(ဂ)-အာဇာနည်ကုန်းမြေနေရာတွင်ခန့်ညားထည် ဝါသော အာဇာနည် ဗိမာန်ကြီးတစ်ခု ၂၀၁၇ ခုနှစ်အာဇာနည်နေ့အမီတည်ဆောက်ပေးရန်အစီ အစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၁၂.၁၂.၂၀၁၆)

ဦးအောင်ခင်ဝင်း (မြိုင်)၁၉၆၈-၁၉၆၉ ခုနှစ်ခန့်က မိုးလုံလေလုံအဆောင်ကြီးထဲတွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အုတ်ဂူရှိပြီး အာဇာနည်နေ့မဟုတ်သော်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ အုတ်ဂူရှေ့တွင် လွမ်းသူ့ပန်းခွေ၊ ပန်းခြင်းများ တွေ့ရပါကြောင်း၊ နိုင်ငံခြားသားများ၊ ပြည်တွင်း ဧည့်သည်များ လာရောက် အလေးပြုခြင်းများ၊ လေ့လာခြင်းများ၊ ဓာတ်ပုံရိုက်ယူကြခြင်းများ တွေ့ရပါကြောင်း၊ ၁၉၈၃ ခုနှစ်မတိုင်မီ ကာလများတွင် နိုင်ငံခြားမှ အကြီးအကဲများ၊ ခေါင်းဆောင်များ၊ ဧည့်သည်များ မြန်မာနိုင်ငံကို အလည်အပတ် လာရောက်သည့်အခါ မြန်မာနိုင်ငံ၏ အထွတ်အမြတ် ရွှေတိဂုံစေတီတော်မြတ်ကြီးကို ဖူးမြော်ကြည်ညိုပြီး စေတီတော်မြတ်ကြီး၏ မြောက်ဘက်အဆင်းရှိ အာဇာနည်ဗိမာန်ကို သွားရောက်၍ လွမ်းသူ့ပန်းခွေ၊ ပန်းခြင်းများချ အလေးပြုကြပါကြောင်း၊ ထိုခေတ်အခါက သတင်းစာခေါင်းကြီးပိုင်းများတွင် မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိနေသော မည်သည့်နိုင်ငံက သမ္မတ၊ ဝန်ကြီးချုပ်၊ ဧည်‌့သည်သည် ရွှေတိဂုံ စေတီတော်မြတ်ကြီးကို ဖူးမြော်ကြည်ညို၊ အာဇာနည်ဗိမာန်တွင် လွမ်းသူ့ ပန်းခွေချ  အလေးပြုဆိုသော သတင်းခေါင်းစဉ်များကို မကြာခဏဖတ်ရပါကြောင်း၊ ၁၉၈၃ ခုနှစ် တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ် အလည်အပတ်လာရောက်စဉ် အာဇာနည်ဗိမာန်တွင် လွမ်းသူ့ ပန်းခွေချ အလေးပြုမည့်အစီအစဉ်တွင် ချန်ဒူးဝမ်ကို လုပ်ကြံရန် မြောက်ကိုရီးယားမှ ဇင်ဘိုကင်မင်ချူး တို့အဖွဲ့က အာဇာနည်ဗိမာန်ကြီးကို ဗုံးဖောက်ခွဲဖျက်ဆီးခဲ့ကြပါကြောင်း၊ အာဇာနည်ဗိမာန်ကြီးတစ်ခုလုံး ပျက်စီးဆုံးရှုံးသည့် အာဇာနည်ကုန်း ဘဝကို ရောက်ရှိသွားပါကြောင်း၊ ပြန်လည်တည်ဆောက်သည့်နေရာတွင် အခမ်းအနားတစ်ခု၏ နောက်ခံ ပုံစံနှင့် ခန့်ညားထည်ဝါမှုမရှိ၊ မိုးမလုံ လေမလုံ ဖြစ်ခဲ့ရပါကြောင်း၊ ယခင်အလေးပြုသူ၊ လေ့လာသူ၊ လာရောက်ကြည်‌့ရှုသူများ နေ့စဉ် မပြတ်ခဲ့သော အာဇာနည်ဗိမာန်ကြီးသည် ဗုံးဖောက်ခံရပြီးနောက်ပိုင်း ၃၃ နှစ်လုံးလုံး အာဇာနည်နေ့မှအပ ကျန်ရက်များမှာ လွမ်းသူ့ပန်းခွေချအလေးပြုခြင်း၊ လာရောက်လေ့လာခြင်းများ ရပ်တန့်သွားပါကြောင်း၊ နိုင်ငံခြားသားများလည်း အာဇာနည်ဗိမာန်ကြီး မရှိတော့သည့်အတွက် အာဇာနည်ကုန်းကို မလာရောက်ကြတော့ပါကြောင်း။

