(ခ)-တရားဝင်သစ်စက်နှင့်သစ်ဆိုင်မရှိသောမြို့ငယ် များတွင် ကျွန်းနှင့်သစ်မာများကိုတရားဝင်သုံးစွဲခွင့် ရရန် မည်သည့် မူဝါဒများ ချမှတ်၍ အကောင်အ ထည်ဖော်ပေးမည်နှင့်ပြည်ပပို့ကုန်တွက်သစ်တော များ ပြုစုပျိုးထောင်ရန် နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့ (၃.၂.၂၀၁၇)

(ခ)-တရားဝင်သစ်စက်နှင့် သစ်ဆိုင် မရှိသောမြို့ငယ်များတွင် ကျွန်းနှင့် သစ်မာများကို ပြည်သူများ တရားဝင်သုံးစွဲခွင့်ရရန် မည်သည့်မူဝါဒများချမှတ်၍ မည်သို့ အကောင်အထည်ဖော် ပေးမည်နှင့် ပြည်ပပို့ကုန်အတွက် စဉ်ဆက် မပြတ် ထုတ်လုပ်နိုင်ရန် စီမံထားသော သစ်တောများ (Sustainable managed forest/ Planting) ပြုစုပျိုးထောင်ရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

 

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် ပုဂ္ဂလိကနေအိမ်များ၊ ဘာသာရေး အဆောက်အဦများနှင့် နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ရသော အဆောက်အဦများ၊ လမ်းများ၊ တံတားများကို တည်ဆောက်ရာတွင် သစ်တောထွက်ပစ္စည်းများဖြစ်သည့် သစ်၊ ပျဉ်များကို မရှိမဖြစ် သုံးစွဲနေကြရဆဲဖြစ်ပါကြောင်း၊ မြို့ကြီးများတွင် တရားဝင်ဝယ်ယူရရှိနိုင်သော သစ်ဆိုင်များမှ ကျွန်းသားနှင့် အခြားသစ်မာများကို တရားဝင်ဝယ်ယူရရှိနိုင် သော်လည်း မြို့ငယ်အများစုတွင် တရားဝင်ဝယ်ယူရရှိနိုင်သော သစ်ဆိုင်များမရှိပါကြောင်း၊

သစ်တောဥပဒေမတွင် ကျွန်းကိုတရားဝင် ထုတ်ယူသုံးစွဲခွင့် မရှိခြင်း၊ ကျွန်းသားကို တရားဝင် တရားဝင်ရောင်းချသည့် သစ်ဆိုင်များ မြို့ငယ်များတွင် မရှိခြင်းသည် ကျွန်းသစ်မှောင်ခို လုပ်ငန်းများကို အားပေးသကဲ့သို့ဖြစ်နေပြီး နိုင်ငံတော်မှ ရရှိမည့်ဘဏ္ဍာငွေကိုလည်း ဆုံးရှုံးစေသည့် အပြင် နိုင်ငံသား အချင်းချင်းတန်းတူညီမျှ အခွင့်အရေးရရှိဖို့ကိုလည်း ဆုံးရှုံးစေသည်ဟု ယူဆမိပါကြောင်း၊

 ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁) နိုင်ငံတော်အခြေခံမူ ပုဒ်မ ၃၆ အပိုဒ်ခွဲ(ဂ)တွင် နိုင်ငံတော်သည် အများပြည်သူတို့၏ နေထိုင်မှုအဆင့်အတန်းမြှင့်တင်ရေးနှင့် အထွေထွေအရင်းအနှီးများဖွံ့ဖြိုး တိုးတက်ရေး တို့ကို ရှေးရှုဆောင်ရွက်မည်ဟု ပြဋ္ဌာန်းထားသည့်အချက်သည် ယခုကိစ္စနှင့်ဆက်စပ်နေသည်ဟု ထင်မြင်ယူဆ မိပါကြောင်း၊ မြို့ငယ်အများစုတွင် ကျွန်းနှင့်သစ်မာများကို တရားဝင် ဝယ်ယူရရှိနိုင်သည့် သစ်ဆိုင်များ၊ သစ်စက် များမရှိခြင်းကြောင့် ပြည်သူများ အခက်အခဲနှင့် ကြုံတွေ့နေရသကဲ့သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာ မှာလည်း အခက်အခဲများစွာနှင့် ရင်ဆိုင်ကြရပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် တရားဝင်သစ်စက်နှင့် သစ်ဆိုင်များမရှိသည့်မြို့များတွင် (၁) ကျွန်းနှင်‌့သစ်မာများ ကို ပြည်သူများတရားဝင် သုံးစွဲခွင့်ရရန် မည်သည်‌့မူဝါဒများချမှတ်၍ မည်သို့အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်အစီအစဉ်နှင့် (၂) ပြည်တွင်းသုံးစွဲရန်နှင့် ပြည်ပပို့ကုန်အတွက် စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်ရန် စီမံထားသော သစ်တောများ (Sustainable managed forest) ပြုစု ပျိုးထောင်ရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း
အဖြေ

