(ခ)-မုန်းချောင်းတစ်စိတ်တစ်ပိုင်းအားကမ်းထိန်း နံရံပြုလုပ်ခြင်း၊ ကွေ့ကောက်၍ စီးဆင်းနေသော မုန်းချောင်းရှိသဲသောင်များအားဖြောင့်တန်းဖောက် လုပ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ (၁၇.၁၁.၂၀၁၆)

ပွင့်ဖြူမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းသော မုန်းချောင်းသည် မကွေးတိုင်းအတွင်း ဧရာဝတီမြစ်ထဲသို့ အနောက်ဘက်မှ စီး ဝင်သော ချောင်း များအနက် အကြီးဆုံးချောင်းတစ်ချောင်း ဖြစ်ပါကြောင်း၊ချင်းပြည်နယ်၊ မတူပီမြို့ အရှေ့မြောက်ဘက် မိုင် ၂၀ ခန့်အကွာ ဝိတိုရိ ယတောင်တန်းမှ မြစ်ဖျားခံ၍ စီးဆင်းသော ချောင်းတစ်ချောင်းလည်းဖြစ်ပါကြောင်း၊ မုန်းချောင်းပေါ်၌ အကျိုးဖြစ်ထွန်းသော မုန်းတမံ လျှပ်စစ် မဂ္ဂါဝပ် ၇၅ ဦးထွန်းထွန်း(ပွင့်ဖြူမဲဆန္ဒနယ်)မဂ္ဂါဝပ်လျှပ်စစ်စက်ရုံတစ်ခု၊ ကျီးအုံကျီးဝတမံမှ လျှပ်စစ် မဂ္ဂါဝပ် ၇၄ မဂ္ဂါဝပ်ထုတ်လုပ်သော စက်ရုံတစ်ရုံနှင့် ဧကပေါင်း ၈၀၀၀၀ ကျော် ရေပေးဝေနေသော မဲဇလီရေလွှဲဆည်လည်းရှိပါကြောင်း၊ သို့သော်လည်း မုန်းချောင်းပေါ်ရှိ မဲဇလီ ရေလွှဲဆည်အောက်မှ ဧရာဝတီမြစ်ထဲသို့ စီးဝင်သည်အထိ ချောင်း၏ ဘေးဝဲ/ယာရှိ ကျေးရွာများအား နှစ်စဉ်ရေကြီးရေလျှံဖြစ်ခြင်း၊ကိုင်းမြေ/ယာမြေများ တိုက်စားခြင်း၊ သဲများ၊ ကျောက်စရစ်များဖုံးလွှမ်းခြင်း၊ ကျေးရွာများကမ်းပါးပြို၍ ဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်နေရပါကြောင်း၊

မဲဇလီရေလွှဲဆည်အောက်ရှိ မဲဇလီကျေးရွာ၏ ယာမြေဧကပေါင်း ၂၀၀ ကျော် တိုက်စားသွားပါကြောင်း၊ အင်းကုန်းကျေးရွာတွင် လတ်တလော အိမ်ခြေ ၁၅ အိမ် သြင်္ဂိုဟ်စရာ သုဿန်တောင် ရွှေ့ပြောင်းထားရပါကြောင်း၊ ပြီးခဲ့သော ၂၀၁၅ ခုနှစ်တွင် အုတ်ဖိုကျေးရွာ၌ နေအိမ် ၁၅ အိမ်၊ ၁၇ အိမ် အရေးပေါ် ရွှေ့ပြောင်းခဲ့ရပါကြောင်း၊ ပွင့်ဖြူမြို့နယ်အောက်ရှိ ညောင်ပင်ရွာကျေးရွာ၊မရိုးကုန်း၊ ဂါတ်ကုန်း ဇီးတော၊ မကျီးကုန်း၊ ဖလံတော၊ သစ်တော်စသည့် ကျေးရွာများတွင်လည်း ကမ်းပါးပြိုနေသည့် အခြေအနေရှိပါကြောင်း၊ ယခုကဲ့သို့ ယာမြေများ တိုက်စားခြင်း၊သဲများ၊ ကျောက်စရစ်များ ဖုံးလွှမ်းခြင်း၊ ကျေးရွာများ ကမ်းပါးပြိုခြင်းကြောင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အဘက်ဘက်မှ နိမ့်ကျလျက်ရှိပါကြောင်း၊