တပ်မတော်သားများ၊ စစ်မှုထမ်းဟောင်းများအနေဖြင့် တပ်မတော်၏ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဗိမာန်ကြီးဟူ၍ အလေးပြုခြင်း၊ သွားရောက်ဂါရဝပြု ကြည့်ရှုချင်လာရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ၁၉၈၃ ခုနှစ် အာဇာနည်ဗိမာန်ကြီး ဗုံးဖောက်ခွဲမခံရခင်က ကဲ့သို့ နေ့စဉ်နေ့တိုင်း နိုင်ငံခြားဧည့်သည်များအပါအဝင် ပြည်သူအပေါင်း လာရောက်အလေးပြုနိုင်ရေးအတွက် မိုးလုံလေလုံရှိပြီး ပုံတူရုပ်ထုများ၊ ဗိသုကာအနုပညာလက်ရာများဖြင့် ခန့်ညားထည်ဝါသော အာဇာနည်ဗိမာန်ကြီးကို တည်ဆောက်ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။



 

 

ဖြေကြားသူ
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုယခုလက်ရှိ အာဇာနည်ကုန်းမြေနေရာတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို ဂုဏ်ပြု ကျေးဇူးဆပ်သည့်အနေဖြင့် မိုးလုံနေလုံခန့်ညားထည်ဝါသည့် အာဇာနည်ဗိမာန်ကြီးတစ်ခု ၂၀၁၇ ခုနှစ် အာဇာနည်နေ့အမီ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိသိလိုခြင်းနှင့်စပ်လျဉ်းပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ဖြေကြားချက်ကို မူရင်းအတိုင်း ပြန်လည်ဖြေကြားအပ်ပါကြောင်း၊ အာဇာနည်ဗိမာန်ကို ၂၀၁၆ ခုနှစ် (၆၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား မကျင်းပမီ အောက်ပါလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါသည် -

(က)    အာဇာနည်ကိုးဦး၏ အထိမ်းအမှတ်အဖြစ် Grantie ကျောက်တုံး (၉) ခုကို ဗိမာန်ပေါ်တွင် နေရာချထားပြီး အမည်စာသားများရေးထိုးခြင်း၊

(ခ)     အာဇာနည်ဗိမာန် Back Drop တွင် မူလကြယ်၏ နေရာကို ဖောက်ထွင်းပြီး ကျဆုံးအာဇာနည်များ ကိုယ်စားပြု ကြွေလွင့်ကြယ်ကို မြေပြင်တွင်ချထားခြင်း၊

(ဂ)     အာဇာနည်ဗိမာန် Back Drop တွင် မူလအလံတိုင်အား အလယ်နေရာမှ မူလကြယ်နှင့် ဆန့်ကျင်ဘက်တစ်ဖက်သို့ ရွှေ့ပြောင်းတပ်ဆင်ပေးထားခြင်း၊

(ဃ)    မသန်စွမ်းသူများ အသုံးပြုနိုင်ဖို့အတွက်ကို ဗိမာန်အနောက်ဘက် လှေကားနေရာမှာ ယာယီအဝင်လမ်း ပြုလုပ်ပေးထားခြင်း၊

(င)     အာဇာနည်ဗိမာန် ဝင်/ထွက်လမ်းကြောင်းတစ်လျှောက် အာဇာနည်များ၏ အတ္ထုပ္ပတ္တိများ ဖော်ပြနိုင်ရန် Graphic Board နှင့် Graphic Prism များ နေရာချထားခြင်းနှင့် Graphic Board များတွင် အာဇာနည်များ၏အတ္ထုပ္ပတ္တိ Vinyl များကပ်ခြင်း တို့ဖြစ်ပါကြောင်း။

လက်ရှိအနေအထားအရ အာဇာနည်ဗိမာန်၏ အသွင်သဏ္ဍာန်မှာ ခန့်ညားထည်ဝါသော အသွင်သဏ္ဍာန်ဖြစ်နေပါ၍ မိုးလုံနေလုံဆောင်ရွက်ရန်အတွက် လုံခြုံရေးအခြေအနေအရလည်း မလိုအပ်သေးပါကြောင်း တွေ့ရှိရပါသဖြင့် နောင်လိုအပ်သည့်အခါ တင်ပြဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်း ဖြေကြားပါသည်။