ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်သည် ရွှေသတ္တုများနေရာအနှံ့ထွက်ရှိရာဒေသ ဖြစ်ပါကြောင်း၊ ထိုသို့ ထွက်ရှိသည့်အလျောက် ရွှေကျင်ချောင်းနှင့် မဒမချောင်းတစ်လျှောက် ရွှေတူးဖော်မှုများကြောင့် သဘာဝပတ်ဝန်းကျင်လည်း များစွာထိခိုက်မှုရှိသည့်အတွက် မူလ သဘာဝအခြေအနေသို့ ပြန်လည်ထိန်းသိမ်းရေး၊ ပြန်လည်ကြပ်မတ်သင့်သည့်အခြေအနေ ဖြစ်ပါကြောင်း၊ ဒေသခံရွှေတူးဖော်သူများအနေဖြင့်လည်း စည်းကမ်းတကျ စံချိန်စံညွှန်း များနှင့်အညီ ပူးပေါင်းလုပ်ဆောင်ရန် စိတ်အားထက်သန်ကြပါကြောင်း၊ မိမိတို့ နည်းဥပဒေအသစ် ထွက်ရှိရန်အတွက်ကိုလည်း မျှော်လင့်နေကြပါကြောင်း၊ ယခုအခါ မဒမချောင်းအတွင်း အကြီးစားစက်ယန္တရားကြီးများ တည်ဆောက်ထားသော သံထည်သင်္ဘောကြီးများ တည်ဆောက် ထားလျက် ရှိပါကြောင်း၊ ယင်းသင်္ဘောကြီးများသည် အခြားဒေသမှ သယ်ဆောင်လာခြင်း မဟုတ်ဘဲ မဒမချောင်းအတွင်းမှာပင် တည်ဆောက်ထားပါကြောင်း၊ စတင်တည်ဆောက်စဉ် ကတည်းက မည်သည့်ဌာန၊ မည်သည့် ခွင့်ပြုချက်အမျိုးအစားဖြင့် ဆောက်လုပ်ကြောင်းကို သက်ဆိုင်ရာအဆင့်ဆင့်ကို မေးမြန်းသော်လည်း ရေရာစွာဖြေကြားခြင်းမရှိပါကြောင်း၊ ဒေသခံများ အနေဖြင့် စတင်ဆောက်လုပ်ချိန်တွင် ပွင့်လင်းမြင်သာစွာသိရှိခြင်း မရှိသည့်အတွက် သဘာဝ ပတ်ဝန်းကျင်ပျက်စီးမည့်အရေး ပူပန်ခြင်းများ ဖြစ်ပေါ်သည့်အတွက် သက်ဆိုင်ရာဌာနအသီးသီးကို မေးမြန်းသည်ကို မည်သည်မျှ ဖြေကြားခြင်းမရှိသေးမီ ပိုမို၍ထုထည်ကြီးမားသော သံထည် သင်္ဘောကြီးများ ထပ်မံတည်ဆောက်လာကြောင်းကို တွေ့မြင်ခဲ့ရသည့်ကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနများကို တင်ပြခဲ့သော် လည်း မည်သည့်အရေးယူမှုတစ်စုံတစ်ရာကိုမျှ အကြောင်းပြန်ကြားခြင်း မရှိသည့်အတွက် အကြောင်းစုံ သေသေချာချာမသိရပါကြောင်း၊
ရွှေကျင်မြို့နယ်၊ မဒမချောင်းအတွင်း တည်ဆောက်ထားသော စက်ယန္တရားကြီးများ တပ်ဆင်ဆောက်လုပ်သည့် ရေယာဉ်ကြီးများအား မည်သည့်ဌာနက မည်သည့်ခွင့်ပြုချက် အမျိုးအစားဖြင့် ဆောက်လုပ်ထားပါသနည်း၊ ခွင့်ပြုချက် တစ်စုံတစ်ရာမရရှိသေးပါက ယခုကဲ့သို့ ထုထည်ကြီးမားသော စက်ယန္တရားကြီးများကို ခွင့်ပြုချက်မရသေးမီ တည်ဆောက်ခွင့်ရှိပါသနည်း၊ ဆောက်လုပ်ခွင့်မရှိပါက ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်မှုအပေါ် မည်သို့အရေးယူဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ မဒမချောင်းအတွင်း တပ်ဆင်ဆောက်လုပ် ထားသော စက်ယန္တရားကြီးများ၊ ရေယာဉ်ကြီးများသည် KNLA တပ်မဟာ (၇) ဌာနချုပ် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ရွှေဓနထွန်းလင်း သတ္တုတူးဖော်ရေးကုမ္ပဏီလီမိတက်) က တရားဝင်ခွင့်ပြုချက်လိုင်စင်မရှိဘဲ လုပ်ငန်းဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် ဌာနအဖွဲ့ အစည်းများက စက်ယန္တရားဆောက်လုပ်မှုများအား တရားဝင်ခွင့်ပြုချက်ပေးထားခြင်းမရှိကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနတို့ကို တရားဝင်ခွင့်ပြုချက် လိုင်စင်ရရှိရေး တင်ပြထားခြင်းတွေ့ရှိရသဖြင့် ရွှေဓနထွန်းလင်းသတ္တုတူးဖော်ရေးကုမ္ပဏီသို့ ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းဆောင်ရွက်ခြင်းမပြုရန်နှင့် ဆောက်ရွက်ပါက တည်ဆဲဥပဒေများအရ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေး ဥပဒေပုဒ်မ ၂၆ နှင့် မြန်မာ့သတ္တုတွင်းဥပဒေပုဒ်မ ၃၀ ပုဒ်မခွဲ(က) တို့ဖြင့် တရားစွဲဆိုအရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရွှေကျင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ ရက်စွဲပါစာအမှတ်၊ ၅/၃-၂၄/ဦး ၆ ဖြင့် အသိပေးထားပါကြောင်း၊
KNLA တပ်မဟာ(၇) ဌာနချုပ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ရွှေဓနထွန်းလင်း သတ္တုတူးဖော်ရေးကုမ္ပဏီ) က ရွှေသတ္တုတူးဖော်ရေးလုပ်ငန်များဆောင်ရွက်ရန် ပြင်ဆင်နေမှု အပေါ် တားမြစ်ထားသည့်အချိန်ကစပြီး လုပ်ငန်းများကို ဆောင်ရွက်မှုမရှိကြောင်း သိရှိ ရပါကြောင်း၊ ရွှေကျင်မြို့နယ်၊ မဒမချောင်းအတွင်း တည်ဆောက်ထားသော စက်ယန္တရားကြီးများ တပ်ဆင်ဆောက်လုပ်ထားသော ရေယာဉ်ကြီးများသည် KNLA တပ်မဟာ(၇)ဌာနချုပ် ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မဟာဗျူဟာမှူး ဗိုလ်မှူးကြီးစောဖေါဒို၏ ရွှေဓနထွန်းလင်းသတ္တု တူးဖော်ရေးကုမ္ပဏီလီမိတက်က မဒမမြစ်ကြောင်းရှင်းလင်းရေးနှင့် သဲသောင်တူးဖော်ခြင်း ဆောင်ရွက်ရာက ထွက်ရှိလာမည့် သဲ၊ ကျောက်များနှင့် ရွှေသတ္တုအချို့ကို ထုတ်လုပ် ဆယ်ယူခွင့်အတွက် အမှတ်(၂) သတ္တုတွင်းလုပ်ငန်း၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနတို့ကို တရားဝင်ခွင့်ပြုချက်လိုင်စင်ရရှိရေး တင်ပြ ထားကြောင်း သိရှိရပါကြောင်း၊
ထို့အပြင် ၁-၅-၂၀၁၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ရွှေကျင်မြို့၊ မဒမချောင်း ရေစီးရေလာ ကောင်းမွန်ရေးဆွေးနွေးပွဲ မှတ်တမ်းများအရ KNLA တပ်မဟာ(၇)ဌာနချုပ် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ရွှေဓနထွန်းလင်းသတ္တုတူးဖော်ရေးကုမ္ပဏီလီမိတက်)က အန္တရာယ် ရှိ မဒမမြစ်ကြောင်းတစ်လျှောက် မြစ်ကြောင်းရှင်းလင်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာလုပ်ငန်းများ အမှန်တကယ်လုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက ဒေသခံပတ်ဝန်းကျင်ရှိ ပြည်သူများမှ ကန့်ကွက်ရန်မရှိကြောင်း သဘောထားထောက်ခံချက်များနှင့်အတူ တင်ပြထား ပါကြောင်းနှင့် ရွှေကျင်မြို့နယ်၊ မဒမချောင်းအတွင်း KNLA