ရှမ်းပြည်နယ်၊ မိုင်းရယ်မြို့နယ်အတွင်းရှိ ဟိုတိကျေးရွာအုပ်စု၊ မန်ကျောင်း ပန်ရှင်ကျေးရွာ အုပ်စုနှင့် လွယ်ငင်းကျေးရွာအုပ်စုသုံးခုတို့ကို ဆက်သွယ်ထားသော ၁၄ မိုင်ခန့်ရှိသည့် နမ့်လန်း- ဟိုတိ- မန်ကျောင်းပန်ရှင်- လွယ်ငင်းကျေးရွာချင်းဆက်လမ်းအပိုင်းကို ရာသီမရွေးအသုံးပြု နိုင်သော ကတ္တရာလမ်းပိုင်းအဖြစ် တိုးမြှင့်ဖောက်လုပ်ပေးပါရန် ဒေသခံပြည်သူများ က တောင်းဆိုလျက်ရှိနေပါကြောင်း၊ အဆိုပါလမ်းပိုင်းတွင် အဆင့်မြှင့်တင်ဆောင်ရွက်ပေးမယ်ဆိုပါက နမ့်လန်း- ဟိုတိ- ကောင်းလန်း- ကောင်းစံ- နမ့်တောင်း- မန်ကျောင်းပိုင် ရှင် နမ့်လန်း- ဟိုတိ- မန်ကျောင်းပန်ရှင်- လွယ်ငင်းစသည့် ကျေးရွာများအပြင် ဒေသအတွင်း ကျေးရွာ ပေါင်း ၂၅ ရွာခန့် အသုံးပြုနိုင်မည်ဖြစ်ရာ ဒေသတွင်းစိုက်ပျိုးထုတ်ကုန်များအား ဈေးကွက်သို့ အလျင်အမြန် ပို့ဆောင်နိုင်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်းကြောင့် ဒေသတွင်းစီးပွားရေးများ ဖွံ့ဖြိုးတိုးတက်လာခြင်းတို့ကို ခံစားရမည်ဖြစ်ပါကြောင်း၊အဆိုပါလမ်းပိုင်းသည် သီပေါ- ဆောင်ကျယ်- မိုင်းရယ်ကားလမ်းပိုင်းရှိ နမ့်လန်းကျေးရွာမှ လားရှိုး- မယ်ဟန်- မိုင်းရယ်ကားလမ်း ပိုင်းရှိ လွယ်ငင်းကျေးရွာကို ဆက်သွယ်ထားသည့်လမ်းဖြစ်ခြင်းကြောင့် လမ်းအဆင့်မြှင့်တင် ဖောက် လုပ်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူတို့၏ လူမှုဘဝတိုးတက်မြင့်မားလာခြင်းနှင့်အတူ ပညာရေး၊ ကျန်းမာရေးအတွက်လည်း ထိုဒေသတွင် သွားရောက် တာဝန်ထမ်းဆောင်ရသော နိုင်ငံ့ ဝန်ထမ်းများအတွက် လုပ်ငန်းခွင်သာယာပြီး ဒေသဖွံ့ဖြိုးရေးများကို များစွာ အထောက် အကူ ဖြစ်ပါကြောင်း၊ အဆိုပါဒေသသည် ယခင်နယ်မြေခြားကာလက အုပ်ချုပ်မှုနှင့် အလှမ်းကွာဝေးပြီး ဖွံ့ဖြိုးမှုနောက်ကျ ကျန်ခဲ့သောဒေသဖြစ်သည့်အတွက် ယခုအခါ ဒေသတွင်းအေးချမ်း လာပြီး ဖြစ်သည့် အပြင် ပြည်သူ့အစိုးရလက်ထက်တွင် ဖွံ့ဖြိုးမှုနောက်ကျကျန်နေခဲ့တဲ့ဒေသများကို ဦးစားပေးဆောင်ရွက်ပေးလိမ့်မည်ဟု ဒေသခံပြည်သူများကလည်း ယုံကြည်မျှော်လင့်နေကြ ပါကြောင်း၊ထို့ကြောင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုများစွာထောက်အကူပြုပေးမည့် မိုင်းရယ်မြို့ အတွင်းရှိ နမ့်လန်း- ဟိုတိ- မန်ကျောင်းပန်ရှင်- လွယ်ငင်းကျေးရွာချင်းဆက်လမ်းအပိုင်း ၁၄ မိုင်ခန့်ကို ရာသီမရွေး အသုံးပြုနိုင်သော ကတ္တရာလမ်း အဖြစ် တိုးမြှင့်ဖောက်လုပ်ပေးနိုင်ပါရန် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရသုံးခန့်မှန်းခြေငွေစာရင်း သို့မဟုတ် ရှမ်းပြည်နယ် အစိုးရ၏ ဘတ်ဂျက်တွင် ထည့်သွင်းလျာထားဆောင်ရွက်ပေးနိုင်ပါရန်နှင့် သက်ဆိုင်ရာအစိုးရ အဖွဲ့မှ ဒေသခံပြည်သူများရဲ့ တင်ပြတောင်းဆိုချက်အား မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်းရှိ နမ့်လန်း-ဟိုတိ-မန်းကျောင်းပန်ရှင်-လွယ်ငင်း ကျေးရွာချင်းဆက်လမ်းအပိုင်းသည် သီပေါ-ဆောင်ကြဲ-မိုင်းရယ် ကားလမ်းရှိ နမ့်လန်း ကျေးရွာမှ လားရှိုး-မယ်ဟန်-မိုင်းရယ်ကားလမ်းရှိ လွယ်ငင်းကျေးရွာသို့ ဆက်သွယ်ထားရာ လမ်းအဆင့်မြှင့်တင် ဖောက်လုပ်ပေးခြင်းဖြင့် နမ့်လန်း၊ ဟိုတိ၊ ကောင်းလန်း၊ ကောင်းစံ၊နမ့်တောင်း၊မန်ကျောင်းပန်ရှင်၊ နမ့်ဟူး၊ ကောင်းဆန်၊ ကုန်းဆာ၊ လွယ်ငင်းစသည့် ကျေးရွာများအပြင် ဒေသအတွင်း ကျေးရွာပေါင်း ၂၅ ရွာခန့် အသုံးပြုနိုင်မည်ဖြစ်ပါသဖြင့် ကျေးလက်နေပြည်သူတို့၏ လူမှုဘဝတိုးတက်မြင့်မားလာခြင်းနှင့်အတူ ထိုဒေသတွင် တာဝန်ထမ်းဆောင်နေသည့် နိုင်ငံဝန်ထမ်းများအတွက် အဆင်ပြေလွယ်ကူကာ လုပ်ငန်းခွင် သာယာပြီး ဒေသဖွံ့ဖြိုးရေးကို များစွာ အထောက် အကူပြုမည်ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍အဆိုပါလမ်း ၁၄ မိုင်အနက် ၈ မိုင်ကျောက်ခင်းလုပ်ငန်းအား ပြည်နယ်အစိုးရ၏ စိစစ်ထောက်ခံမှုဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေတွင် အဆိုပြု လျာထားပြီးဖြစ်ပါကြောင်းနှင့် ရန်ပုံငွေခွင့်ပြုချက်ရရှိပါက ဆက်လက်ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။