ပြည်ထောင်စုဝန်ကြီးပထမမေးခွန်းနှင့် စပ်လျဉ်း၍ မိမိတို့ ဝန်ကြီးဌာနက ပြည်သူများ သစ်ဝယ်ယူသုံးစွဲနိုင်ရန်ရေးအတွက်ကို နည်းလမ်းသုံးလမ်းနှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊  ပထမနည်းလမ်းသည် ဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့သစ်လုပ်ငန်း၊ ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာနအနေနှင့် ပုဂ္ဂလိကနေအိမ်များ၊ ပညာရေး၊ ကျန်းမာရေး၊ သာသနာရေး၊ အဆောက်အအုံများနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် တည်ဆောက်လျက်ရှိသော အဆောက်အအုံများ၊ ပြည်သူဗဟိုပြုအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(Small and Medium Enterprise)ဖွံ့ဖြိုးရေး၊ တိုးတက်ရေး အထောက်အကူဖြစ်စေရန်အတွက် ပြည်တွင်းလုပ်ငန်းရှင်များနှင့် ဝယ်ယူ လိုသူများကို သစ်လုံးနှင့် ခွဲသားများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဖြန့်ဖြူးပြီး ရောင်းချလျက်ရှိပါကြောင်း၊

တစ်နိုင်ငံလုံးရှိ သစ်စက်/သစ်ဆိုင်/သစ်အချောထည်ပရိဘောဂလုပ်ငန်းများနှင့် ပတ်သက်ပြီး လုပ်ငန်းလိုင်စင် ရှိသူများ လုပ်ငန်းရှင်ကြီးများ အလတ်၊ အငယ်များကို ဖြန့်ဖြူးရောင်းချပေး လျက်ရှိပြီးပါကြောင်းနှင့် အဆိုပါ တင်ဒါ အောင်မြင်သူများ ပုဂ္ဂလိကလုပ်ငန်းရှင်များက သစ်လုံးများကို လိုအပ်သလို ခွဲစိတ်ရောင်းချပေးခြင်း အားဖြင့် ပြည်သူများက လွတ်လွတ်လပ်လပ်သုံးစွဲနိုင်သည့်အပြင် သစ်ခွဲသားကိုမှ ဝယ်ယူလိုသူများအတွက် သစ်ခွဲသားအိတ်ဖွင့်တင်ဒါများကို ဝင်ရောက် ယှဉ်ပြိုင်ဝယ်ယူနိုင်ရေးဖြစ် ပါကြောင်း၊

သစ်လုပ်ငန်းအနေဖြင့် ရန်ကုန်မြို့တွင် ၂၀၀၁-၂၀၀၂နှင့် ၂၀၀၂-၂၀၁၆ အထိ အိတ်ဖွင့်တင်ဒါ (၆၉)ကြိမ်၊ တိုင်းဒေသကြီးများတွင် (၅၉၆)ကြိမ်၊ ကျွန်းသစ်လုံး ၄၇၅၆၅ တန်၊ ကျွန်းခွဲသား ၂၀၇၅၄ တန်၊ အခြား သစ်မာသစ်လုံး ၆၂၀၉၄၇ တန်နှင့်  တောက်သစ်မာခွဲသား ၃၂၀၁၀၉ တန်ကို ရောင်းချခဲ့ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၁၁-၂၀၁၂ မှ ၂၀၁၆-၂၀၁၇ ခုနှစ်အထိကို ကျွန်းသစ်လုံး ၆၄၈၂ တန်၊ ကျွန်းခွဲသား ၂၈၃၂ တန်၊ သစ်မာသစ်လုံး ၃၁၃၈၉၃ တန်နှင့် သစ်မာခွဲသား ၄၃၅၃၈ တန်ကို ရောင်းချခဲ့ပါကြောင်း၊

