(ဂ)-ရွှေကျင်မြို့နယ်အတွင်းရှိ ရွှေလုပ်ငန်းကုမ္ပဏီ များနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၃.၁၁.၂၀၁၆)

ဦးစောသလေးစော ရွှေကျင်မြို့နယ်အတွင်း ရွှေတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးနေမှုများကို ကာကွယ်ရန် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်နှင့် စပ်လျဉ်းပြီး သိရှိလိုကြောင်း၊

မိမိတို့လက်ထက်တွင် စည်းမဲ့ကမ်းမဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးအောင် ရွှေတူးဖော်ခြင်းများကို မျိုးဆက်များကို ယခုအတိုင်းထားခဲ့ပေးမည်ဆိုပါက မတရားရာ ကျပါကြောင်း၊ ထို့နောက် နိုင်ငံတော် ဘဏ္ဍာများ ကို ကောင်းမွန်စွာစီးဆင်းပြီး အဖက်ဖက်မှ လိုအပ်နေသည့် နိုင်ငံတော် ဘဏ္ဍာကို ဖြည့်တင်းနိုင်ရန်အတွက် ရည်ရွယ်ပြီး ယခုမေးခွန်း ကို မေးမြန်းရခြင်းဖြစ် ပါကြောင်း၊ ရွှေကျင်မြို့နယ် အတွင်း ရွှေတူးဖော်ခြင်းလုပ်ငန်းကို ရှေးမင်းလက်ထက်ကတည်းက လုပ်ကိုင်ခဲ့ပါကြောင်း၊ မော်မတမြစ်နှင့် ရွှေကျင်မြစ်တို့၏ ချောင်းလက်တက်များမှ မိရိုးဖလာ လက်လုပ်တွင်းများတူးပြီး လုပ်ကိုင်ခဲ့ကြပါကြောင်း၊၁၉၉၀ ခုနှစ်မှ စစ်ပွဲများဖြစ်ပြီးနောက်ပိုင်းတွင် ရွှေတူးဖော်ရေး ကုမ္ပဏီကြီးများ သည် ရွှေကျင်မြစ်နှင့် မော်တမမြစ်များ တစ်လျှောက် ရောက်ရှိ လာပြီး ခေတ်မီ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်ခြင်းလုပ်ငန်းများကို အကြီးအကျယ် လုပ်ကိုင်ခဲ့ကြရာ ရိုးရာရွှေတူးဖော်ရေး လုပ်ငန်းများလည်း ကွယ်ပျောက်ခဲ့ရပါကြောင်း၊ ရွှေကျင်မြို့နယ်အတွင်း ရွှေတူးဖော်သည့် လုပ်ကွက်ပေါင်း ၄၀ ခန့်ရှိသည်ဟု Add Drive International ၏ အစီရင်ခံစာအရ သိရပါကြောင်း၊ သို့သော် ကွင်းဆင်းစစ်ဆေးရာတွင် အနည်းဆုံး ၈၀ ခန့်ရှိသည်ဟု သိရပါကြောင်း၊ ထိုသို့ တူးဖော်လိုက်သည့်အတွက် ရေအရင်းအမြစ် များ ကုန်ခမ်းသွားပါကြောင်း၊ အချို့ချောင်းများ လုံးဝခမ်းခြောက်သွားပြီး အချို့ချောင်းများ မည်သည့်အခါမှ ရေများပြန်လည်ဝင်ရောက်လာခြင်း မရှိတော့ပါကြောင်း၊ မြစ်ချောင်းများထဲတွင် မြေဆီလွှာတိုက်စားမှု၊အနည်များပိုပြီးထူလာသည်ကို တွေ့ရပါကြောင်း၊ မြစ်ကမ်းပါးနှင့် မြစ်ကမ်းပါးဘေးသစ်ပင်များက အောက်ခြေမှ ပြိုဆင်းလာပြီး နုန်းတင်မြေနှင့် မြေဆီလွှာ များ ကြောင့် မြစ်ကြမ်းပြင်အချို့ ပျက်စီးသွားခဲ့ရပါကြောင်း၊ တူးဖော်ရာတွင် ရွှေပါဝင်သည့် အနည်အနှစ်များကို ပြဒါးနှင့် အခြား ဓာတုဗေဒ ဆေးခတ်ထားသော မြောင်းအတွင်းသို့ စီးဝင်စေပြီး ပါရှိသည့်ရွှေများကို ဖမ်းယူပြီး ကျန်ရှိသည့် အနည်အနှစ်၊ အညစ်အကြေးများကို ရွှေကျင်နှင့် မော်တမချောင်းအတွင်းသို့ စီးဝင်စေပါကြောင်း၊ ဂေဟစနစ်ကို ထိခိုက် ပျက်စီးစေ သည့် အတွက် ပြဒါးအသုံးပြုမှုကို နိုင်ငံအတော်များများတွင် ပိတ်ထားသည်များ ရှိသော်လည်း ရွှေကျင်မြို့နယ် အတွင်း၌ ရွှေတူးဖော်သည့်လုပ်ကွက်များမှာ အညစ်အကြေးများနှင့် အတူ ပြဒါးများ သည် ရွှေကျင်မြစ်နှင့် မော်တမမြစ်ထဲကို အတားအဆီးမဲ့ ပျော်ဝင်လျက် ရှိသည်ဟု Add Drive International ၏ အစီရင်ခံစာထဲတွင် တွေ့ရပါကြောင်း၊