သို့ဖြစ်ပါ၍ မဲဇလီရေလွှဲဆည်အောက်မှ ဧရာဝတီမြစ်အထိစီးဆင်းနေသော မုန်းချောင်း တစ်စိတ်တစ်ပိုင်းအား ကမ်းထိန်းနံရံပြုလုပ်ခြင်း၊ ကွေ့ကောက်၍စီးဆင်းနေသော မုန်းချောင်းရှိ သဲသောင်များအား ပြည်ထောင်စုအစိုးရအနေဖြင့် ဖြောင့်တန်းဖောက်လုပ်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး
အဖြေ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးမုန်းချောင်းသည် ချင်းတောင်တန်းနှင့် ရခိုင်ရိုးမတို့မှ မြစ်ဖျားခံစီးဆင်းပြီး ချောင်းကြမ်းပြင်တွင် လျှောစောက်များ များပြားသည့်အတွက် မိုးရာသီ အချိန်၌ ရေစီးသန်သည့်အပြင် ကွေ့ကောက်စီးဆင်းမှုကြောင့် ရေတိုက်စားကမ်းပြိုမှုများ ကြုံတွေ့ရလျက်ရှိပါကြောင်း၊မုန်းချောင်းသည် မဲဇ လီရေလွှဲဆည်မှ ဧရာဝတီမြစ် အထိ အလျား ၅၃ မိုင်ခန့်ရှည်လျားပြီး ချောင်းကြမ်းပြင်လျှောစောက်သည် အစအဆုံး ပေ ၇၀ ခန့် ကွာခြားလျက် ရှိပါကြောင်း၊မုန်းချောင်း၏ မိုးရာသီရေစီး သန်ခြင်းနှင့် ကွေ့ကောက်စီးဆင်းမှုတို့ကြောင့် စုစုပေါင်း အဓိကအားဖြင့် ၁၀ နေရာ တွင် ရေစားကမ်းပြိုမှုများ ကြုံတွေ့ရလျက်ရှိပါကြောင်း၊

မကျီးကုန်း၊ ရှောက်တော၊ မင်းရွာ၊ သစ်တော်ကျေးရွာများတွင် ကမ်းပြိုမှုအနေအထားများကို မိမိတို့ မှတ်တမ်းတင်ထားပါကြောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် မိမိတို့ဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေ ၄၃.၁၅ ကျပ်သန်းဖြင့် ပွင့်ဖြူမြို့နယ်၊ မရိုးကုန်းကျေးရွာ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ ပါကြောင်း၊ နှစ်တန်းသွား မျောတန်း သဲအိတ်ခံ ကျောက်စီရေကာ အလျား ၅၀ ပေ ၄ ခု၊ ကမ်းရင်းကျောက်ကြီး ဖြည့်မျောကရစ်ကွက် ကမ်းပါးထိန်းရေကာ အလျား ၆၀ ပေ ၄ ခု မိမိတို့ ဆောင်ရွက်ပေးခဲ့ပါကြောင်း။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေ ၁၅၉.၃ သန်းဖြင့် ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက် ကမ်းပြိုကာ ကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဆောင်ရွက်ပေးခဲ့သည့် လုပ်ငန်းများမှာ နှစ်တန်းသွား မျောတိုင်တန်း သဲအိတ်ခံ ကျောက်စီရေကာ အလျား ၆၀ ပေ ၁၀ ခု၊ ကမ်းရင်းကျောက်ကြီးဖြည့် မျောကရစ်ကွက်ကမ်းပါးထိန်းရေကာ အလျား ၈၀ ပေ ၁၀ ခု တည်ဆောက်ပေးခဲ့ပါကြောင်း၊

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အရေးပေါ်ရန်ပုံငွေ ကျပ် ၁၀ သန်းဖြင့် ကျွန်တော်တို့က ပွင့်ဖြူမြို့နယ်၊ ဇီးတောကျေးရွာ ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများ အဖြစ် ကျွန်းဖြတ်တူးမြောင်းဖောက်လုပ်ခြင်းလုပ်ငန်း အလျား ၆၀၀၊ သုံးတန်းသွားမျောတိုင်တန်း ရေလွှဲ ရေကာ အလျား ၃၀၀ ပေ ၁ ခု၊ လေးတန်းသွားမျောတိုင်တန်း ရေလွှဲရေကာ အလျား ၈၀ ပေ တစ်ခု ဆောင်ရွက်ခဲ့ပါကြောင်း။

မိမိတို့အနေဖြင့် ဇီးတော၌ ရန်ပုံငွေကျပ် ၁၀ သန်းသာ ရခဲ့သည့်အတွက် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ဇီးတောကျေးရွာ ၌ ရေတိုက်စားမှု ကာကွယ်ရေး လုပ်ငန်း ဆောင်ရွက်ရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြည့်စွက်ရန်ပုံငွေကျပ် ၃၁၈.၉၆ သန်းတိတိ တောင်းခံထားပြီး ဖြစ်ပါကြောင်း၊ အကယ်၍ ရန်ပုံငွေရရှိလာချိန်တွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးရေးဦးစီးဌာနမှ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏  လုပ်ငန်းအနှံ့ပေါ်မူတည်ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ပွင့်လင်းရာသီတွင် လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊

ထို့အပြင် နောင်နှစ် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက်လည်း မုန်းချောင်းရေတိုက်စားကမ်းပြိုမှု ဖြစ်ပွားသည့် ကျေးရွာများတွင် ကာကွယ်ရေးလုပ်ငန်းခေါင်းစဉ်ဖြင့် မကွေးတိုင်းဒေသကြီးအစိုးရမှ ရန်ပုံငွေကျပ် သန်း ၂၅၀ တိတိ တင်ပြတောင်းခံထားသည့်အတွက် ရန်ပုံငွေရရှိပါက ဦးစားပေး ဆောင်ရွက်သင့်သော ကျေးရွာများအတွက် ကမ်းပြိုကာကွယ် ထိန်းသိမ်းရေးလုပ်ငန်းများကို အဆင့်ဆင့် လေ့လာပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြာင်း ရှင်းလင်းဖြေကြားပါသည်။