တပ်မဟာ(၇)ဌာနချုပ် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ရွှေဓနထွန်းလင်းသတ္တုတူးဖော်ရေးကုမ္ပဏီလီမိတက်) က စက် ယန္တရားကြီးများ တပ်ဆင်ဆောက်လုပ်နေမှုအပေါ် အကြောင်းကြားခဲ့သည့်အချိန်ကစပြီး စောင့်ကြည့်စစ်ဆေးကြပ်မတ်လျက်ရှိပြီး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေခြင်းမရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးစောသလေးစော(ရွှေကျင်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ယခုကဲ့သို့ လုပ်ငန်းလုပ်ကိုင်ခွင့်ကို ပြန်တင်ထားပြီး ခွင့်ပြုချက်မရမီ ဆောက်လုပ်သည့်အခါ မလိုလားအပ်သော ပြဿနာများ၊ လုပ်ငန်းရှင်ဘက်ကသာမက ပြည်သူများဘက်ကပါ အခက်အခဲများ ကြုံတွေ့ရပါကြောင်း၊ ခွင့်ပြုချက်မရမီကာလကတည်းက လွှတ်တော်ကိုယ်စားလှယ် အနေဖြင့် သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းတို့ကို တင်ပြပါကြောင်း၊ ပထမသင်္ဘောကြီးဆောက်လုပ်စဉ် ကတည်းက ခွင့်ပြုချက်ရရန်အတွက် ခွင့်ပြုချက်ရမှသာလျှင် လုပ်ဆောင်နိုင်ရန်အတွက် မိမိတို့ ပြောကြားပါကြောင်း၊ ၎င်းကာလအတွင်း နောက်ထပ်သင်္ဘောကြီးတစ်စင်း တည်ဆောက်ပါ ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ပြည်သူများနှင့်အရပ်ဘက်အဖွဲ့အစည်းတို့၏ တင်ပြမှု ကြောင့် လုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားသည့်အခါ လုပ်ငန်းရှင်များအတွက် အခက်အခဲ ဖြစ်သည့်အတွက် ခွင့်ပြုချက်မရမီကာလအတွင်း ဆောက်လုပ်ခွင့်ရှိပါသနည်း၊ ယခုကဲ့သို့ လုပ်ငန်းလုပ်ဆောင်သည့်အခါ မြစ်ကြောင်းရှင်းလင်းရေးများ၊ သဘာဝပတ်ဝန်းကျင်အတွက် ပြန်လည်ပြုပြင်ထိန်းသိမ်းရေးတို့ကို လုပ်ဆောင်မည်ကို ကြိုဆိုပါကြောင်း၊ ထိုကဲ့သို့ လုပ်ဆောင် သည့်အခါ မိမိတို့သက်ဆိုင်ရာဝန်ကြီးဌာန၏ကျွမ်းကျင်ပညာရှင်များနှင့် သေချာစွာစိစစ်ထားပြီးမှ ဒေသခံများ၏ သဘောထားမှတ်ချက်များပါဝင်သော Assessments ကိုပါ ယူပြီးမှ ဆောင်ရွက် သွားရန် အစီအစဉ်ရှိ/ မရှိ သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြန်လည်ဖြေကြားပါသည်။
လုပ်ငန်းသဘာဝအရ ၎င်းလုပ်ငန်းမစမီတွင် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်သည်မှာ တရားနည်းလမ်းမကျပါကြောင်း၊ ယင်းနှင့်ပတ်သက်၍ မိမိသိရသလောက် ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက KNLA တပ်မဟာ(၇)ဌာနချုပ် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (ရွှေဓနထွန်းလင်းသတ္တုတူးဖော်ရေးကုမ္ပဏီ)ကို ထပ်မံကျူးလွန်ပါက အရေးယူ ဆောင်ရွက်မည်ကို စာပို့ထားပါကြောင်း၊ ဒေသခံများက အမှန်တကယ်သာ မြစ်ကြောင်း ရှင်းလင်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်ပါက ကန့်ကွက်ရန် မရှိသည်ကို တင်ပြထားပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