အသုံးပြုသည့်အင်ဂျင်စက်များက ဒီဇယ်နှင့် အခြားလောင်စာဆီများ ဖိတ်စင်မှုကြောင့် ချောင်းရေအသုံးပြုစိုက်ပျိုးတောင်သူများရဲ့ စိုက်ခင်းများပျက်စီးရပါကြောင်း၊ မြစ်ကမ်းဘေး ရှိ ကျေးရွာများနှင့် မြစ်ပေါ်ရပ်ကွက်များ သည် ချောင်းရေဘေး တွင် နေသော်လည်း သောက်သုံးရေ ရှားပါးသည့်ဒဏ်ကို ခံစားနေရပါကြောင်း၊

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ အခန်း(၁) နိုင်ငံတော်အခြေခံမူများပုဒ်မ ၄၅ တွင် နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ထို့အပြင် မြန်မာ့သတ္တုတွင်းဥပဒေ အမှတ်(၈/၉၄)၏ ပုဒ်မ ၃၊ ပုဒ်မ ၁၃ ပုဒ်မခွဲ(င)တို့တွင် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုကို ကာကွယ်ရန် ပြဋ္ဌာန်းထားသည့်အပြင် ပုဒ်မ ၁၂ ပုဒ်မခွဲ (က) အရ လိုအပ်သည့် ညွှန်ကြားချက်များကိုလည်း လိုက်နာရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ထို့ကြောင့် ရွှေကျင်မြို့နယ်အတွင်း မှတ်ပုံတင်ထားသည့် ‌ရွှေကုမ္ပဏီ မည်မျှရှိသည်ကို သိရှိလိုပါကြောင်း၊ မှတ်ပုံတင်ထားသော ကုမ္ပဏီများက သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ ကာကွယ်ရေးလုပ်ဆောင်မှုများကို မည်သို့စီမံဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း၊ မှတ်ပုံတင်ထားသည့် ကုမ္ပဏီများက ဥပဒေနှင့်အညီ လုပ်ဆောင်မှုရှိ/မရှိ၊ ယနေ့အချိန်အထိ အရေးယူဆောင်ရွက်မှုများ မည်မျှရှိသည်ကို သိရှိလိုပါကြောင်း၊ မှတ်ပုံမတင်ထားသေးသည့် ရွှေတူးဖော်မှုများကို မည်ကဲ့သို့အရေးယူဆောင်ရွက်သည်ကို သိရှိလိုပါကြောင်း၊ လတ်တလော ဖြစ်ပေါ်နေသော သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများကို ပြဋ္ဌာန်းဥပဒေ၊ နည်းဥပဒေ၊ EIA ၊ SIA နှုန်းထားနှင့်အညီ စစ်ဆေးမှုရှိ/မရှိ၊ ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများ အစီအစဉ်ရှိ/မရှိ ထိုသို့ ကွင်းဆင်းစစ်ဆေး တိုင်းတာ၍ ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံတကာစံသတ်မှတ်ချက်များနှင့် မကိုက်ညီပါက စံသတ်မှတ်ချက်နှင့် ပြည့်မီအောင် ဆောင်ရွက်ပြီးသည်ကို ရွှေတူးဖော်ခြင်း လုပ်ငန်းများ ရပ်ဆိုင်းထားရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။

 

 