ဒုတိယနည်းလမ်းအနေဖြင့် သစ်တောဦးစီးဌာနက ဖမ်းဆီးရရသစ်များကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ပြီး နောက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူများသုံးစွဲရန် ရည်ရွယ်ပြီး မြန်မာ့သစ်လုပ်ငန်းက လက်ခံရယူခြင်း မရှိသည့် ပုံစံ(၈)ဝင် ကျွန်းနှင့်သစ်မာများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ရောင်းချပါကြောင်းနှင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်ကိုကျော်လွန်ပြီး သယ်ယူခွင့်မပြုသည့် ကန့်သတ်ချက်နှင့် သက်ဆိုင်ရာခရိုင် သစ်တော ဦးစီးဌာနရုံးများ၌ လေလံတင်ရောင်းချရာတွင် ဝယ်ယူနိုင်ပါကြောင်း၊  ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ် နိုဝင်ဘာလကုန်အထိ သစ်ခွဲသား ၇၀၃၉၆.၉၁၀၁ တန် ရောင်းချခဲ့သည့်အနက် စစ်ကိုင်းတိုင်းဒေသကြီးအတွက်  ပုံစံ(၈)ဖြင့် ကျွန်းနှင့် သစ်မာကို ၂၇၃၀၁.၀၇၈၇ တန် လေလံတင် ရောင်းချပေးခဲ့ပါကြောင်း၊

တတိယနည်းလမ်းအနေဖြင့် အစိုးရသစ် တက်လာပြီးသည့်နောက်ပိုင်း ဆောင်ရွက်ပေးနေသည့် နည်းလမ်း ဖြစ်ပါကြောင်း၊ အဆိုပါနည်းလမ်းသည် သစ်တောဦးစီးဌာန၏ ပုံစံ(၈)ဝင်သစ်များကို လေလံတင် ရောင်းချခြင်း အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးနှင့် ပြည်သူများလိုအပ်ချက်ကို ဖြည့်ဆည်းရောင်းရန် အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များက အောက်ဖော်ပြပါလုပ်ငန်းစဉ်(၇)ဆင့်ဖြင့် ပုံစံ(၈)သစ် များကို တိုက်ရိုက်ရောင်းချပေးခဲ့ပါကြောင်း၊

(၁)သစ်တောဦးစီးဌာနမှ ပုံစံ(၈)စာရင်းဝင်သစ်(တမလန်း၊ ပိတောက်၊ သင်းဝင်မှအပ)များကို စဉ်ဆက်မပြတ် ရောင်းချပေးနိုင်ရန် ဆောင်ရွက်ခြင်း၊ (၂) လိုအပ်ချက်အပေါ်မူတည်ပြီးတော့ တစ်ကြိမ်လျှင် သစ်ခွဲသား တန် ၂၀၀ ထက် မပိုစေဘဲ ရောင်းချပေးရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကို ညှိနှိုင်းအကြောင်းကြားခြင်း၊ (၃) သစ်တောဦးစီးဌာန၏ သတ်မှတ် ကြမ်းခင်းဈေးနှုန်းဖြင့် ပုံစံ(၈)များအတွက် အခွန်တော်ငွေကို ပေးသွင်းစေပြီး သစ်များကို လွှဲပြောင်းရောင်းချခြင်း၊ ဤနည်းလမ်းအားဖြင့် ကြမ်းခင်းဈေးခြင်းကြောင့် ဝယ်ယူသူများအတွက် ဈေးနှုန်းချိုသာပါကြောင်း၊ (၄) လိုင်စင်ရ သစ်စက်နေရာသို့ သစ်တောဦးစီးဌာ၏ ကြီးကြပ်မှုနှင့် သယ်ယူခြင်း၊ ခွဲစိတ်ခြင်း၊ သယ်ယူ ပို့ဆောင်ခ နှင့် ခွဲစိတ်ခများကို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရက ကျခံခြင်း၊ (၅) တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့က ဖွဲ့စည်းပေးထားသည့်အဖွဲ့၏ ကြီးကြပ်မှုနှင့် ပြည်သူသုံးသစ်များ ခွဲစိတ်ခြင်းကို သစ်တောဦးစီးဌာန၏ လုပ်ထုံး လုပ်နည်းများနှင့်အညီ ကြီးကြပ်ဆောင်ရွက်ခြင်း၊ (၆) တိုင်းဒေသကြီး/ ပြည်နယ်အစိုးရမှ ကြီးကြပ်မှုနှင့် ဖွဲ့စည်း ထားသည့် အဖွဲ့မှ သစ်လိုအပ်ချက်အမှန်ရှိသော ပြည်သူများကို သတ်မှတ်ဈေးနှုန်းဖြင့် တိုက်ရိုက် ရောင်းချခြင်း၊ (၇) တိုင်းဒေသကြီး/ပြည်နယ်အစိုးရ လက်ဝယ်ရှိ ပိုလျှံသစ်များကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရ ကြီးကြပ် မှုနှင့် တိုက်ရိုက်လေလံ ရောင်းချခြင်းအစရှိသော နည်းလမ်းများဖြင့် ဆောင်ရွက်နေပါကြောင်း၊ ယခုကဲ့ ဆောင်ရွက်ပေးခြင်းမျိုးကို စစ်ကိုင်းတိုင်းဒေသကြီးအတွက် တန်ပေါင်းခွဲသား ကျွန်းနှင်‌့သစ်မာခွဲသား ၂၀၀.၀၁၃၇ တန် အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်လေးခုကို စုစုပေါင်း ၇၃၄.၂၇၂၆ တန် ရောင်းချပြီး ဖြစ်ပါကြောင်း၊

