်သို့ မိုးရာသီ ရေစီး ကြောင်း ခွဲထွက်မှုများကို ရေစီးနှုန်းလျှော့ချ၍ ကမ်းနှင့်ဝေးရာတွင် စီးဆင်းစေခြင်းဖြစ် ကမ်းစား/ ကမ်းပြိုမှုများကို ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများကို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်း(၉)ခုအတွက် မကွေးတိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုရန်ပုံငွေစုစုပေါင်း ကျပ်သန်း ၃၁၇၆.၁၅ သန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၇-၁၈ ဘဏ္ဍာရေး နှစ်တွင် လုပ်ငန်း ၁၈ ခုအတွက် စုစုပေါင်း ခန့်မှန်းကုန်ကျငွေကျပ်သန်း ၂၈၄၃.၄၁ ကို မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေတွင် လျာထားပါကြောင်း၊ သို့ဖြစ်ပါ၍ လောင်းရှည် ကျေးရွာ စလင်းချောင်းရေတိုက်စားကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်း နှင့်ပတ်သက်၍ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်များတွင် ရန်ပုံငွေ ထည့်သွင်းလျာထားခြင်းမရှိသေးပါသဖြင့် လောင်းရှည်ကျေးရွာ၊ စလင်းချောင်း ရေကြီးတိုက်စားမှု ကာကွယ်ရန် ကျောက်စီရေကာ(၂)ခု တည်ဆောက်ခြင်းအား  လတ်တလောဆောင်ရွက် ပေးနိုင်ခြင်း မရှိသေးပါကြောင်း ဖြေကြားခဲ့ပါသည်။