ဖြေကြားသူ
ဦးအုန်းဝင်း (ပြည်ထောင်စုဝန်ကြီး)
အဖြေ

ဦးအုန်းဝင်းပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်မှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အမှတ်(၂) သတ္တုတွင်းဌာနနှင့် တရားဝင်စာချုပ်ချုပ် ဆိုပြီး ရွှေသတ္တုတူး ဖော်လုပ် ကိုင်နေသော ရွှေပစ်မှတ် သတ္တုတူးဖော်ရေးကုမ္ပဏီနှင့် ကညောထူးဒိုစိုး ကုမ္ပဏီ နှစ်ခုရှိပါကြောင်း၊ ရွှေပစ်မှတ် သတ္တုတူးဖော်ရေးကုမ္ပဏီသည် ရွှေကျင်မြို့နယ်၊ ဝင်းခနိမ်ကျေးရွာ အုပ်စုတွင် ၂၀ ဧကရှိသော အသေးစား ရွှေလုပ်ကွက် (SGN-137) လုပ်ကွက် (၁)ကို ရွှေသတ္တု အသေးစားလုပ်ရန် ၁၀-၁၂-၂၀၁၅ ရက်စွဲပါ ခွင့်ပြုမိန့်အမှတ်၊ ၀၃၉၅/၂၀၁၁ (သက်တမ်းတိုး) နှင့် ၇-၁၂-၂၀၁၅ ရက်နေ့မှ ၆-၁၂-၂၀၁၆ ရက်နေ့အထိ ဒုတိယအကြိမ် သက်တမ်းတိုး တစ်နှစ်ကိုလည်းကောင်း၊ ကညောထူးဒိုစိုးကုမ္ပဏီသည် ရွှေကျင်မြို့နယ်၊ အင်္ဂနီကျေးရွာအုပ်စုတွင် ၂၀ ဧကရှိ အသေးစားရွှေလုပ်ကွက် (SGN-142) လုပ်ကွက်တစ်ကွက်ကိုလည်းကောင်း၊ ရွှေသတ္တုအသေးစားလုပ်ရန် ၂၇-၁-၂၀၁၆ ရက်စွဲပါ ခွင့်ပြုမိန့်အမှတ်၊ ၀၀၁၁/၁၆ နှင့် ၂၇-၁-၂၀၁၆ ရက်နေ့မှ ၂၆-၁-၂၀၁၇ ရက်နေ့အထိ မူလခွင့်ပြုမိန့်အတိုင်း သက်တမ်းတစ်နှစ်ဖြင့်လည်းကောင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊

ပဲခူးတိုင်းဒေသကြီးတွင် ရွှေကျင်ဒေသ ရွှေသတ္တုတူးဖော်ရေးလုပ်ငန်း ကြီးကြပ်ဆောင်ရွက်ရန် အမှတ်(၂) သတ္တုတွင်းလုပ်ငန်း၊ ရွှေဖက်စပ်ကြီးကြပ်ရေး(ရွှေကျင်)ကို ဖွင့်လှစ်ထားပြီး ၎င်း ကြီးကြပ်မှုနှင့် မြို့နယ်တာဝန်ခံများက လုပ်ကွက်များကို ပုံမှန်စစ်ဆေးကြီးကြပ်လျက်ရှိ ပါကြောင်း၊ အဲဒီမှာ AGM လက်ထောက်မန်နေဂျာအဆင့်နှင့် အခြားဝန်ထမ်းအဆင့်သုံးဦး အားလုံး ၄ ဦး ရှိပါကြောင်း၊ ကုမ္ပဏီများအနေဖြင့် ဓာတ်သတ္တုအသေးစားထုတ်လုပ်ရန် ခွင့်ပြုမိန့်ပါစည်းကမ်း ချက်များကို လိုက်နာစေပြီး လိုက်နာမှုမရှိပါက မြန်မာ့သတ္တုတွင်းဥပဒေပုဒ်မ ၂၈ ပါ စီမံခန့်ခွဲရေး နည်းလမ်းအရ ခွင့်ပြုမိန့်နှင့် လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းအားလုံး သို့မဟုတ် တစ်စိတ် တစ်ဒေသများကို ဆိုင်းငံ့ထားစေခြင်း၊ ခွင့်ပြုမိန့်ပယ်ဖျက်ခြင်း၊ ခွင့်ပြုမိန့်ကို ပယ်ဖျက်၍ အာမခံ ကြိုတင်ငွေများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း ပြစ်ဒဏ်တို့ဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုအထိ ကုမ္ပဏီများသည် ရွှေသတ္တုတူးဖော်သည့်နေရာတွင် ခွင့်ပြုမိန့်ပါ စည်းကမ်းများကို လိုက်နာ ဆောင်ရွက်လျက်ရှိပြီး အရေးယူဆောင်ရွက်မှု မရှိခဲ့သေးပါကြောင်း၊