ဒုတိယမေးခွန်းနှင့်စပ်လျဉ်း၍ Sustainable managed forest အရ သစ်တောစီမံအုပ်ချုပ်ခြင်းကို  ၁၈၅၆ ခုနှစ် ကတည်း စတင်ခဲ့ပါကြောင်း၊ ကျွန်းပင်ကို ၁၇၅၂ ခုနှစ် အလောင်းမင်းတရားလက်ထက်ကပင် တော်ဝင်သစ် အဖြစ် သတ်မှတ်ထားခဲ့သည့်မှ ယခုအချိန်အထိဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျွန်းကိုအသုံးပြုသည့်လူများ အကန့်အသတ်ရှိမရှိရန်အတွက် ဥပဒေကို ပြင်ဆင်ရန်တင်ပြထားပါကြောင်း၊ ဥပဒေကိုပြင်ဆင်ပြီးပါက အများပြည်သူများ လွပ်လပ်စွာ ဝယ်ယူသုံးစွဲနိုင်မည်ဖြစ်ပါကြောင်း၊  

Sustainable Forest Managed နှင့် ပတ်သက်ပြီး ခရိုင်စီမံချက်များကို ၁၀ နှစ်စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သစ်တော၏ သယံဇာတ FAO သည် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ၏ FR များ၊ Forest Resource Assessment တွင် ၄၂.၉၂ ရာခိုင်နှုန်းထိပဲ ကျန်ရှိနေသည့်အတွက်  သစ်တောဖုံးလွှမ်းမှုကို ပြန်လည်တိုးမြှင်‌့ရန်အတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မြန်မာတစ်ဝန်းကို သစ် ထုတ်လုပ်မှုကို ရပ်နားထားပါကြောင်း၊ ကျွန်းသစ်ရ၏ မူလဇာတိဖြစ်သော ပဲခူးရိုးမကိုလည်း ၁၀ နှစ် သစ် ထုတ်ခြင်း ရပ်နားထားခဲ့ပြီး ယခု ၂၀၁၇-၂၀၁၈ ပြန်လည် သစ်ထုတ်လုပ်မည်ဖြစ်ပါကြောင်း၊ သစ်ထုတ် လုပ်မည့် နေရာကိုလည်း သတ်မှတ်ထားသည့် သစ်၏ (AAC) ဓာတ်ကိုလျော့ပြီး ထုတ်ယူရန် စီစဉ်ထား ပါကြောင်း၊ ထိုနည်းတူ အခြားတစ်ဖက်က သစ်တောများတိုးပွားရန်အတွက်ကိုလည်း မြန်မာနိုင်ငံ သစ်တောများ ပြန်လည် တည်ထောင်ရေးစီမံကိန်း  ၂၀၁၇ - ၂၀၂၆ အထိ ၁၀ နှစ် စီမံကိန်းကို အကောင် အထည်ဖော်ရန်အတွက် နိုင်ငံတော် သမ္မတရုံးကနေပြီးတော့ အတည်ပြုချက် ရရှိပြီးဖြစ်ပါကြောင်း၊

အဆိုပါ စီမံကိန်းများကို ငါးနှစ်စီ ခွဲပြီး အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးခရိုင်ရှိ ၁၃ ခရိုင်၊ သစ်တော ခရိုင် ၆၈ ခရိုင် စုစုပေါင်း ခရိုင်ပေါင်း ၈၁ ခုတွင် ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သစ်တောများပြုန်းတီးသည့်နေရာများ သစ်တော အတန်းစား ကျသည့် နေရာမျိုးတွင် သင်‌့လျော်သည့် သစ်တောစိုက်ပျိုး ပြုစုနည်းများနဲ့ အကောင်အထည် ဖော်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသွားပါသည်။