တရားမဝင်ရွှေသတ္တုတူးဖော်မှုများကို ဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်ဆေးတွေ့ရှိပါက မြန်မာ့သတ္တုတွင်းဥပဒေပုဒ်မ ၃၀ နှင့် ပုဒ်မ ၃၀ ပုဒ်မခွဲ(က)အရ တရားစွဲဆိုအရေးယူမည်ဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ မရှိစေရန်အတွက် ယခင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏ ၂၉-၁၂-၂၀၁၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၆၁၆/၂၀၁၅) ဖြင့် ထုတ်ပြန်ထားသော ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် (Environmental Management Plan - EMP) အစီရင်ခံစာများကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးထားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ ရေးဆွဲတင်ပြစေကာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက စိစစ်ထုတ်ပြန်ပေးသော သက်သေခံလက်မှတ် (Environmental Conservation Compliance Certificate-ECCC) လက်မှတ်ရရှိရေးနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရန်လည်း ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊ ခွင့်ပြုမိန့်ရရှိထားသော ကုမ္ပဏီများသည် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (Environmental Management Plan – EMP) ပါ အတိုင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်မှုရှိ/မရှိကို ဌာနမှ ကွင်းဆင်းစစ်ဆေးရေး အဖွဲ့များနှင့် ပုံမှန်စစ်ဆေးသွားစေမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက  (EMP)ပါ အစီရင်ခံစာအတိုင်း ဆောင်ရွက်ပြီးစီးသည်အထိ တူးဖော်ရေးလုပ်ငန်းများကို လုံးဝရပ်ဆိုင်းထားမည်ဖြစ်ပါကြောင်း။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကို CSR အနေဖြင့် ရွှေပစ်မှတ်သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်က ငွေကျပ် ၇၃ သိန်းကျော် အကုန်ခံပြီး ဒေသအတွင်းလမ်းဖောက်ခြင်းနှင့် စေတီ/ ကျောင်းကန်ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း၊ ကညောထူးဒိုစိုးကုမ္ပဏီသည် သံဆိပ်ကျေးရွာနှင့် ဝါးတောကြီးကျေးရွာ နှစ်ရွာကြားတွင် ဆက်ထားသော မြေသားလမ်းများကို ဖောက်လုပ်ခြင်းများကိုလည်းကောင်း ဆောင်ရွက်ခဲ့ပါကြောင်း ဖြည့်စွက်၍ ရှင်းလင်းဖြေကြာပါသည်။

ဦးစောသလေးစော (ရွှေကျင်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိတို့က ပုံမှန်စစ်ဆေးပါကြောင်း၊ ကုမ္ပဏီများကလည်း ငွေကုန်ကြေးကျ ခံပြီး ဆော်ကလုပ်ခဲ့ဖူးသည်များ ရှိပါကြောင်း၊ ပုံမှန်စစ်ဆေးပြီးမှ မကိုက်ညီပါက သက်ဆိုင်ရာဥပဒေနှင့်အညီ အရေးယူမည်ဟု ဖြေကြားသွားပါကြောင်း၊ တကယ့်လက်တွေ့တွင် ရွှေတူးဖော်သည့် ကုမ္ပဏီပေါင်း များစွာရှိပါကြောင်း၊ ဝန်ကြီးဖြေကြားသွားသည်မှာ နှစ်ခုအပေါ်တွင် အခြေတည်ပြီးမေးသွားပါကြောင်း၊ တရားမဝင် တူးဖော်နေသည့် လုပ်ငန်းများလည်းရှိပါကြောင်း၊ ၎င်းတို့အပေါ်တွင် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနအနေဖြင့် ဆက်လက်၍ မည်သို့ စီမံဆောင်ရွက်ရန် အစီအစဉ်ရှိသည်ကို သိရှိလိုပါကြောင်း၊ EIA ၊ SIA စံနှုန်းများနှင့် မညီပါက မည်သို့ အရေးယူဆောင်ရွက်မည်နှင့် မှတ်ပုံမတင်ထားသည့်ကိစ္စနှင့် ပတ်သက်ပြီး သိရှိလိုကြောင်း မေးမြန်းပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း

မှတ်ပုံတင်ထားသည်မှာ တရားဝင် နှစ်ခုသာရှိပြီး ကျန်သည်များသည် တရားမဝင် တူးဖော်နေသည်များ ဖြစ်ကြပါကြောင်း၊ ထိုနေရာကို စစ်ဆေးသည့်နေရာတွင် စစ်ဆေးလို့ လုံခြုံရေးအရ စစ်ဆေး၍ ရသည်များရှိသကဲ့သို့ စစ်ဆေး၍ မရသည်များလည်း ရှိပါကြောင်း၊ အထူးသဖြင့် တရားမဝင်တူးဖော်နေသည့် ကုမ္ပဏီများက ဖြစ်လာသည်ဟု သိရှိရပါကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ တင်ပြထားသော သတ္တုတွင်းရှိ AGM နှင့် အဖွဲ့ကိုလည်း ထပ်မံစစ်ဆေးရန်အတွက် ညွှန်ကြားပြီး ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် စစ်ဆေးတွေ့ရှိပါက တင်ပြပါ သတ္တုတွင်းဥပဒေအရ ပုဒ်မ ၃၀ နှင့် ပုဒ်မ ၃၀ ပုဒ်မခွဲ(က)အရ ပြင်းထန်စွာ အရေးယူမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။